မြန်မာနိုင်ငံတဝန်း နွေရာသီ အစပိုင်းဖြစ်တဲ့ မတ်လထဲမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေနဲ့ လေအေး တိုက်ခတ်မှုတွေကြောင့် စိုက်ခင်းတွေနဲ့ ဆားကွင်းတွေ ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို စိုက်ခင်းတွေ ပျက်စီးမှုကြောင့် သီးနှံအထွက်နှုန်းလည်း ကျဆင်းလိမ့်မယ်လို့ တောင်သူတွေက ခန့်မှန်းကြပါတယ်။ အပြည့်အစုံကို သီးနှံစိုက် တောင်သူတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ဒီလ နွေရာသီ အစပိုင်းမှာပဲ နှစ်စဉ် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ မိုးရက်ဆက် ရွာသွန်းမှုနဲ့ လေအေး တိုက်ခတ်မှုတွေ နိုင်ငံတဝန်းမှာ ဖြစ်ပွားခဲ့တာကြောင့် နိုင်ငံတဝန်းက စိုက်ခင်း ပျိုးခင်းတွေနဲ့ ဆားကွင်းတွေ ပျက်စီးခဲ့ရတယ်လို့ ပြောကြပါတယ်။
ဧရာဝတီတိုင်းဘက်မှာ နှစ်တိုင်း နွေဦးကာလမှာ မိုးသဲသဲမဲမဲ ရွာသွန်းမှုတွေ ရှိပေမဲ့ အခုလို နေ့စဉ်ရက်ဆက် ရွာသွန်းမှုမျိုး မဟုတ်ပါဘူး။ အခု မိုးရွာသွန်းမှုက နေ့စဉ်ရက်ဆက် ကာလရှည် ရွာသွန်းတာကြောင့် ရိတ်သိမ်းခါနီး ရင့်မှည့်နေတဲ့ ပဲခင်းတွေကို ရေစိမ်သလို ဖြစ်သွားတဲ့အတွက် ပဲတွေ ပျက်စီးရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက နေလှန်းဆားကွင်းတွေလည်း ဆားထုတ်ချိန်မှာ မိုးရွာတာကြောင့် ပျက်စီးမှုတွေ ရှိခဲ့တဲ့အတွက် ဆားထုတ်လုပ်မှုမှာလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြောကြပါတယ်။
“ဒီအချိန် ဆားကျုံးရမယ့် အချိန်မှာ ဆားမကျုံးနိုင်ဘူးပေါ့။ မြေပဲစိုက်တဲ့လူတွေဆို အကုန်လုံး ပျက်တာပေါ့။ ရာသီဥတု ဖျက်တာကတော့ ကဏ္ဍပေါင်းစုံ အကုန်လုံး ဖျက်ဆီးနေတာပဲပေါ့။ အခုတလော ဖျက်လိုက်တဲ့ မိုးက။ သိသိသာသာ အပြောင်းအလဲကတော့ မိုးမရွာသင့်တဲ့ အချိန်မှာ ရွာတယ်။ ဒါပေမဲ့ ခါတိုင်းလည်း မရွာဘူးလားဆိုတော့ ရွာတော့ ရွာတယ်။ အခုလိုမျိုး မိုးစွေပြီးတော့ မရွာဘူး။ အင်နဲ့အားနဲ့ ရွာရင်လည်းရွာတယ်။ ရွာပြီးရင်လည်း ပြန်ပျောက်ပြီး နေ ချက်ချင်း ထွက်လာတယ်။ ပြီးတော့ ရွာပြီးတော့လည်း အေးတာ မရှိဘူး။
“အခုဟာက မိုးက ၂ ရက်လောက်ကို စွေပြီးတော့ နေ့ရောညရော ဆက်တိုက်ရွာပြီး လေကလည်း ခါတိုင်းလေနဲ့ မတူဘဲနဲ့ ရေခဲအေးတဲ့ လေမျိုး အေးတာပေါ့။ အခုထိ အဲဒီ အအေးဓာတ်တွေ နည်းနည်းလေး ရှိသေးတယ်။ ဒါပေမဲ့ နဂိုလောက်တော့ မဆိုးပါဘူး။ အဲဒီအေးတဲ့ဟာက ဘယ်သူမှ မခံနိုင်ဘူး၊ တော်တော်အေးတယ်။”
ပဲခူးတိုင်းတွင်းက ဒေသတွေမှာလည်း လေပြင်းနဲ့အတူ မိုးသဲသဲမဲမဲ ရက်ဆက် ရွာသွန်းတဲ့အတွက် ပဲခင်းတွေ ပျက်စီးကြရပါတယ်။ ခြွေလှေ့ဖို့ စုပုံထားတဲ့ စပါးတွေလည်း ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ပဲခူးတိုင်းအတွင်းက တောင်သူတဦးက ပြောပါတယ်။
“မိုးတွေ တအားများနေတယ်လေ။ ပဲလည်းသိမ်းလို့မရ၊ စပါးလည်း သိမ်းလို့မရ၊ အကုန်လုံး ရေတွေမျောကုန်ပြီ။ ဘယ်နှစ်ဧက ပျက်တယ်ဆိုတာ အများအပြားတော့ ကိုယ်လည်း မသိဘူး။ လက်ရှိကတော့ ပဲခူးတိုင်းအရှေ့ ကဝမြို့နယ်မှာ တော်တော်များများ ပျက်စီးတယ်။ ကျမကတော့ ၁၀ ဧကလောက် ပျက်စီးသွားတာပေါ့။ ကျန်တဲ့လယ်သမားတွေလည်း တော်တော်များများ ပျက်စီးတယ်။”
မကွေးတိုင်းအတွင်းက ဒေသတွေမှာလည်း မိုးရွာသွန်းမှုတွေ ရှိခဲ့ပေမဲ့ တခြားဒေသတွေထက် စာရင်တော့ စိုက်ခင်း ပျိုးခင်းတွေ ပျက်စီးမှု နည်းခဲ့တယ်လို့ မကွေးတိုင်း အတွင်းက တောင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ပဲခင်းတွေ မရိတ်သိမ်းခင် မိုးရေထိခဲ့တာကြောင့် ပျက်စီးမှု အနည်းငယ်တော့ ရှိခဲ့တယ်လို့ မကွေးတိုင်းအတွင်းက တောင်သူတဦးက ပြောပါတယ်။
“ပဲကတော့ မိုးနည်းနည်းထိသွားတာပေါ့။ ဒါပေမဲ့ သိပ်အပျက်အစီးတော့ မရှိပါဘူး။ ရာသီဥတုကတော့ တနှစ်မှ ဒီလိုမိုးမျိုး မကြုံဖူးဘူး။ မိုးက ၇ ရက်လောက် ရွာသွားပြီ။ ဒီနေ့မနက်အထိ ရွာတယ်။”
တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း မိုးရက်ဆက် ရွာသွန်းမှုနဲ့ လေပြင်းတိုက်မှုတွေကြောင့် နေအိမ်တွေ ပျက်စီးတာအပြင် စိုက်ခင်း ပျိုးခင်းတွေလည်း ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ဒီကြားထဲ ပဲရိတ်သိမ်း ရာသီမှာ အချိန်အခါမဟုတ် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ပဲခင်းတွေ ပျက်စီးတာအပြင် ရိတ်သိမ်းပြီးသား ပဲတချို့လည်း မိုးမိ ပျက်စီးရတဲ့အတွက် ဒီနှစ် ပဲအထွက် လျော့ကျနိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းကြပါတယ်။
မြန်မာနိုင်ငံတွင်းက တောင်သူတွေမှာ သီးနှံ ရိတ်သိမ်းချိန်အတွင်း ရာသီဥတုဒဏ်ကြောင့် သီးနှံ ပျက်စီးမှုတွေ နှစ်စဉ်လိုလို ကြုံနေရပေမဲ့ ခေတ်မီ သီးနှံ ခြွေလှေ့ အခြောက်ခံတဲ့ နည်းစနစ်တွေ အားနည်းတဲ့အတွက် ပျက်စီး လေလွင့်မှုတွေနဲ့ ကြုံနေကြရတာလည်း ဖြစ်ပါတယ်။