သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားငွေ အရောင်းအ၀ယ် ကျ၊ ဒေါ်လာနဲ့ FEC ဈေးကျ


နိုင်ငံခြားငွေ အရောင်းအ၀ယ် ကျ၊ ဒေါ်လာနဲ့ FEC ဈေးကျ

မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာနဲ့ စစ်အစိုးရ ထုတ်ဝေထားတဲ့ FEC ဈေးတွေဟာ ဒီရက်ပိုင်းတွေအတွင်း အတော်လေး ကျဆင်းနေပါတယ်။ ဒါဟာ နိုင်ငံခြားပို့ကုန် တင်သွင်းမှု ကျဆင်းသွားတာနဲ့အတူ ဈေးကွက်ထဲကို ဒေါ်လာတွေ ထုတ်ရောင်းတာများလို့ အခုလို ဈေးကျတာလို့ သုံးသပ်ကြတဲ့အပြင် နိုင်ငံခြား ငွေကြေးဆိုင်ရာ ပုံသေဈေး သတ်မှတ်ချက်တွေ ထွက်လာမယ်ဆိုတဲ့ ပြောဆိုသံတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း နိုင်ငံခြားငွေ ရောင်းဝယ်သူ ကုန်သည်တွေက သုံးသပ်ပါတယ်။ ဒေါ်လာနဲ့ FEC ဈေးတွေ ဘယ်လောက်ထိ ကျသွားသလဲဆိုတာ စုံစမ်းမေးမြန်းပြီး မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကနေ ဒီကနေ့ ၉ ရက်နေ့ထိ ၃ ရက်တွင်း ဒေါ်လာဈေး၊ FEC ဈေးနဲ့အတူ Earning ဈေးတွေ အတော်လေး ကျသွားပါတယ်။ တဒေါ်လာကို ကျပ် ၁,၀၀၀ နီးပါး ဈေးပေါက်ရာကနေ ဒီနေ့မှာတော့ ၉၀၀ ကျော်ကျော်လေးထိ ကျသွားပါတယ်။ အရင်က ဒေါ်လာနဲ့ FEC ဈေးတွေက တရိပ်ရိပ်လောက်သာ အတက်အကျ ရှိတတ်စမြဲ ဖြစ်ပေမဲ့ အခုကတော့ သိသိသာသာ ၃ ရက်တာအတွင်း ဈေးတွေ တအားထိုးကျလာခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားငွေ ရောင်းဝယ်သူတဦးက ပြောပါတယ်။

“ဂယက်ကတော့ နည်းနည်းရိုက်သွားတယ်။ ဘယ်လောက်ကျသွားလဲဆိုတော့ ကျန်ခဲ့တဲ့ အပတ်ထဲက ၉၈၀ ၀န်းကျင်လောက် ရှိရာက မနေ့က ၉၁၅ လောက်အထိ ကျသွားတယ်၊ ဒေါ်လာဈေးက။ တော်တော်ကြီးကို ကွာဟသွားတယ်။ ဒီနေ့တော့ အ၀ယ်နည်းနည်း ပြန်လိုက်ပြီး ပြန်တက်လာတယ်။ ၉၃၀၊ ၉၄၀ လောက်အထိ တက်လာတယ်။”

တခါ FEC ဆိုရင်လည်း ၈၉၀ ကျော်ကနေ ဒီကနေ့ ဈေးပိတ်ချိန်မှာ ၇၄၀ ထိ ကျနေသလို Earning ဈေးဆိုရင်လည်း ၁,၀၀၀ ၀န်းကျင်ကနေ ၈၉၀ လောက်ပဲ ရှိတော့တယ်လို့လည်း ပြောပြပါတယ်။ အခုလို ဒေါ်လာဈေးတွေ၊ FEC နဲ့ Earning ဈေးတွေ ကျတာက နိုင်ငံခြားပို့ကုန် တင်သွင်းမှု ကျသွားတာ၊ ဒေါ်လာသိမ်းထားသူတွေက ဒေါ်လာငွေတွေကို အများအပြား ထုတ်ရောင်းနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“ကျနော်ထင်တာတော့ အဓိက Import တွေ တော်တော်နည်းသွားတယ်။ Import တွေ နည်းသွားတာရယ်၊ အခု လတ်တလော ကြားနေတာက တချို့လူတွေက လက်ထဲမှာ မထားတော့ဘဲ ထုတ်ရောင်းတာမျိုးလည်း ဖြစ်နိုင်တယ်။ ပြီးတော့ ဒေါ်လာကို ဒီမှာဝယ်တဲ့ လူတွေက များသောအားဖြင့် စုကြတာလေ။ ဒေါ်လာဈေး တက်မယ်၊ ဘာညာ အဲဒီလို အတွေးမျိုးနဲ့ စုကြပြီးတော့ အခုက ထင်သလို မတက်လာဘဲ အကျဘက်ပဲ သန်းနေတော့ အကုန်လုံးက ထုတ်ရောင်းကြတယ်။ ထုတ်ရောင်းတော့ ဈေးတွေက ထိုးကျသွားတယ်။”

အလားတူ နိုင်ငံမှာ FEC ကို အသုံးပြုမှု နည်းလာလို့ အခုလို FEC ဈေးကွက် ပျက်တာလို့လည်း ဆိုသလို Earning ဈေး ကျတဲ့အတွက် ပြည်ပပို့ကုန် တင်ပို့သူတွေ အတော်လေး ထိခိုက်နစ်နာမှု ရှိပါတယ်။ တခါ ပြီးခဲ့တဲ့ လအနည်းငယ်ကစလို့ ကျောက်မျက်ရတနာ ရောင်းဝယ်မှုတွေကနေ ရနေတဲ့ ၀င်ငွေတွေကလည်း Earning တွေအဖြစ်နဲ့ ပြန်ဝင်နေတယ်လို့လည်း ပြောပါတယ်။

ပုံမှန်ဆို Earning ဈေး ကျတဲ့အတွက် ပြည်ပက တင်သွင်းလာတဲ့ ပစ္စည်းတွေ ဈေးသက်သာပြီး ပစ္စည်းဈေးတွေ ကျရမှာ ဖြစ်ပေမဲ့ မြန်မာပြည်မှာတော့ ဒီလိုအခြေအနေတွေ မရှိဘဲ ဈေးတွေကို ထိန်းရောင်းထားတတ်စမြဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ပစ္စည်း အရှုံးအမြတ်တွေ ကွာခြားမှု ဖြစ်သွားမှာပေါ့။ အခက်အခဲကတော့ အဲဒီဟာမှာပါပဲ။ ပြည်တွင်းမှာတော့ မကျဘူးဗျ။ ပြည်တွင်းမှာ လုပ်နေတဲ့လူတွေ တော်တော်များများကတော့ အရင် တက်တုန်းက ဈေးနဲ့ပဲ တွက်ပြီး ရောင်းကြတာ များတယ်။ Trade Fair တွေ လုပ်တဲ့အချိန်မှသာ Discount ဆိုပြီး လျှော့ရောင်းကြတာ။ ပြည်တွင်းပစ္စည်း ဈေးနှုန်းက ဒေါ်လာဈေး အတက်အကျအပေါ် တိုက်ရိုက်တော့ ဘယ်သူမှ မခံစားရဘူး။ နည်းနည်းကြာသွားမှ ပစ္စည်းတွေ ပိုက်မိနေမှသာ နည်းနည်း နည်းနည်း ချရောင်းကြတာ။ နောက် ပစ္စည်း ပြတ်တဲ့အခါကြတော့ ဈေးများမှာစိုးလို့ လူတွေက အများကြီးတော့ ချမရောင်းကြဘူးဗျ။”

ရန်ကုန် နိုင်ငံခြားငွေ ရောင်းဝယ်သူတဦး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ဒေါ်လာနဲ့ FEC ဈေးတွေ ကျသလို ဒီကနေ့ ညနေပိုင်း ရွှေဈေးလည်း ကျပါတယ်။ ပုံမှန် ရွှေတကျပ်သားကို ၆၅၀,၀၀၀ ကျော်ကနေ ဒီကနေ့ ၆၃၀,၀၀၀ နီးပါးထိ ကျခဲ့ပါတယ်။ ဒါဟာလည်း ဒေါ်လာဈေးကျတဲ့ ဂယက်ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြသလို မြန်မာပြည်မှာ အခု ရွှေဈေးက ပုံမှန်မဟုတ်တဲ့ဈေးနဲ့ ပေါက်ဈေးဖြစ်နေပြီး အခုလို ဈေးကျရာကနေ ပြန်တက်ပြီ ဆိုရင်တော့ အရင်ရှိတဲ့ ဈေးထက် ပိုပြီး ဈေးတက်တတ်တယ်လို့လည်း ပြောဆို သုံးသပ်ကြပါတယ်။

XS
SM
MD
LG