သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီဆိုင်ကို ပအိုဝ်းနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိန်းချုပ်


ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ
ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ

တိုင်းရင်းသားလက်နက် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်တမြို့လုံးနီးပါးကို PNLO/PNLA (ပအိုဝ်းအမျိုးသားလွတ်မြောက်အဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားတပ်မတော်) တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ PNFC - ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီဥက္က ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

"PNLO, PNLA နဲ့ ကျနော်တို့ PNFC တပ်ဖွဲ့တွေအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေကတော့ ဒီနေ့ ဆီဆိုင်တမြို့လုံးနီးပါးကိုတော့ ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် ဆိုက်ခေါင်ဘက်ကနေမှ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီဘက်ကနေ ပစ်ခတ်တယ်။ ပြီးရင်တော့ မြေထိုးစက်တွေ ပါဝင်တယ်။ နေရာတော်တော်များများကို လေယာဉ်နဲ့ ဗုံးကျဲတာတွေအပါအဝင် လုပ်ဆောင်နေတယ်။ ဒါကြောင့် ဒီနေ့အခါမှာ ကျနော်တို့က စစ်မဖြစ်ချင်ဘူး။ စစ်ပွဲကို ကျနော်တို့က ဖန်တီးနေတာ မဟုတ်ဘူး။ စစ်ကောင်စီအပေါ် ကျနော်တို့ ပြန်လည်တုံ့ပြန်နေရတာ ဖြစ်ပါတယ်။"

ဦးခွန်မြင့်ထွန်းဟာ PNLO ဥက္ကဋ္ဌအဖြစ်နဲ့ ၂၀၁၅ ခုနှစ်က NCA လက်မှတ်ထိုးခဲ့သူတဦး ဖြစ်သလို၊ လက်ရှိမှာလည်း PNFC - ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

ဆီဆိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း ၄၂၃ နဲ့ ၄၂၄ စစ်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာ တမြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်လိုက်တာဖြစ်တယ်လို့ PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း VOA ကိုပြောပြပါတယ်။

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ PNLO ပအိုဝ်းအဖွဲ့ဟာ၂၀၂၁ မှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်မှာလည်း NCA လမ်းကြောင်းအတိုင်း ဆက်ရပ်တည်ခဲ့ပြီး ဆီဆိုင်တိုက်ပွဲမဖြစ်ခင်အထိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အာမခံချက်ရှိတဲ့ နိုင်ငံရေးရလာဒ်တွေ မရခဲ့တာကြောင့်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်တွေနဲ့အတူ ဆင်နွဲသွားမယ် PNLO အဖွဲ့ချုပ်က မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက ဒီဒေသကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သူတို့ ကြေညာချက်မှာ ဖော်ပြသလို ဒေသခံ ပြည်သူတွေကလည်း ပြောပြကြပါတယ်။ လက်ရှိ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ ဆီဆိုင်မြို့ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးခရိုင်အောက်မှာ တည်ရှိတာကြောင့် တနည်းအားဖြင့် တိုက်ပွဲတွေဟာ တောင်ကြီးမြို့ကို တဖြည်းဖြည်း နီးကပ်လာနေတာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်းက တိုက်ပွဲတွေအကြောင်း အနီးကပ် သိရှိထားသူတဦးကတော့ စစ်ကောင်စီဟာ တောင်ကြီးမြို့ကို ခုခံကာကွယ်ဖို့အတွက် စစ်ကူနဲ့ လက်နက်ရိက္ခာတွေ ပို့ဆောင်အင်အားဖြည့်တင်းနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ဆီဆိုင်မြို့ကို လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ အားလုံးပြန်ဆုတ်ခွာကြပြီလို့ စစ်ကောင်စီကတော့ ငြင်းဆန်တုံ့ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ကျရှုံးမှု အများအပြားနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် အပစ်ရပ်ရေး သဘောတူညီချက် ရယူနိုင်ခဲ့ပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တခြားအဖွဲ့တွေနဲ့ တိုက်ပွဲအသစ်တွေ ထပ်မံဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG