သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ထဲမျောပါသူ မြန်မာရေလုပ်သားတွေ ကယ်ဆယ်


ပင်လယ်ထဲမျောပါသူ မြန်မာရေလုပ်သားတွေ ကယ်ဆယ်
ပင်လယ်ထဲမျောပါသူ မြန်မာရေလုပ်သားတွေ ကယ်ဆယ်

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ပြီးခဲ့တဲ့အပတ်က တိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်းဒဏ်ကြောင့် မြန်မာရေလုပ်သား အများအပြား ပင်လယ်ထဲ မျောပါသွားခဲ့ပါတယ်။ ဒီအထဲက ပင်လယ်ပြင်ထဲက ပြန်လည်ကယ်ဆယ်နိုင်ခဲ့တဲ့ ရေလုပ်သား အများအပြားဟာလည်း ဒီကနေ့ထိ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ထဲကို ပြန်လည်ရောက်ရှိလာဆဲ ဖြစ်ပါတယ်။ ကျန်သူတွေကိုလည်း ရှာဖွေနေကြဆဲပဲလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ဧရာဝတီတိုင်း အတွင်းက ရေလုပ်သား အများအပြားဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ ညသန်းခေါင်မှာဖြစ်ခဲ့တဲ့ လေပြင်းမုန်တိုင်းကြောင့် ရေထဲမျောပါသွားရာက အဲဒီအထဲ ရာနဲ့ချီသူတွေကို ပင်လယ်ပြင်ထဲက ပြန်ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာ မြို့နယ်တွေက ပုစွန်ဖမ်းလုပ်သား အများအပြား အပါအဝင် ရေလုပ်သားတွေဟာ ပင်လယ်ထဲ မျောပါသွားခဲ့ပြီး အခုလောလောဆယ်မှာ အဲဒီအထဲက ၄၀၀ နီးပါးကို ကော့သောင်းမြို့နယ်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါသွားပုံကို ဖျာပုံမြို့နယ်က လှေလုပ်သားတဦးက အခုလို ပြောပါတယ်။

“ဗမာလို ၁၁ ရက်နေ့ နေ့ခင်းဘက်က လေတိုက်တယ်။ ည ၁ ချက်၊ ၂ ချက်ထိုးတယ်ဆို ပင်လယ်ပြင် တပြင်လုံး မျောကျတယ်။ မှောက်တဲ့ဖောင်တွေလည်း မှောက်တယ်။ ရင်ကွဲထွက်သွားတဲ့ ဖောင်တွေလည်း ရှိတယ်။ ဒီ ဝါးလတ်လှေပေါ်ရောက်တော့ ၂ ညအိပ်၊ ၃ ရက်၊ ညနေ ၄ နာရီလောက်မှ ကယ်ဆယ်ရေး သင်္ဘောတွေပေါ်ကို ပြန်ရောက်လာတာ။”

ရုတ်တရက် တိုက်ခတ်တဲ့လေပြင်း ဖြစ်တာကြောင့် အသေအပျောက် ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ဖောင်တွေ လေတိုက်တော့ သင်္ဘောတွေကလည်း မကယ်နိုင်တော့ဘူးလေ။ သူတို့ကလည်း လက်လွတ်ခွက်လွတ်ကို ပြေးရတဲ့ ဘဝမျိုး။ တော်တော်လေး ဆော်သွားတဲ့ဟာကြီးကို။ ပင်လယ်ပြင် တပြင်လုံးကို ဆော်သွားတော့ သူတို့လည်း ငုတ်တုတ်ထိုင်ကြည့်ရတဲ့ ဘဝမျိုး ဖြစ်သွားတာ။ သင်္ဘောတွေတောင်မှ မှောက်တဲ့သင်္ဘောကလည်း မှောက်သွားတဲ့ အဆင့်တွေ ဖြစ်သွားတာ။

“အသေအပျောက်ကတော့ အနည်းနဲ့အများတော့ ရှိမှာပေါ့လေ။ ဒီလောက် လူဦးရေက များနေတာကိုး။ အခု သတင်းကြားတာကတော့ သုံးပုံတပုံ သာသာလောက်ပဲ သတင်းကြားသေးတယ်။ ဖောင်တဖောင်ကို ၃ ယောက်လည်းပါတယ်၊ ၄ ယောက်လည်းပါတယ်။”

အခုချိန်ထိ ဘယ်လောက် ပျောက်ဆုံးနေတယ်ဆိုတာ ခန့်မှန်းရ ခက်နေဆဲဖြစ်ပြီး မြို့နယ်တခုစီမှာ ပုစွန်ဖမ်းဖောင်ပေါင်း သောင်းချီရှိတယ်လို့ သိရပါတယ်။

ဒီမနက်ထိလည်း ဒုက္ခရောက် ရေလုပ်သားတွေ ကော့သောင်းကို ရောက်လာနေဆဲလို့ ဒေသခံ တယောက်က အခုလို ပြောပါတယ်။

“၃၀၀ ကျော်လောက်ရှိတယ်။ ရပ်ကွက်အလိုက် ထမင်းထုပ်တွေ ပို့နေရတယ်။ အခု နောက်ထပ် မိုးလင်းက ၃၀ ကျော်လောက် ရောက်လာပြန်ပြီ၊ အဲဒါ လက်ရှိပေါ့။ သူတို့ဖြစ်ခဲ့တဲ့ဟာတွေကို မေးတော့ သူတို့တွေ ပြောပြတယ်ပေါ့နော်။ သူတို့ အခက်အခဲ ဒုက္ခဖြစ်နေတော့။ ဆေးရုံရောက်လာတယ် ဆိုတော့ သူတို့မှာ စောင်လည်းမရှိ၊ ခေါင်းအုံးလည်းမရှိ၊ အဝတ်အစားလည်းမရှိ ဆိုတော့ နီးရာလူက ပေးကြတယ်ပေါ့နော်၊ ဝိုင်းဝန်းပြီး။”

ကော့သောင်းမှာ အခုလို ဖောင်နဲ့မျောလာသူ ရာချီတဲ့ ဒုက္ခသည်တွေကို ကူညီရတာမျိုး အရင်က မကြုံခဲ့ဖူးပါဘူး။ ပင်လယ်ထဲ မျောလာသူ အများစုကို ထိုင်း၊ မြန်မာ ဖက်စပ် ဂျွန်နသန် ငါးဖမ်းကုမ္ပဏီရဲ့ စက်လှေတွေက ကယ်တင်လာတာ ဖြစ်ပါတယ်။ ဖြစ်စက ငါးဖမ်းလှေလေးတွေ စတင်တွေ့တာဖြစ်ပြီး ပင်လယ်ထဲ အစုလိုက် အပြုံလိုက် မျောပါနေတဲ့ သတင်းကြောင့် ငါးဖမ်းလှေကြီးတွေက လိုက်ရှာစဉ် အများအပြားကို ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကော့သောင်းရောက် လှေလုပ်သားတွေကို သွားတွေ့ခဲ့သူ ကိုမိုးဝေက သူတို့အခြေအနေကို အခုလို ရှင်းပြပါတယ်။

“ဟုတ်ကဲ့၊ သူတို့ကြည့်ရတာ အစာရေစာ နည်းနည်း ပြတ်လတ်နေတယ်။ သိပ် အကြောက်ကြီးရယ်လို့တော့ မဟုတ်ဘူး။ တချို့ကလည်း မျက်လုံးတွေ ကြည့်ရသလောက် နည်းနည်းကြောက်နေသလိုပဲ။ ဘယ်နေရာ ရောက်လာတယ်ဆိုတာ သူတို့ကိုယ်သူတို့ ဝေခွဲလို့ မရတဲ့ဟာလိုမျိုး၊ အဲလိုမျိုးတွေလည်း ရှိတယ်။ တချို့ဆို မေးရင်လည်း စကားမပြောဘူး။ အဲလိုမျိုးတွေလည်း ရှိတယ်။ အခုလောလောဆယ်တော့ ရပ်ကွက်တခုကို ထမင်းထုပ် ၃၀၀၊ ၄၀၀ လိုက်မှာပြီးတော့ ရပ်ကွက်ကလူတွေက လှူပေးတာပဲရှိတယ်။ လောလောဆယ် အစိုးရကလည်း မကျွေးနိုင်ဘူး၊ ဗမာပြည်မှာက သိတဲ့အတိုင်းပဲ။”

မတ်လ ၁၄ ရက်ထုတ် စစ်အစိုးရ သတင်းစာတွေမှာတော့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီကနေ့ Weekly online ရဲ့ သတင်းမှာတော့ မတ်လ ၁၈ ရက်နေ့က ရေတပ်သင်္ဘောတွေ ကယ်တင်ခဲ့တဲ့ ရေလုပ်သား ၆၀၀ ကျော် မနေ့ညနေက ရန်ကုန်ကို ပြန်ရောက်လာပြီး ကျန်နေသေးတဲ့ ရေလုပ်သားတွေကိုလည်း ရှာဖွေနေဆဲ ဖြစ်တယ်လို့ ပါရှိပါတယ်။

XS
SM
MD
LG