သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေပြင်းဒဏ်ကြောင့် မြန်မာရေလုပ်သား အနည်းဆုံး ၁,၀၀၀ ပျောက်ဆုံးနေဆဲ


လေပြင်းဒဏ်ကြောင့် မြန်မာရေလုပ်သား အနည်းဆုံး ၁,၀၀၀ ပျောက်ဆုံးနေဆဲ
လေပြင်းဒဏ်ကြောင့် မြန်မာရေလုပ်သား အနည်းဆုံး ၁,၀၀၀ ပျောက်ဆုံးနေဆဲ

မတ်လ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဖျာပုံမြစ်ဝနဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပင်လယ်ထဲ မျောပါသွားတဲ့ ရေလုပ်သား ၁၀,၀၀၀ ကျော်ထဲက ၁,၀၀၀ ကျော် ပျောက်ဆုံးနေဆဲလို့ မြန်မာနိုင်ငံ ငါးလုပ်သား အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ကျန်နေသေးတဲ့ ရေလုပ်သားတွေရဲ့ အခြေအနေနဲ့ ဒီ ရေလုပ်သားတွေ ပင်လယ်ထဲ ဘယ်လို မျောပါသွားလဲဆိုတာ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဖျာပုံမြစ်ဝမှာ အခြေချပြီး ငါး၊ ပုစွန်ဖမ်းတဲ့ ရေလုပ်သားတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ ဖျာပုံမြစ်ဝနဲ့ ကပ္ပလီပင်လယ် မြောက်ပိုင်းမှာ တနာရီ မိုင် ၇၀ နီးပါးရှိတဲ့ လေပြင်းကြောင့် ပင်လယ်ပြင်ထဲကို မျောပါသွားခဲ့ကြတာ ဖြစ်ပါတယ်။ အများစုက ကျားပေါက်လို့ခေါ်တဲ့ ရေထဲမှာ ဝါးဖောင်ဖွဲ့ နေကြသူတွေဖြစ်ပြီး သူတို့ဟာ လေပြင်းကြောင့် ချည်ထားတဲ့ကြိုးတွေ ပြုတ်ပြီး ပင်လယ်ထဲ မျောသွားကြတာ ဖြစ်ပါတယ်။

လေပြင်းစတိုက်ခဲ့တဲ့ မတ်လ ၁၄ ရက်နေ့နဲ့ဆိုရင် အခုထက်ထိ ပြန်မတွေ့သေးတဲ့ ရေလုပ်သားတွေဟာ ပင်လယ်ထဲမှာ မျောနေတာ တပတ်ကျော်ကြာပြီ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့သူတွေ အသက်ရှင်လျက် ရှိမရှိ ဆိုတာကိုတော့ ခန့်မှန်းရ ခက်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

“အသက်သေပြီး တွေ့တာတော့ မရှိသေးဘူးခင်ဗျ။ အခုချိန်ထိ စာရင်းကောက်လို့ မရသေးဘူး၊ စာရင်းလာမပို့သေးဘူး ဆိုတဲ့ဟာမျိုးပဲ ရှိတယ်။ အခုဖြစ်တဲ့ ဖြစ်စဉ်ကတော့ ကျနော်တို့က မလာတော့လို့ သတင်းပို့ရင် တခြားနိုင်ငံဘက်တွေကို မျောသွားနိုင်လား၊ ဒါမှမဟုတ် ပင်လယ်ထဲမှာပဲ ပျောက်ဆုံးပြီးတော့ ပြန်မလာတော့ဘူးလား ဆိုတာ အဲဒီလိုပဲ စာရင်းချရတော့မယ်။ သူတို့ကို body တွေအနေနဲ့ တွေ့ဖို့ကတော့ တော်တော်ခက်သွားပြီ။ ဒီလူတွေဟာ အဝေးတနေရာကို ရောက်သွားသလား၊ ဒါမှမဟုတ် ပင်လယ်ထဲမှာပဲ အသက်ဆုံးရှုံးပြီလား၊ ဒီလိုယူဆရမယ့်သဘော။”

သူတို့ရဲ့ ခန့်မှန်းချက်အရ စက်လှေနဲ့ ရေလုပ်ငန်း လုပ်ကြသူတွေ၊ ကျားပေါက်လို့ခေါ်တဲ့ ဝါးဖောင်ဖွဲ့ပြီး ငါး၊ ပုစွန်ဖမ်းတဲ့ ရေလုပ်သားတွေနဲ့ဆိုရင် အားလုံး ၁၀,၀၀၀ ကျော်လောက် ပင်လယ်ထဲ မျောသွားတာ ဖြစ်ပြီးတော့ မတ်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့ အထိတော့ ရေလုပ်သား ၉,၀၀၀ ကျော်ကို ပင်လယ်ပြင်ထဲက ရှာဖွေ ကယ်ဆယ်နိုင်ထားတယ်လို့လည်း ပြောပါတယ်။

“စက်ပါတဲ့ လှေပေါ်မှာ ပါတဲ့လူက ၃,၀၀၀ ကျော်တယ်။ ဖောင်ပေါ်မှာပါတဲ့လူက ၇,၀၀၀ ဆိုတော့ စုစုပေါင်း ၁၀,၀၀၀ လောက်ရှိတယ်။ အဲဒီ ၁၀၀၀၀ လောက်မှာ ကျနော်တို့က ၉,၀၀၀ ကျော်လောက်တော့ ပြန်ပြီး ကယ်ပြီးသွားပြီ။ ၉,၂၀၀ ကျော် ၉,၃၀၀ လောက်ပေါ့။ အဲဒီလောက်တော့ ကယ်ပြီးသွားပြီ။ ပင်လယ်ပြင်ထဲမှာ အဲဒီနေ့က အလုပ်လုပ်နေတယ်လို့ ကျနော်တို့ ပြုစုတဲ့ စာရင်းတွေအရ ရထားတယ်။ အများစုကတော့ ဖျာပုံခရိုင်ထဲမှာပေါ့၊ စခန်းဖွင့်ပြီး လက်ခံတဲ့ နေရာကို အများစု ရောက်လာတာပေါ့။”

အခု မြန်မာနိုင်ငံမှာ နွေရာသီဖြစ်ပြီး ရာသီဥတု ကောင်းတာကြောင့် ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကြသူတွေဟာ ပင်လယ်ပြင်ထဲမှာ အားလုံးရှိနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မိုးလေဝသဌာနက တနာရီကို ၃၅ မိုင်နှုန်းနဲ့ လေပြင်းတိုက်မယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ တနာရီကို မိုင် ၆၀ ကနေ ၇၀ ကြားလောက်အထိ လေပြင်းတွေ ကျခဲ့တာလည်း ဖြစ်ပါတယ်။

“သူတို့ဆီမှာ ရေဒီယိုလေးတွေ ပါတယ်ပြောတယ်။ မြန်မာနိုင်ငံကလွှင့်တဲ့ FM လိုင်းနဲ့ မိုးလေဝသ သတင်းကိုတော့ သူတို့ နားထောင်ပါတယ်။ မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်ကလည်း လေပြင်းတိုက်မယ်လို့ ကြေညာတဲ့ဟာကလည်း ၃၅ မိုင်လောက်ပဲ ကြေညာတယ်လို့ သိရပြီးတော့ တကယ့်တကယ် တိုက်တာတော့ အဲဒီထက် ပိုသွားပုံရတယ်။

“လေဝင်လာတဲ့ ဟာကလည်း သူတို့က အရှေ့ဘက်က လာမယ်လို့ ကြေညာချက်ကို မှန်းပြီးတော့ ထင်တဲ့ဟာ တကယ့်တကယ် တိုက်တဲ့အခါကြတော့ မြောက်တို့၊ အရှေ့မြောက်တို့က တိုက်လာတာဖြစ်တော့ ဝင်လာတဲ့ အချိန်ကလည်း ကြေညာချက်ကို စောပြီးတော့ ပို့လိုက်သလိုလည်း ဖြစ်သွားတယ်။ နောက် လေကလည်း ကြေညာတဲ့ဟာနဲ့ မိုင်ကလည်း ပိုနေတဲ့သဘော ရှိတာပေါ့။”

လေပြင်းကြောင့် ပင်လယ်ထဲ မျောသွားတဲ့ ရေလုပ်သားတွေအကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၄ ရက်၊ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ တိုက်ခဲ့တဲ့ လေပြင်းကြောင့် ရေလုပ်သားတွေဟာ ကမ်းလွန် ရေနံတွင်းတူးစင်တွေ၊ ကိုကိုးကျွန်းဘက်တွေလို အပြင် ကော့သောင်း၊ ကျိုက်ခမီလို နေရာတွေအထိ ရောက်သွားကြတာ ရှိသလို ဟိုင်းကြီးကျွန်းဘက် အထိလည်း မျောပါသွားတဲ့သူတွေ ရှိပါတယ်။

တခါ ပင်လယ်ထဲမှာ ဝါးဖောင်တွေနဲ့ မျောနေတဲ့သူတွေကို ငါးဖမ်းစက်လှေ အကြီးကြီးတွေက ကယ်ဆယ်နိုင်တာမျိုးလည်း ရှိခဲ့သလို အခု ကယ်တင်ထားနိုင်ခဲ့တဲ့ ရေလုပ်သားတွေကိုတော့ သူတို့ရဲ့ နေရပ်ဖြစ်တဲ့ ဖျာပုံမြို့ကို ပြန်ပို့နေပြီလို့လည်း ငါးလုပ်ငန်း အဖွဲ့ချုပ်က ပြောပါတယ်။

XS
SM
MD
LG