သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် ဖျာပုံ ရေလုပ်သားများ ရပ်တည်ရေးခက်ခဲ


မုန်တိုင်းသင့် ဖျာပုံ ရေလုပ်သားများ ရပ်တည်ရေးခက်ခဲ
မုန်တိုင်းသင့် ဖျာပုံ ရေလုပ်သားများ ရပ်တည်ရေးခက်ခဲ

ဖျာပုံနယ်အတွင်းမှာ နေထိုင်ကြတဲ့ ရေလုပ်သားတွေဟာ အလုပ်လက်မဲ့ ဖြစ်နေတာမျိုးတွေ ကြုံနေရပြီး ဝမ်းစာနဲ့ ဘဝရပ်တည်ရေးအတွက် အခက်အခဲ ဖြစ်နေကြပါတယ်။ ဖျာပုံမြစ်ဝနဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မတ်လလယ်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ရေလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရသလို အခုချိန်ထိ နေရပ်တွေကို ပြန်မလာသေးတဲ့ ပျောက်ဆုံးနေဆဲ ရေလုပ်သားတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ရေလုပ်ငန်းတွေနဲ့အတူ ရေလုပ်သားတွေရဲ့ ခက်ခဲနေတဲ့ အခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဖျာပုံမြစ်ဝနဲ့ ကပ္ပလီ ပင်လယ်ပြင်တွေမှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေက တနာရီကို မိုင် ၇၀ နီးပါးနဲ့ တိုက်ခတ်ခဲ့တဲ့ လေမုန်တိုင်းကြောင့် ရေလုပ်သားတွေ ပင်လယ်ထဲ မျောပါသွားသလို ငါးဖမ်းလှေတွေ၊ ကျားဖောင်လို့ခေါ်တဲ့ ဖောင်နဲ့ ငါးဖမ်းလုပ်ငန်းတွေလည်း တော်တော်များများ ပျက်စီးခဲ့ရတာပါ။ အဲဒီထဲက ခုချိန်ထိ နေရပ်တွေကို ပြန်မရောက်သေးဘဲ ပျောက်ဆုံးနေဆဲ ရေလုပ်သား အရေအတွက် အတိအကျ မသိရသေးပေမဲ့ ရာဂဏန်းနဲ့ချီ ရှိနေသေးတယ်လို့ ဖျာပုံ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။

အဲဒီ မတ်လကတည်းက ရေလုပ်ငန်းတွေ ရပ်နားထားခဲ့ရတာ အခုဆို မိုးတွင်းကာလကလည်း ဖြစ်ပြန်တာမို့ ငါး ပုစွန်ဖမ်းတဲ့ ရေလုပ်ငန်းတွေ ရပ်ထားရတာပါ။ ဒါ့ကြောင့် အခုဆိုရင် အဲဒီ ဖျာပုံနယ်ထဲမှာရှိတဲ့ ရေလုပ်သားတွေ အလုပ်လက်မဲ့တွေလို ဖြစ်နေပြီး နိစ္စဓူ၀ ဝမ်းစာအတွက်တောင် အခက်အခဲ ဖြစ်နေကြတယ်လို့ NLD ပါတီက သဘာဝဘေးဒဏ် ကူညီရေး အဖွဲ့က ဦးကြည်ဝင်းက ပြောပါတယ်။

ဦးကြည်ဝင်းတို့ အဖွဲ့ဟာ ဖျာပုံက ဒုက္ခရောက်နေတဲ့ ရေလုပ်သားတွေကို ကူညီဖို့အတွက် ဘယ်လိုအခက်အခဲ ဖြစ်နေကြသလဲ ဆိုတာကို လေ့လာဖို့ ဖျာပုံက ရွာ ၆ ရွာကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ မိုးအကုန် ရေလုပ်ငန်းတွေ ပြန်စရင်တောင်မှ လုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ အခက်အခဲ ရှိတယ်လို့ ဦးကြည်ဝင်းက ပြောပြပါတယ်။

“ဖျာပုံက ကျုံကဒွန်း၊ ကျုံကဒွန်းက ဟိုဘက်သွားရင် ရွှေလှေကြီးရယ်၊ ကုလားထိပ်ရယ်၊ ချောင်းဝရယ်၊ ဖိုးဝင်းတောင်ရယ် အဲဒီမှာ ရေလုပ်ငန်းသမားတွေက အများကြီးပဲ။ သူတို့မှာ အလုပ်လက်မဲ့ ဖြစ်ပြီးတော့ ပိုင်ရှင်ဆီမှာ တောင်းရင်လည်း ပိုင်ရှင်က မပေးနိုင်ဘူး။ အခု တပေါင်း၊ တန်ခူးက အလုပ်ရပ်သွားပြီ။ အလုပ်ရှင်တွေကလည်း အကုန်လုံးက မော်တော်တွေမြုပ်၊ ပိုက်တွေမြုပ်သွားတော့ သူတို့မှာလည်း ပြန်စဖို့က ခက်နေတယ်။ သူတို့မှာ အရင်းအနှီး မရှိတော့ လုပ်ငန်းက ပြန်မစနိုင်ဘူး။ အဲဒီမှာ အလုပ်ရှင်ရော၊ အလုပ်သမားတွေရော အကုန်လုံး ဒုက္ခတွေ ဖြစ်နေတယ်။”

NLD ပါတီ သဘာဝဘေးဒဏ် ကူညီရေးအဖွဲ့ရဲ့ ဒီခရီးစဉ်တွင်း ရွာ ၆ ရွာက ပျောက်ဆုံးနေဆဲ ရေလုပ်သားတွေထဲက ကျန်ရစ်တဲ့ မိသားစုဝင် ၄၈ ဦးကို ကျောင်းသားရှိရင် ကျပ်ငွေ ၁၅,၀၀၀၊ ကျောင်းသားမရှိတဲ့ မိသားစုဆိုရင် ကျပ်ငွေ ၁၀,၀၀၀ စီ ကူညီခဲ့ပါတယ်။ လတ်တလော ရွာ ၆ ရွာကို လေ့လာစဉ် အတွင်းမှာပဲ ဒီနေ့ထိ အိမ်ပြန်မရောက်သေးတဲ့ ရေလုပ်သား ၁၄၀ ကျော် ရှိနေတယ်လို့လည်း ပြောပါတယ်။

“ကျောင်းအပ်ဖို့တောင် ခက်နေတော့ အခု ကျနော်တို့က ပေးတော့ ကျောင်းအပ်ဖို့တော့ ရသွားပြီ။ ကလေးတွေက ပညာရေးက ကျောင်းဆက်သင်မယ်။ အခု တချို့က သွားပြီး အဲဒီမှာလုပ်တာ အသက် ၁၅ နှစ်၊ ၁၆ နှစ်၊ ၂၀ တွေတောင် ပါတယ်။ တချို့က အသက် ၂၀ အရွယ် ကလေးတွေ လုပ်နေတဲ့ အပေါ်မှာ မှီခိုပြီး စားနေတဲ့ လူတွေလည်း ရှိတယ်။ တချို့ကလည်း ကလေးတွေဆို စရိတ်တွေ ဘာတွေ ပေးခဲ့တယ်၊ ပိုက်ဆံပေးလိုက်တော့ ဘာပြောလဲဆိုတော့ ဟင်းနဲ့ မစားရတာ ကြာပြီတဲ့၊ အခုတော့ ဟင်းနဲ့ စားရမယ်လို့ ပြောတာ ဝမ်းနည်းစရာ ကောင်းလိုက်တာ။ သူတို့စားနေတာ ဟင်းမပါဘဲ စားနေတာတဲ့။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘာဝဘေးဒဏ် ကူညီရေးအဖွဲ့က ဦးဆောင်သူတဦးဖြစ်တဲ့ ဦးကြည်ဝင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

အဓိကအချက်အနေနဲ့ ရေလုပ်ငန်းရှင်တွေဟာ သူတို့လုပ်ငန်းတွေကို ပြန်လည် ထူထောင်နိုင်မယ်ဆိုရင် အားလုံး အလုပ်ပြန်ရကြမှာမို့ ဒီလုပ်ငန်းတွေ ပြန်လည်လုပ်လာနိုင်အောင် ဝိုင်းကူညီပေးဖို့ လိုတယ်လို့လည်း ဦးကြည်ဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံ ရေလုပ်ငန်းရှင်များအသင်း အပါအဝင် တခြား လူမှုကူညီရေး အဖွဲ့တွေက ဒုက္ခရောက်နေကြတဲ့ ရေလုပ်သားတွေကို အကူအညီပေးတယ် ဆိုပေမဲ့ ထိရောက်တဲ့ လုပ်ငန်းတွေ ပြန်လည်မတည်နိုင်မယ့် ကူညီမှုမျိုးတွေ မတွေ့ရဘူးလို့လည်း ပြောပါတယ်။

အခုဆိုရင် ပင်လယ်ထဲ မျောသွားတဲ့ ရေလုပ်သားတွေဟာ ၂ လနီးပါး ရှိနေပြီမို့ ပြန်မလာသေးတဲ့ သူတွေအတွက် အသက်ရှင်လျက် ရှိပါ့မလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း မိသားစုတွေကြား ပိုအားနည်းလာပါတယ်။ ဖျာပုံနယ်ဟာ ရေတံငါလုပ်ငန်း အားထားရပ်တည်တဲ့ ဒေသမို့ အခုဆို ဒီလုပ်ငန်းတွေ ပျက်စီးသွားတဲ့အတွက် တခြားစီးပွားရေးနဲ့ အရောင်းအဝယ်တွေပါ ထိခိုက်မှု ရှိနေတယ်လို့ ဖျာပုံနယ် ခါးပြတ်ရွာက ဒေသခံတဦးက ရှင်းပြပါတယ်။

“သူတို့တွေက အရင်တုန်းကလိုတော့ ဝယ်ခြမ်းစားတာ မတွေ့ဘူး။ အလုပ်လက်မဲ့လေးတွေ ဖြစ်သွားတော့၊ အမတို့အပိုင်းက တံငါပိုင်းဆိုတော့ တံငါနဲ့ ဆက်သွယ်နေတဲ့ နေရာလေးတွေမှာတော့ သူတို့ ပြန်ထူထောင်ဖို့တောင် နည်းနည်း အခက်အခဲ ရှိကြတယ်။ သူတို့ရဲ့ စားဝတ်နေရေးကြောင့် လုပ်ငန်းရှင်ပိုင်းတောင် အခက်အခဲတွေ ဖြစ်သွားတယ်။”

ဖျာပုံဒေသခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

တနာရီကို မိုင် ၃၀ ကျော်နှုန်းလောက်သာ ရှိနိုင်တယ်လို့ မိုးလေဝသက ခန့်မှန်းချက် ထုတ်ခဲ့ပေမဲ့ တနာရီကို မိုင် ၇၀ ကျော်နှုန်းထိ လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့တာကြောင့် ဖျာပုံ အပါအဝင် မြောင်းမြ၊ လပွတ္တာ၊ ဒေးဒရဲအပြင် ဧရာဝတီတိုင်းအတွင်းက ရေလုပ်ငန်းနဲ့ အသက်မွေးနေသူတွေ ပင်လယ်ထဲ မျောသွားကြသလို ငါးဖမ်းလှေတွေ၊ ငါးဖမ်းဖောင်တွေနဲ့အတူ ရေလုပ်ငန်းသုံး ပစ္စည်းတွေအားလုံး ပျက်စီးဆုံးရှုံးခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG