သုံးရလွယ်ကူစေသည့် Link များ

မြန်မာငါးဖမ်းသမား ၁၇ဝ ကျော် အင်ဒိုကျွန်းမှာ ထပ်မံတွေ့ရှိ

  • သိင်္ဂီထိုက်

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဂျီနားကျွန်းပေါ်မှာ ကယ်ဆယ်ထားပြီးတဲ့နောက် အိမ်ပြန်ချင်တဲ့သူ လက်ထောင်ဆိုလို့ လက်ထောင်ပြနေကြတဲ့ မြန်မာရေလုပ်သားတွေ။

အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီးနားကျွန်းပေါ်မှာ လုပ်ခလစာမရဘဲ တံငါသည်တွေအဖြစ် စေခိုင်းခံထားရသူ မြန်မာနိုင်ငံသား ၂ဝဝ လောက် ထပ်ပြီး ရှာဖွေ တွေ့ရှိခဲ့တာကြောင့် အင်ဒိုနီးရှားမှာ လတ်တလောသောင်တင်နေတဲ့ မြန်မာနိုင်ငံသားတံငါသည် စုစုပေါင်း ၅ဝဝ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။ ကယ်ဆယ်ထားသူတွေ ဌာနေပြန်နိုင်ရေးအတွက် ကိုယ်ရေး အချက်အလက်တွေနဲ့ဓာတ်ပုံတွေကိုလည်း အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံရုံးက စုဆောင်း ရယူပြီး ဒီကနေ့မှာပဲ ဝန်ကြီးဌာနတွေဆီကို ပို့ပေးဖို့ ဆောင်ရွက်နေကြပါတယ်။ အင်ဒိုနီးရှားကကျွန်းတွေပေါ်မှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံသား တံငါသည်တွေရဲ့ လုံခြုံရေး၊ ဌာနေပြန်နိုင်ရေးနဲ့ လျော်ကြေးငွေရရှိရေး အခြေအနေတွေကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဘင်ဂျီးနားကျွန်းပေါ်မှာ လုပ်ခလစာမရဘဲ ကျွန်ပြုခိုင်းစေခံရသူ မြန်မာနိုင်ငံသား ၁၇၄ ယောက် ထပ်ပြီး ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အင်ဒိုနီးရှား အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နေတဲ့ မြန်မာသံရုံးက ရုံးအုပ်ကြီး ဦးလွင်ဦးက အခြေအနေကို အခုလိုပြောပါတယ်။

“ဘန်ဂျီးနားကျွန်းမှာတော့ သံရုံးကအဖွဲ့ဝင်နှစ်ယောက်သွားတာပေါ့နော်။ သွားတော့ ၁၇၄ ယောက်ဆိုတာ တွေ့ခဲ့ပါတယ်ခင်ဗျ။ နောက်ထပ် ထပ်တွေ့တာပါခင်ဗျ။ နောက်ထပ် ထပ်တွေ့တာပါ။ လောလောဆယ်တော့ အဲဒီဘက်မှာ…တချို့ကျတော့လည်း မိသားစုရှိတယ်။ တချို့ကျတော့လည်း လစာမရသေးလို့ပေါ့နော်- အဲဒီအခြေအနေတွေကြောင့် သူတို့ မလာနိုင်သေးတာဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဒီဘက်ကိုလာဖို့အတွက်တော့ ပြောထားခဲ့ပြီးပါပြီ။”

ဘင်ဂျီးနားကျွန်းပေါ်ကနေ အနီးမှာရှိတဲ့ လုံခြုံရေးစိတ်ချရတဲ့ တုရဲလ်ကျွန်းဆီကို ကနဦး ပို့ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၂၈၁ ဦး ရှိနေနှင့်ပြီး ဖြစ်တာ ကြောင့် ကယ်ဆယ်ထားတဲ့ စုစုပေါင်း မြန်မာနိုင်ငံသား ၄၅၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ဘင်ဂျီးနားကျွန်းပေါ်မှာလည်း အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံရုံးက ကိုယ်စားလှယ်နှစ်ဦးတို့ မြန်မာနိုင်ငံသားတွေကို ရှာဖွေနေတယ်လို့ ပြောပါတယ်။ လတ်တလော တုရဲလ်ကျွန်းပေါ်ကို ပြောင်းရွှေ့ထားတဲ့ မြန်မာ တံငါသည်တွေ အတွက်လည်း လုံခြုံရေး အာမခံချက်ရှိတယ်လို့ မြန်မာသံရုံးက ရုံးအုပ်ကြီးဦးလွင်ဦးက ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ စစ်ဆေးထားတာ မြန်မာငါးဖမ်းသမား ၂၈၁ ယောက်ပါခင်ဗျ။ လုံခြုံရေးအခြေအနေကတော့ တူရဲလ်ကျွန်းမှာ လုံခြုံရေးအခြေအနေ အကုန်လုံးအဆင်ပြေပါတယ်ခင်ဗျ။ ကျနော်တို့ အကုန်လုံးကို တူရဲလ်ကျွန်းကို ရွှေ့ထားပြီးပါပြီခင်ဗျ။”

ကယ်ဆယ်ထားသူ မြန်မာနိုင်ငံသားတွေ ဌာနေပြန်နိုင်ရေး၊ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေး အချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီ ပို့နေတယ်လို့လည်း ဦးလွင်ဦးက ပြောပါတယ်။

“သူတို့ဆီက contact ဖုန်းနံပါတ်၊ သူတို့မိသားစုတွေရဲ့ contact ဖုန်းနံပါတ်တွေတော့ တောင်းထားပါတယ်ခင်ဗျ။ တချို့လည်း ၄-၅-၈ နှစ်၊ တချို့လည်း ၃-၄ နှစ်ပေါ့နော်၊ အဆက်အသွယ်ပြတ်နေတော့ contact မရသေးပါဘူးခင်ဗျ။ လောလောဆယ်တော့ ကျနော်တို့ သူတို့ကို စစ်ဆေး မေးမြန်းနေတုန်းပါပဲ။ delegation အဖွဲ့လာတဲ့အချိန်မှာ အဲဒါတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ စီစဉ်နေပါတယ်ခင်ဗျ။ အခုလောလောဆယ်တော့ အဲဒါကို မြန်မြန်ပြန်ပို့ဖို့အတွက်ကို မြန်မာပြည်ကနေ delegation အဖွဲ့ကို ဖိတ်ထားလို့ မြန်မာပြည်က delegation အဖွဲ့ကလာနေပါပြီခင်ဗျ။ မနက်ဖြန်ဆိုရင် လာပြီပေါ့နော်။ လာပြီဆိုရင် ပို့ဖို့၊ သွားဖို့အစီအစဉ်တွေကို delegation အဖွဲ့ကနေ သွားပြီးဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။”

ကျွန်ပြုခိုင်းစေခံရသူ မြန်မာနိုင်ငံသားတွေကို နိုင်ငံသားဖြစ်မဖြစ် စစ်ဆေးဖို့၊ အမှန်တကယ် ကျွန်ပြုခိုင်းစေခံထားရသူတွေ ဟုတ်မဟုတ် စစ်ဆေးဖို့နဲ့ လျော်ကြေးငွေရရှိရေး အင်ဒိုနီးရှားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဌာန၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနတို့က တာဝန်ရှိသူ ကိုယ်စားလှယ်အဖွဲ့တွေလည်း အင်္ဂါနေ့မှာ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပြီး တုရဲလ်ကျွန်းနဲ့ ဘင်ဂျီးနားက မြန်မာတံငါသည်တွေနဲ့ တွေ့ဆုံစစ်ဆေးမှာ ဖြစ်ပါတယ်။ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကို ထိုင်းငါးဖမ်းသဘောင်္ တွေက လုပ်ခလစာမပေးဘဲ တံငါသည်တွေအဖြစ် ကျွန်ပြုခိုင်းစေပြီး အင်ဒိုနီးရှားနိုင်ငံက ဝေးလံခေါင်သီတဲ့ ဘင်ဂျီးနားကျွန်းပေါ်မှာ ထားရှိထားတာကို အမေရိကန် သတင်းအေဂျင်စီ အေပီက စုံစမ်းဖော်ထုတ် သတင်းရေးသားခဲ့ပြီး နောက်မှာ ကျွန်းပေါ်က တံငါသည်တွေကို အင်ဒိုနီးရှားအစိုးရက ကယ်ဆယ်နေတာ ဖြစ်ပါတယ်။ မြန်မာအပါအဝင် နိုင်ငံခြားသား တံငါသည်တွေရဲ့ လုံခြုံရေးကိုတော့ အင်ဒိုနီးရှား အစိုးရက တာဝန်ယူထားပြီး နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားရေးရာအဖွဲ့ IOM ကလည်း အကူအညီပေးနေပါတယ်။ ဒါပေမယ့်လည်း လုပ်ခလစာမရဘဲ ကျွန်ပြုခိုင်းစေခံရသူ တံငါသည်တွေ လျော်ကြေးရရှိရေးကတော့ မသေချာသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG