သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ထားတဲ့ အင်ဒိုက မြန်မာရေလုပ်သားတွေ စိစစ်ပြီး ပြန်ခေါ်မည်


အင်ဒိုနီးရှားနိုင်ငံပိုင် Tual ကျွန်းကို ပြန်လည်ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသား ရေလုပ်သားတွေရဲ့ အိမ်ပြန်နိုင်မယ့် မျှော်လင့်ချက်နဲ့ အပြုံးများ။ (ဧပြီ ၄၊ ၂၀၁၅)
အင်ဒိုနီးရှားနိုင်ငံပိုင် Tual ကျွန်းကို ပြန်လည်ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသား ရေလုပ်သားတွေရဲ့ အိမ်ပြန်နိုင်မယ့် မျှော်လင့်ချက်နဲ့ အပြုံးများ။ (ဧပြီ ၄၊ ၂၀၁၅)

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းပေါ်မှာ ထိုင်းငါးဖမ်းလုပ်ငန်းတွေက ကျေးကျွန်သဖွယ် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာအများစုပါဝင်တဲ့ ငါးဖမ်း လုပ်သားတွေကို အင်ဒိုနီးရှားက ကယ်တင်ပြီးတဲ့နောက် မြန်မာအစိုးရတာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံပြီး သူတို့ဟာ မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်မှုတွေ လုပ်ပြီးရင် မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်ပို့ဖို့ စီစဉ်ပေးနေပါတယ်လို့ မြန်မာသမ္မတရုံးက ပြောပါတယ်။ မနက်ဖြန် ဧပြီ ၆ ရက်နေ့မှာ ငါးဖမ်း လုပ်သားတွေကို ထိန်းသိမ်းထားတဲ့ကျွန်းတွေမှာ အင်ဒိုနီးရှားတာဝန်ရှိသူတွေ၊ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်ပေးနေတဲ့အဖွဲ့ IOM တာဝန်ရှိသူတွေနဲ့ အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံကြမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မဆုမွန်က တင်ပြပေးထားပါတယ်။

ထိုင်းငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကိုင်ရင်း အင်ဒိုနီးရှားကျွန်းတွေပေါ်မှာ နှစ်တွေနဲ့ချီပြီး အတင်းအဓမ္မ ခိုင်းစေခံနေရသူတွေရဲ့အကြောင်း အေပီ သတင်းဌာနက စုံစမ်းဖော်ထုတ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီအလုပ်သမားတွေလွတ်မြောက်ဖို့အရေး နိုင်ငံတကာကနေ အာရုံစိုက်လာခဲ့ကြတာပါ။

ဒီအထဲမှာ မြန်မာအပြင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံသားတွေပါဝင်ပြီးတော့ ပြီးခဲ့တဲ့သောကြာနေ့ ဧပြီလ ၃ရက်နေ့မှာတော့ အဲ့ဒီ့ Benjina ကျွန်းပေါ်မှာ ပိတ်လှောင်ခံထားရတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားငါးဖမ်းလုပ်သားတွေကို အင်ဒိုနီးရှားနိုင်ငံအာဏာပိုင်တွေဘက်က ကယ်ဆယ်ခဲ့ပါတယ်။ စနေနေ့မှာတော့ သူတို့ကို ဘယ်သူဖြစ်ဝါဖြစ်တယ်ဆိုတာ စစ်ဆေးဖို့အနီးက Tual ကျွန်းပေါ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

မနက်ဖြန် တနလာၤနေ့မှာတော့ အင်ဒိုနီးရှားအာဏာပိုင်တွေ၊ အင်ဒိုနီးရှား-မြန်မာ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူတွေ၊ ဂျာကာတာ အခြေစိုက် နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်နေတဲ့ IOM တာဝန်ရှိသူတွေနဲ့ မြန်မာသံအမတ်ကြီးအပါအဝင် မြန်မာသံရုံးတာဝန်ရှိသူတွေ သွားရောက် တွေ့ဆုံကြဖို့ရှိပြီး ကယ်တင်ထားတဲ့သူတွေထဲ မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်အတည်ပြုပြီးရင်တော့ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“နိုင်ငံခြားရေးကတော့ သံရုံးကနေလိုက်လုပ်ဖို့ ကျနော်တို့ပြောထားတယ်။ အခု လက်ရှိဖြစ်လာတဲ့ဟာအပေါ် နိုင်ငံသားမှန်တယ်ဆိုရင်ပေါ့နော်၊ အမြန်ဆုံးကူညီဆောင်ရွက်ပေးဖို့၊ လိုအပ်တာတွေ အကုန်လုံးလုပ်ပေးဖို့ တတ်နိုင်သမျှလုပ်ပေးဖို့၊ ဒါက သံရုံးတွေရဲ့အဓိက တာဝန်။ ဟုတ်ကဲ့။”

ဒီအင်ဒိုနီးရှားကျွန်းတွေမှာ အထိန်းသိမ်းခံထားရတဲ့ မြန်မာတွေအနေနဲ့ ခိုင်လုံတဲ့ သက်သေခံအထောက်အထား မပြနိုင်ဘူးဆိုရင် မြန်မာနိုင်ငံတွင်းက လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသားစစ်မှန်ကြောင်း ခိုင်လုံတဲ့သက်သေတဲ့ အထောက်အထားတွေကို ရယူနိုင်အောင် စီစဉ်နေပါတယ်လို့လည်း ပြောပါတယ်။

“လဝကတွေကနေပြီးတော့ ပြည်တွင်းမှာ ပြန်ပြီးတော့ စစ်ရတယ်၊ ပြည်နယ်တိုင်းတွေမှာ ပြန်ပြီးတော့ အဲဒီမှာ အဲဒီလူ၊ အဲဒီလူကတော့ဒီမြို့၊ ဒီလမ်း၊ ဒီရပ်ကွက်၊ ဒီအိမ်နံပါတ်က ဟုတ်သလား၊ ရှိသလား၊ အဲဒါမျိုးတွေနဲ့ပြန်တိုက်ရတယ်။ နောက် ကိုယ့်နိုင်ငံသားတွေ အခွင့်အရေးမဆုံးရှုံးအောင်လည်း ဂရုစိုက်ရတယ်။ နံပါတ်(၁) ကတော့ အခုနကပြောသလို သံအမတ်ကြီးနဲ့ သံအရာရှိတွေနဲ့ နံပါတ် (၁) တာဝန်ရှိတယ်။ နံပါတ် (၂) ကတော့ ကျနော်တို့ ရေရှည် long term မှာ အခုနကလို အစိုးရချင်းညှိ၊ အေဂျင်စီချင်းညှိပြီးတော့ MOU ထိုးပြီးတော့ လုပ်ဖို့ လုပ်နေတယ်။”

အခုလို နိုင်ငံပြင်ပမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေအရေး အကူအညီပေးနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေက မြန်မာသံရုံးတွေမှာ အလုပ်သမားသံအရာရှိတွေကို တိုးချဲ့တာဝန်ချပေးထားပြီး ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်အောင် ဆောင်ရွက်နေပါတယ်လု့ိ မြန်မာသမ္မတရုံးက ပြောပါတယ်။

“တရားမဝင်သွားလာနေတဲ့ကိစ္စတွေနဲ့ တရားမဝင်သွားတဲ့အတွက် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ရှိတယ်။ အဲဒါတွေ ကျရင်တော့ ကျနော်တို့က နိုင်ငံ…အစိုးရချင်း သဘောတူညီချက်တွေလုပ်ပြီးမှပဲ ထိန်းလို့ရမယ်။ ဥပမာအားဖြင့် ကျနော်တို့ ထိုင်းနဲ့လုပ်နေတာ ရှိတယ်။ တရားမဝင် သွားနေတာ သန်းနဲ့ချီရှိတယ်။ တရားဝင်သွားနေတာက အနည်းအကျဉ်း။ သို့သော် ဒီတရားမဝင်အလုပ်သမားတွေ ကိုယ့်နိုင်ငံသားတွေ တရားဝင်အခွင့်အရေးတွေ၊ တရားဝင်အကာအကွယ်တွေရလာအောင်လို့ အစိုးရချင်းက အရင်ဆုံးညှိပြီးလုပ်ပါတယ်။ အလားတူပဲ မြန်မာနိုင်ငံသားတွေ သွားနေတဲ့ မလေးရှားရယ်၊ နောက် အင်ဒိုနီးရှားရယ်။ ဘာပြဿနာရှိလဲဆိုတော့ မြန်မာနိုင်ငံသားလို့ ပြောတော့လည်း မြန်မာနိုင်ငံသား ဟုတ်ချင်မှ ဟုတ်နေတဲ့ဟာတွေ ရှိတယ်။ တချို့ ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ်ကသွားတဲ့ဟာတွေကလည်း မြန်မာ-လို့ ပြောချင်ပြောတယ်။ တချို့ မြန်မာနိုင်ငံသား မဟုတ်တဲ့လူတွေကလည်း မြန်မာလို့ ပြောရင်ပြောတယ်။ အဲဒီတော့ မြန်မာလို့ ပြောတဲ့အတိုင်း သတင်းထဲမှာပါလိုက်တိုင်း ကျနော်တို့ကသွားလိုက်ရင် ကျနော်တို့က commitment ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က နိုင်ငံသားစိစစ်မှုလိုတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ နှစ်နိုင်ငံ MOU သွားမယ်။ အစိုးရချင်း MOU သွား၊ ရပြီဆိုတာနဲ့ ကျနော်တို့က အေဂျင်စီချင်း MOU ထိုး၊ အဲဒီတော့မှ သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး ကာကွယ်တာတွေလည်း မှန်မှန်ကန်ကန်ဖြစ်အောင်လုပ်ဖို့၊ နောက် တရားမဝင်သွားနေတဲ့လူတွေကို တရားဝင် မှတ်ပုံတင်ဖို့ပေါ့နော်- သဘောမျိုးလုပ်ဖို့ ဒါမျိုးတွေ ကြိုးစားနေပါတယ်။ ကြိုးစားနေတော့ ကျနော်တို့ အလုပ်သမားဝန်ကြီး- သမ္မတကြီးခရီးစဉ်မှာ မလေးရှားရောက်တဲ့အချိန်မှာလည်း အဲဒီမှာဆွေးနွေးတယ်။ ကျနော်တို့ သံရုံးဘက်ကလည်း ကျနော်တို့ ပြောနေတယ်။ နောက် အင်ဒိုနီးရှားနဲ့လည်း ကျနော်တို့ ဆွေးနွေးနေပါတယ်။ ဆိုလိုတာက တရားမဝင် သွားရောက်လုပ်ကိုင်နေတဲ့နိုင်ငံသားတွေ တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ နောက် တရားဝင်ရော၊ တရားမဝင်ရော သွားရောက်နေတဲ့ ကျနော်တို့နိုင်ငံသားအစစ်တွေရဲ့အခွင့်အရေး ချိုးဖောက်မခံရအောင် ဘယ်လိုလုပ်မလဲ၊ နှစ်နိုင်ငံ နားလည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပါတယ်။ ဒါက ရေရှည်၊ ရေတိုမှာတော့ လက်ရှိ သံရုံးတွေမှာရှိတဲ့ အဓိကပေါ့နော်-အလုပ်သမား သံအရာရှိတွေ တိုးချဲ့ခန့်ထားတယ်။ သံအမတ်ကြီးတွေမှာ နံပါတ် (၁) တာဝန်ရှိတယ်။ ဒုတိယ အလုပ်သမား သံအရာရှိမှာတာဝန်ရှိတယ်။ ဒီအတိုင်းပဲ ကျနော်တို့ အမိန့် အပြတ်ပေးပြီးသား။ ဒီလို လုပ်သင့်လုပ်ထိုက်တာ လုပ်ဖို့။”

မြန်မာအစိုးရဘက်က မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့စေလွှတ်နိုင်ရေးအတွက်လည်း မြန်မာသံရုံးက အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းစီစဉ်နေပြီး မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်အတည်ပြုပြီးရင်တော့ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လည် ပို့ဆောင်သွားမှာ ဖြစ်တယ်လို့လည်း မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG