သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုတ်သုံမိုးကြောင့် ရေကြီးရေလျှံစိုးရိမ်စရာရှိနေဆဲ


မြန်မာနိုင်ငံတဝှမ်း မုန်သုံလေအားကောင်း- မိုးများရေကြီးပြီး မြစ်ရေတွေ စိုးရိမ်ရေမှတ် ကျော်လွန်တဲ့အထိ မြင့်တက်လာချိန် နေအိမ်တွေပါ မျောပါပြီး ရေလွှမ်းမိုးမှု တွေဖြစ်နေလို့ မြစ်ကမ်းနဘေးနေပြည်သူတွေ မြေပြိုကျမှုနဲ့ ရေဘေးအန္တရာယ် အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှှုဦးစီးဌာနက အထူးသတိပေးပြောဆိုလိုက်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအနေနဲ့ မသန့်ရှင်းတဲ့ရေကြောင့် ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါတွေကို ကြိုတင်ကာကွယ်ကြဖို့နဲ့ ကျန်းမာရေးအသိပညာပေးသတိပေးချက်တွေကို အထူးလိုက်နာကြဖို့ကိုလည်း ကျန်းမာရေးဦးစီးဌာနက အရေးပေါ်သတိပေးနေပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီသီတင်းပတ်တွေထဲ မုန်သုံလေအားကောင်းပြီး မိုးဆက်တိုက်သည်းထန်စွာရွာသွန်းနေတဲ့အတွက် မြန်မာနိုင်ငံတဝှမ်း အထူးသဖြင့် ကချင်ပြည်နယ် ၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးတချို့မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်အပါအဝင် မြစ်ရေတွေ စိုးရိမ်ရေမှတ်ကျော် လွန်မြင့်တက် လာပြီး နေအိမ်တွေ မျောပါသွားတဲ့အထိ ရေလွှမ်းမိုးမှုတွေဖြစ်လို့ ဒေသခံပြည်သူတော်တော်များများ ရေဘေးသင့်နေကြရပါတယ်။

ရှေ့သီတင်းပတ်ထဲ မိုးဆက်တိုက်ရွာသွန်းနိုင်ခြေရှိသလို စိုးရိမ်ရေမှတ်ကျော်လွန်တဲ့အထိ မြစ်ရေလျှံမှုဖြစ်နိုင်လို့ အထူးသတိထားကြဖို့နဲ့ ဒီကနေ့ တိုင်းတာတွေ့ရှိချက် မိုးလေဝသ နောက်ဆုံးအခြေအနေကိုတော့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“မုတ်သုံအားကောင်းတယ်။ အားကောင်းတဲ့အခါ အဓိကတော့ ရခိုင်ကမ်းရိုးတမ်းတွေမှာ မိုးသည်းထန်တယ်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နေရာကွက် မိုးကြီးတာတို့ ဆက်တိုက်ဖြစ်တယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တွေမှာ မြစ်ရေတွေ မြင့်တက်လာတဲ့ အနေအထားရှိတယ်။ ဧရာဝတီမြစ်မှာဆိုရင် မြစ်ကြီးနားမှာပေါ့နော် စိုးရိမ်အမှတ်ရောက်ပြီးမှ အောက်က မြို့တွေ ဖြစ်တဲ့ ဗန်းမော်၊ ရွှေကူတွေမှာတော့ လက်ရှိမှာ စိုးရိမ်အမှတ်ထက်ကို ၁ ပေလောက်ကျော်နေတဲ့အနေအထားရှိတယ်။ နောက်ဆိုရင် ဗန်းမော်၊ ရွှေကူတွေမှာတော့ နောက်ထပ် ၁ ပေလောက်ထက်တက်လာနိုင်တဲ့ အနေအထားမျိုးလေးတွေရှိပါတယ်။ ချင်းတွင်းမြစ်မှာတော့ မနေ့ကစပြီးတော့ စိုးရိမ်အမှတ်ကို ကျော်သွားတဲ့အနေအထားရှိပါတယ်။ လက်ရှိမှာတော့ စိုးရိမ်အမှတ်ထက် ၁ ပေနီးပါးလောက်ကျော် နေတဲ့အနေအထားရှိတယ်။ နောက်ပြီးအထက်ဘက်မှာလည်း မိုးက နောက် ၂ ရက် ၃ ရက်လောက်ဆက်ပြီးကောင်းနေမှာဆိုတော့ ဆက်ပြီးတော့ မြင့်တက်လာနိုင်တဲ့အနေအထားရှိတယ်။ တောက်လျောက် နေရာအလိုက်မိုးကြီးလာနိုင်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ မြစ်တွေချောင်းတွေမှာလည်း ရေကြီးရေလျံမယ့်အနေထားရှိတယ်။ အထူးသဖြင့် ကုလားတန်မြစ်မှာ ပလက်ဝမှာ မနေ့ညကစိုးရိမ်အမှတ်ကိုရောက်သွားပြီးတော့ သူ့ရဲ့ အောက်ဖြစ်တဲ့ ကျောက်တော်မှာပေါ့နော် အဲဒီမှာတော့ စိုးရိမ်အမှတ်ထက် ၁ ပေနီးပါးမြင့်တက်နေတယ်။ မြောက်ဦးမှာတော့ လက်ရှိ စိုးရိမ်အမှတ်ထက် ပေဝက်လောက် ဆက်မြင့်တက်တဲ့အနေအထားမျိုးရှိပါတယ်ခင်ဗျ။”

အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်း မိုးများရေကြီးမှုအခြေအနေ၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် စစ်တောင်းမြစ်နဲ့ ကုလားတန်မြစ် လေးမြို့မြစ်တို့ရဲ့ စိုးရိမ်ရေမှတ်အခြေအနေနဲ့အတူူ မြစ်ကမ်းပါးဘေးနေထိုင်သူတွေအနေနဲ့ မြေပြိုကျမှုအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ် မိုးလေဝသ အထူးသတိပေးကြေညာချက်တွေကို မျက်ခြေမပြတ် နားစွင့်ထားပြီး အလိုက်နာကြဖို့ကိုလည်း မိုးဇလညွှန်ချုပ်က သတိပေးပါတယ်။

“အဓိကတော့ မြစ်ရေတွေ မြင့်တက်လာပြီ၊ စိုးရိမ်အမှတ်တွေရောက်လာရင်တော့ မြစ်ကမ်းပါးဘေးနေထိုင်သူတွေမှာ အန္တရာယ်များတယ်ပေါေ့နာ်။ ရေဘေး ကင်းလွတ်တဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင်သင့်ပါတယ်။ စိုးရိမ်အမှတ်ရောက်လာတဲ့အနေအထားမျိုးတွေအတွက် ရွှေ့ပြောင်းနိုင်တဲ့နေရာတွေ ပြင်ဆင်ထားရမယ်။ တကယ်လို့ ရေကြီးလာရင် သူတို့အရပ်ဒေသမှာရှိတဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။”

လတ်တလောမှာတော့ မိုးများရေကြီးပြီး နေအိမ်တွေပါ မျောပါ လူနေအိမ်တွေပါ ရေနှစ်မြုပ်နေတဲ့အရေးပေါ်အခြေအနေမှာတော့ တာဝန်ရှိသူတွေက ယာယီရေဘေးကူညီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးထားသလို ရေဘေးလွတ်ရာကုန်းမြင့်နေရာတွေ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ် နေရာချထားပေးနေပါတယ်။

အဲ့သလို လူအများစု စုဝေးနေထိုင်ရာ ရေဘေးစခန်းတွေမှာ ခိုလှုံနေရတဲ့ ရေဘေးသင့်ပြည်သူတွေအနေနဲ့ မသန့်ရှင်းတဲ့ရေကြောင့် ဖြစ်လာမယ့် ကူးစက်ရောဂါတွေမဖြစ်ပွားရအောင် အထူးသတိထားကြဖို့နဲ့ ကျန်းမာရေးအသိပညာပေးမှုတွေကို အထူးလိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ သတိပေးနိုးဆော်နေတယ်လို့လည်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကလည်း သတိပေးပါတယ်။

“နံပတ် ၁ ကတော့ ရေဘေးသင့်တဲ့အခါမှာ သောက်ရေက အခက်အခဲဖြစ်တတ်တယ်။ အဓိကတော့ ကလိုရင်းခတ်ထားတဲ့ ရေသန့်ကို သောက်ဖို့လိုတယ်။ နောက်တခုကတော့ မြွေအန္တရာယ် သတိထားရတယ်။ ဒါကြောင့် ကျနော်တို့ မြွေဆိပ်ဖြေဆေးတွေ ဖြည့်ပေးထားတယ်။ နောက်တခုကတော့ ဝမ်းပျက်ဝမ်းလျှောပေါ့ အစားအသောက် ဂရုစိုက်ဖို့လိုတယ်။ နောက်တခုကတော့ လက်ဆေးဖို့။ ဒီမှာကတော့ လက်မဆေးဖြစ်ဘူး ၊ ရေလည်းမသန့်ဘူး ဘေးမှာလည်း ဆေးဖို့ ရေမရှိဘူး ။ ရေကြီးတော့ ရုတ်တရက် စားသောက်ရတော့ အစာ အဆိပ်သင့်တာတွေ ဖြစ်တတ်တာပေါေ့နာ်။ ဒါကြောင့် အပေါ့အပါးသွားတဲ့အခါကျတော့ နေရာဒုက္ခရောက်တယ်၊ အဲဒါတွေလည်း ကူးစက်ရောဂါဖြစ်နိုင်တယ်။ နောက်တခုကတော့ အမှိုက်စွန့်တာပေါ့နော် ဒီမှာလည်း ရုတ်တရက်ဆိုတော့ အမှိုက်စွန့်ရတဲ့အခါမှာ ရေဘေးစခန်းတွေမှာ ယင်ကောင်တွေအုံပြီးတော့ ကလေးတွေကလည်း ဝမ်းသွားတာနဲ့ဆိုတော့ ကူးစက်ရောဂါသတိထားဖို့ လိုပါတယ်။ ကျန်တာကတော့ အအေးမမိဖို့ပေါ့နော် ရေကလည်းကြီးတော့ အအေးမမိဖို့ သတိထားပြီးတော့ နွေးနွေးထွေးထွေး နေဖို့လိုတယ် အထူးသဖြင့် အသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ဂရုစိုက်ဖို့ လိုပါတယ်။ ဒီလိုမျိုး မုတ်သုံရာသီမှာ မုန်တိုင်းတို့၊ ရေကြီးတာတို့ က မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံနေကျ ဖြစ်နေကြဆိုတော့ နောက်အရေးပေါ်ဆေးတွေ ဖြန့်ဖြူးရေး၊ ရေကောင်းရေသန့်ရရှိရေး ဒါတွေအကုန်လုံးကတော့ ကျနေ်ာတို့လုပ်ရမယ့်အထဲမှာ ပါပါတယ်။”

နိုင်ငံတဝှမ်း ရေဘေးအန္တရာယ်သင့်ဒေသတွေမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ သဘာဝဘေးကြုံလာရချိန် အရေးပေါ် ဆောင်ရွက်နိုင်ဖို့တွေကို သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေကြပေမဲ့လို့ ရေဘေးသင့်ဒေသတွေမှာတော့ ကူညီကယ်ဆယ်ရေးတွေ ၊ စားနပ်ရိက္ခာ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေဆဲအခြေအနေဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဒီ့ထက်ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျဆောင်ရွက်ပေးသင့်တယ်လို့လည်း ရေဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG