သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံ မန္တလေးတိုင်းအတွင်း မိုးကြီးပြီး ရေလျှံနေတာကြောင့် ဆည်တော်ကြီးဆည်က ရေတွေကို ဖောက်လွှတ်ပေးနေရင်း မတ္တရာမြို့ မြောက်ဘက်က ကျေးရွာ ၃၀ လောက် ရေလွှမ်းမိုးနေပါတယ်။ ဆည်တော်ကြီးဆည်က တာဝန်ရှိသူတွေကတော့ ရေမလွှတ်ဘဲထားလို့ တမံကျိုးရင် အခြေအနေ ပိုဆိုးမှာကြောင့် ရေတွေလွှတ်တာဖြစ်ကြောင်း ပြောပါတယ်။ ရေလွှမ်းမိုးမှု အခြေအနေဟာ မနေ့ညနေက အဆိုးဆုံး ဖြစ်ခဲ့ပြီး အခုအခါ ရေလွှမ်းတဲ့ ကျေးရွာတွေကို ထမင်းထုပ်တွေ သွားရောက် ဝေငှနေရတယ်၊ မန္တလေး၊ မိုးကုတ် ကားလမ်းကိုလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ် အတွင်းမှာ တည်ရှိတဲ့ ဆည်တော်ကြီး ရေကာတာကနေ ရေလွှတ်ပေးတာကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ မနေ့ညနေပိုင်းမှာတော့ ရေလွှတ်တာ ပိုများခဲ့တာကြောင့် ဆည်တော်ကြီးဆည်က ဆင်းလာတဲ့ ချောင်းမကြီးနဲ့ သူ့ရဲ့ ချောင်းလက်တက်အကြားက ကျေးရွာတွေ ရေလွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာဆို မတ္တရာမြို့ ဆင်ခြေဖုံး ရပ်ကွက်တွေထိ ရေရောက်နေပြီး မြို့အရှေ့ဘက်က ရွာပေါင်း ၃၀ လောက် ရေလွှမ်းမိုးနေတယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ရေတွေကြီးနေပါတယ်။ မတ္တရာမြို့ပေါ်တော့ မနစ်သေးဘူး။ တံငါသည် ဘောင်ကြီးရဲ့ မြောက်ဘက်က အရှေ့တတန်းက ရွာခြေတွေ အများကြီး နစ်သွားပါတယ်။ ခု ကယ်ဆယ်ရေးတွေ လုပ်နေတယ်။ ထမင်းထုပ်တွေ ဝေနေတယ်။ ဆည်တော်ကြီးကနေ တံငါသည်ထိဆို ရွာတွေ အများကြီးနစ်တာ၊ ခန့်မှန်းခြေဆို ရွာ ၃၀ လောက်တောင် မကလောက်ဘူး ထင်တယ်။ ၃၀ လောက် မကလောက်ဘူး။ ဆင်ရွာကြီးတို့၊ အုတ်တိုက်တို့၊ သပြေလှတို့၊ နောက် တံငါသည်၊ အင်းတံခါး၊ တပေချောင်း၊ ကျွဲတပ်၊ ပုဂံစု၊ ကိန္နရာ၊ အထက်တောင်ကိုင်း၊ အဲဒီဘက် အများကြီးပဲ၊ မသိတဲ့ရွာတွေက အများကြီးပဲ။”

ဆည်တော်ကြီးဆည်နဲ့ မတ္တရာမြို့ဟာ အနည်းဆုံး ၂၄ မိုင်လောက် ကွာဝေးတာဖြစ်ပြီး အဲဒီကြားမှာရှိတဲ့ ရွာတွေ နစ်မြုပ်နေတာ ဖြစ်ပါတယ်။

ထမင်းထုပ်ဝေတာနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို မတ္တရာမြို့ခံ လူမှုရေးအသင်းတွေ၊ တသီးပုဂ္ဂလ စေတနာရှင်တွေနဲ့ မီးသတ်တပ်ဖွဲ့တွေက စက်လှေတွေနဲ့ ဆောင်ရွက်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

အရင်ရက်တွေက ဆည်ရေလွှတ်တာကို အချိန်ပိုင်းနဲ့လွှတ်ပြီး အချိန်ပိုင်းနဲ့ ရပ်ခဲ့တာ ဖြစ်ပါတယ်။ မနေ့ညနေပိုင်းကတော့ ရေလွှတ်တာ ပိုများတာကြောင့် မန္တလေး၊ မိုးကုတ်ကားလမ်းကို ပိတ်လိုက်ရတယ်လို့ အခြား ဒေသခံ တယောက်က ပြောပါတယ်။

“ကားလမ်းက မနေ့တုန်းက စပိတ်တာပေါ့။ တမြန်မနေ့က ဆည်တော်ကြီး ဖွင့်ပြီးတော့ ပြန်ပိတ်တဲ့ အချိန်မှာ ကားပြန်ကူးလို့ရတယ်။ မနေ့တုန်းက ညနေစောင်းမှာ ရေထပ်လွှတ်တော့ အသွားအလာကို ပိတ်ပစ်လိုက်တယ်။ အခုလည်း ပိတ်ထားတယ်။ ကားလမ်းပေါ်မှာ လူတရပ်လောက် နစ်တဲ့နေရာ ရှိတယ်။ ခါးစောင်းလောက် နစ်တဲ့နေရာ ရှိတယ်။ အဲလောက်ထိကို နစ်သွားတယ်။ တံငါသည် ကားလမ်းနံဘေးဆိုရင် နှစ်ထပ်အိမ် ကြမ်းခင်းမြုပ်တယ်။ ၁၀ ပေ ၀န်းကျင်လောက် ရှိမယ်။ ကားလမ်းနံဘေးပေါ့နော်။ ၁၀ ပေ၀န်းကျင်လောက်ထိ မြုပ်သွားတယ်။”

ဆည်တော်ကြီး ရေအားလျှပ်စစ် စီမံကိန်း စက်ရုံက တာဝန်ရှိသူကတော့ ဒီရက်ပိုင်းတွင်း မိုးကုတ်ဘက်မှာ မိုးများတာကြောင့် ဆည်တော်ကြီး ရေလျှံပြီး ကျိုးပေါက်မှာ စိုးရိမ်လို့ အခုလို ရေလွှတ်ပေးရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ဌာနမှာ Rule and regulation ညွှန်ကြားချက်တွေ သတ်သတ်မှတ်မှတ် ထားခဲ့ပြီးသား၊ စီမံကိန်း ပြီးကတည်းကလေ။ အကယ်၍သာ ကျနော်တို့က နင်ပဲငဆ ထိန်းထားရင် ကျိုးပေါက်သွားရင် ပိုပြီး ထိခိုက်ဆုံးရှုံး နစ်နာမှုတွေ ဒီထက်ပိုပြီး ကြီးမားမှာ။ ဆည်တော်ကြီးကတော့ တမံအနေနဲ့ သူ့လုပ်ရိုးလုပ်စဉ် လုပ်နေရတဲ့ သဘောပေါ့။ ဆည်ထဲမှာ ရေမှတ် ရေပြင်တွေ တအားမြင့်တက်လာရင် ထပ်လွှတ်ရမှာ။”

မနေ့က ရေထုတ်လွှတ်နေတာကတော့ ပေ ၄၀ အကျယ်၊ ၃၅ ပေ အမြင့်ရှိတဲ့ ဆည်ရေတံခါး ၇ ပေါက်ကနေ ၇ ပေအမြင့် ဖွင့်ပြီး ထုတ်လွှတ်ခဲ့တာပါ။ လက်ရှိမှာတော့ ၂ ပေအမြင့်နဲ့ ထုတ်လွှတ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီထုတ်လွှတ်လိုက်တဲ့ရေဟာ ချောင်းမကြီး ချောင်းအတိုင်း မတ္တရာမြို့ မြောက်ဘက်ကနေ ဧရာဝတီမြစ်တွင်းကို စီးဝင်မှာ ဖြစ်ပါတယ်။ အခုအခါ ဧရာဝတီမြစ် အတွင်းမှာလည်း ရေအီနေတာကြောင့် ချောင်းမကြီး ချောင်းရေမဆင်းနိုင်တာလို့ သုံးသပ်တာလည်း ရှိပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ဆည်တော်ကြီးဆည်နဲ့ ဆည်တော်လေးဆည် ဖောက်ချခဲ့တာကြောင့် မန္တလေးမြို့ဘက်မှာ ရေလွှမ်းမိုးနေပါတယ်။ ဆည်တော်ကြီးဆည် တာဝန်ခံကတော့ ခုလွှတ်တဲ့ရေဟာ မန္တလေးဘက်ကို မရောက်နိုင်ဘူးလို့ ပြောပါတယ်။

XS
SM
MD
LG