မြန်မာနိုင်ငံအနှံ့မှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန်၊ ရေကြီးမှုတွေကြောင့် လူထိခိုက် သေဆုံးမှုတွေ ရှိနေသလို ဒီသီတင်းပတ်ထဲ ဆက်လက်မိုးကြီးနိုင်တဲ့အတွက် မြေပြိုမှုတွေ၊ ရုတ်တရက်ရေကြီးမှုတွေ ကြုံရနိုင်တယ် လို့လည်း ခန့်မှန်းထားပါတယ်။ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာလည်း မိုးသက်လေပြင်း ကျရောက် နိုင်တာကြောင့် သတိထားဖို့လိုအပ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က စုံစမ်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မိုးကြီးရေလျှံမှုတွေ နိုင်ငံအနှံ့ ကြုံခဲ့ရပြီး ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တော့ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရပိုင် သတင်းတွေမှာ ဒီကနေ့ ဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂကတော့မိုးသည်းထန် ရေကြီးမှုတွေကြောင့် လူ ၉ ဦး သေဆုံးပြီး နိုင်ငံအနှံ့ လူပေါင်း ၇ သောင်း ရေဘေးဒဏ်ခံခဲ့ရတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်ပြည်နယ် မိုးကောင်း၊ နမ္မတီး၊ ဖားကန့်၊ စစ်ကိုင်းတိုင်းမှာ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ အင်းတော်၊ မော်လူး၊ ကနီ စတဲ့ဒေသတွေနဲ့ မန္တလေးတိုင်းအတွင်းက စဉ့်ကူး၊ မိုးကုတ်၊ ရှမ်းပြည်နယ် သီပေါ စတဲ့ဒေသတွေမှာ ရေကြီး ရေလျှံတာတွေဖြစ်ခဲ့ပါတယ်။
လောလောဆည်မှာတော့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ဘက်က အခြေအနေကိုတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဆရာတော် ဦးဣန္ဒာစာရက အခုလိုမိန့်ကြားပါတယ်။
“ရေက ကျတဲ့နေရာသာကျပြီးတော့ ကျန်တဲ့နေရာတွေ ကျန်နေသေးတယ်ဗျ။ ဒုက္ခသည် စခန်းတွေကနေ ရေလွတ်ကင်းသွားတဲ့ရွာတွေကို ပြန်နိုင်တဲ့ရွာသူရွာသားတွေလည်းရှိသလို အခုအချိန်ထိအောင်ပဲ ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေကြတဲ့ရွာတွေလည်းပဲ ရှိနေဆဲပေါ့ဗျာ။ လမ်းပန်းဆက်သွယ်ရေးကြောင့် အခက်အခဲရှိနိုင်တဲ့ရွာတွေ၊ မရောက်ရှိနိုင်တဲ့ရွာတွေကတော့ ဒီရိက္ခာတွေလည်းပဲ ရောက်လာတာကတော့ နည်းပါတယ်ဗျ။ နိုင်ငံတော်အစီအစဉ်နဲ့ ဟိုက်စ်ကီးတွေနဲ့ ချပေးထားတာကတော့ ရှိပါတယ်ဗျ။ စားစရာ ဆန်ပေါ့လေ။”
ကောလင်းမြို့နယ်မှာ ရေလွှမ်းတဲ့ရွာ ၈၈ ရွာရှိပြီး ပြောင်းရွှေပြီးနေရတဲ့ရွာ ၂၉ ရွာနဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ လာရောက်တဲ့ရွာကတော့ ၁၅ ရွာရှိခဲ့တယ်လို့ မိန့်ကြားပါတယ်။ လတ်တလော ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင် စတာတွေ လိုအပ်ပြီး နောက်ပိုင်းမှာ လယ်ယာတွေ ပြန်လည်ထူထောင်ဖို့ အထောက်အပံ့တွေ လိုအပ်နေတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အတွင်း ရေကြီးရေလျှံတာကြောင့် မြစ်ကြီးနား- မန္တလေး မီးရထား အဆက်အသွယ်လည်း ပြတ်တောက်နေခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ မြစ်ကြီးနားကနေ မိုးညှင်းအထိ ရထားပြန်လည်ပြေးဆွဲနေပြီး မန္တလေး မြစ်ကြီးနားကိုတော့ နောက်လ ၃ ရက်နေ့လောက်မှ ပြန်လည် ပြေးဆွဲ နိုင်မယ့် အခြေအနေရှိကြောင်း မြစ်ကြီးနားဘူတာက တာဝန်ကျ အရာရှိတဦးက ပြောပါတယ်။
“တခြားလမ်းမသွားခိုင်းသေးဘူး၊ ကျနော်တို့ ဒီကနေ မိုးညှင်းအထိတော့ ပြေးဆွဲနေတယ်။ မန္တလေးက လာတဲ့ဟာ ဒီဘက် စက်တင်း လောက်အထိတော့ လာလို့ရတယ်လေ။ တောက်လျှောက် လုံးကိုက လကုန်ပြီး ၃ ရက်နေ့လောက် ခန့်မှန်းထားတယ်ဗျ။ အပြီးအစီးကို”
ရွှေဘို-မြစ်ကြီးနားကားလမ်းကတော့ တောင်ကျရေကြောင့် ဟဲနုချောင်းတံတား ပျက်စီးသွားတာကြောင့် မော်လူးမြို့မှာ ကုန်တင်ကား အစီး ၁၀၀လောက်ပိတ်မိနေတယ်လို့ မော်လူးဒေသခံတယောက်က ပြောပါတယ်။
ဒီလိုရေကြီးရေလျှံတာကြောင့် သီပေါနဲ့ တာပုလဲအကြားရှိ တံတားရေလယ်တိုင် တိမ်းစောင်း သွားတာကြောင့် လားရှိုး-မန္တလေးရထားခရီးစဉ်တွေကို ဒီလ ၂၆ ရက်နေ့ကနေ နောက်လ ၄ ရက်နေ့ အထိ ၁၀ ရက်လောက် ရပ်နားထားမှာဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းနဲ့ မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်/မြေပြင် လေဟာ တစ်နာရီမှာ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်းလည်း မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေကြောင့် မြေပြိုတာ၊ လျှပ်တပြက်ရေကြီးတာနဲ့ ပင်လယ်ပြင်သွားသူတွေ သတိထားဖို့ လိုအပ်ကြောင်း မိုး/ဇလ ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင် နိုင်တီယမ်က ပြောပါတယ်။
“မြေပြိုတာလည်း မိုးများရင်တော့ ဖြစ်နိုင်တယ်။ တောင်ပေါ်ဒေသတွေမှာ- ဥပမာ ချင်းပြည်နယ်တို့၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်- အဲလိုမျိုး တောင်ပေါ်ဒေသဆို မြေပြိုတာ တော်တော်ဖြစ်ပါတယ်။ landslide လည်း တော်တော်သတိထားရမယ့် အခြေအနေရှိတာပေါ့နော်။ နောက်လည်း ရေကြီးတာ၊ ကမ်းရိုးတန်းမှာလည်း သတိထားရမှာပေါ့။ လေကလည်း အခု တနာရီကို မိုင် ၄၀၊ ၄၅ လောက် တိုက်မယ်လို့ ကျမတို့ မှန်းထားတယ်ဆိုတော့။ ငါးဖမ်းလှေတွေလည်း တော်တော်သတိထားရမှာပေါ့နော်။ ပင်လယ်ပြင်ထွက်တဲ့ ငါးဖမ်းလှေတွေ၊ ပင်လယ်ပြင်မှာသွားတဲ့ သင်္ဘောတွေလည်း သတိပေးထားဖို့ လိုအပ်ပါတယ်။”
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့ရဲ့ အနောက်- အနောက်မြောက်ဖက် မိုင် ၁၄၀၊ စစ်တွေမြို့ရဲ့အနောက်မြောက်ဘက် မိုင် ၁၉၀ အကွာမှာ ဆက်လက်တည်ရှိနေပြီး နောက် ၃ ရက်ကျော်လောက်မှာ အိန္ဒိယဘက်ကို ဦးတည်မယ့် အခြေအနေရှိကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီမုန်တိုင်းငယ်ကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ခုလောက်မှာ ၃ရက်လောက်ဆက်ပြီး မိုးကြီးနိုင်တဲ့အခြေအနေရှိနေတယ်လို့ မိုး/ဇလ ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင် နိုင်တီယမ်က ပြောပါတယ်။