မြန်မာသုံး ကျပ်ငွေ ကို နိုင်ငံခြား ငွေနဲ့ လဲလှယ်တဲ့ နေရာမှာ အစိုးရ အရင်က သတ်မှတ် ထိန်းချုပ်လာတဲ့ စနစ်ကို အခုတော့ လျှော့ပေးလိုက်ပါပြီ။ ဒါကြောင့် မို့လို့ ဒီကနေ့ က စပြီး အသက်ဝင်တဲ့ ငွေလဲနှုန်းက ဈေးကွက်ထဲ မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၁၈ ကျပ်နှုန်း နဲ့ ဈေးကွက်ထဲမှာ ပေါက်သွား ပါတယ်။ အရင် ငွေလဲ နှုန်း မျိုးစုံ နဲ့ တွက်ချက်နေ လို့ ရှုပ်နေတာက နေ အခုလို မျိုး ငွေလဲနှုန်း တစ်ခုတည်း ဖြစ်လာတာက အစကောင်း ပြောင်းလဲ တာဖြစ်တယ် လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒီလိုဘဲ လိုအပ် တစ်ချို့ ရှိနေသေးတာ ကိုလည်း သူတို့ က အကြံပေးပြီး ထောက်ပြ ကြပါတယ်။
ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာ အပြီး နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှု တွေ စ လုပ်လာခဲ့ ရာမှာ အခုလို ငွေလဲနှုန်းကို ဈေးကွက် အတိုင်း နီးပါး တစ်သတ်မတ်တည်း ဖြစ်သွားအောင် လျှော့ပေ့ါ ဖန်တီးပေးလိုက်တာ ဟာ ကြီးမားတဲ့ လုပ်ရပ် တစ်ခုဖြစ်တယ် လို့ သုံးသပ် သူတွေ က ဆိုကြပါတယ်။
မြန်မာ နိုင်ငံ ဗဟိုဘဏ်က သတင်း ဆိုင်ရာ တာဝန် ရှိသူ ဗိုလ်မှူးကြီး ဝင်းသော် က အခုလို ပြောင်းလဲ လိုက်တာဟာ အရင်လို လိုသလို ဆုံးဖြတ်ချက် ချ လုပ်တာ မဟုတ်ဘဲ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ အပါအဝင် အားလုံး နဲ့ တိုင်ပင် ညှိနှိုင်းပြီး လက်တွေ့ကျအောင် လုပ်လိုက်တာ ဖြစ်တယ် လို့ ဆိုပါတယ်။
“ကျနော်တို့ သဘောနဲ့ ကျနော်လို့ လုပ်တာ မဟုတ်ဘဲ နဲ့ အင်တာနေရှင်နယ် က အကြံပြုချက် နဲ့ IMF ရဲ့ အကြံပြုချက်ရယ်၊ သူ့ရဲ့ Experts တွေပါ ပါဝင်ပြီးတော့မှ ကျနော်တို့က ကော်မတီလေး တစ်ခု ဖွဲ့တယ်။ အဲဒီ ကော်မတီကနေ ပြီးတော့ မှ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရထားတဲ့ Authorized Dealers License ရထားတဲ့ ပုဂ္ဂလိက ဘဏ် (၁၁) ဘဏ် ကို ခေါ်ပြီးတော့ မှ သူတို့နဲ့ လေလံ လုပ်တာပေ့ါဗျာ။ လေလံ လုပ်ပြီးတော့ သူတို့ ဆီက ဝယ်လိုအား ရောင်းလိုအား ပေါ် မူတည် ပြီးတော့မှ ချိန်တွက် ပြီးတော့မှ တွက်တဲ့ method တွေ အများကြီး တွေထဲက နည်းတစ်နည်း နဲ့ တွက်တာပေ့ါဗျာ။ ထွက်လာတဲ့ rate က reference rate ပေါ့။ reference rate ကို ကျနော်တို့က ဒီနေ့ ကြေငြာလိုက်တာ။”
ဗိုလ်မှူးကြီး ဝင်းသော် ကပဲ အရင် အစိုးရ ငွေလဲနှုန်း က တစ်ခု၊ ဈေးကွက်ထဲမှာ ဖြစ်နေတဲ့ ငွေလဲနှုန်းက တစ်ဖုံ နည်းမျိုးစုံ ဖြစ်နေရာကနေ ဒီနေ့ တစ်သတ်မတ်တည်း ဖြစ်လာတဲ့ ငွေလဲနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ (၈၁၈) ကျပ်နှုန်း ဖြစ်ပြီး ဈေးကွက်နဲ့ အညီ နေ့စဉ် အပြောင်းအလဲ လုပ်ပေးသွားမယ် လို့ ဆိုပါတယ်။
“ဟုတ်ကဲ့။ ၈၁၈ က ကျနော်တို့ ဒီနေ့ ကြေငြာလိုက်တဲ့ rate ပေါ့။ ကျနော်တို့ အခု ကျင့်သုံး လိုက်တဲ့ ဟာက manage floating exchange rate regime ပါ။ အဲဒီ အတွက် ကျနော်တို့ က ဒီဟာကို auction လုပ်ပြီးတော့ မှ နေ့စဉ် ထုတ်ပြန်သွားပါမယ်။”
ဒါ့အပြင် အခုလို ပြောင်းလဲ လိုက်တာကို IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကလည်း ကြိုဆိုတာ မို့ မြန်မာ့ စီးပွားရေး အတွက် အလားအလာကောင်းတယ် လို့ ဗိုလ်မှူးကြီး ဝင်းသော် က ဆက်ပြောပြပါတယ်။
“ဒီနေ့ ထုတ်ပြန်တဲ့ အပေါ်မှာ IMF အနေနဲ့ကလည်း ကျနော်တို့ ဆောင်ရွက်မှု ကို ကြိုဆိုကြောင်းပေါ့ဗျာ။ ကြိုဆိုကြောင်း အီးမေးလ် ပို့တယ်။ ပြောတယ်။”
သုံးသပ်သူတွေ ဘက်ကလည်း အရင် အရမ်းကွာခြားနေတဲ့ အစိုးရ ငွေလဲနှုန်းနဲ့လည်း အပြင်ဈေးကွက် ပေါက်နှုန်းကို တစ်ခုတည်း အခုလို ဖြစ်အောင် လုပ်လိုက် နိုင်တာကြောင့် အစိုးရ နဲ့ ပုဂ္ဂလိက အကြား မမျှ မတ ငွေလဲ နေရတာနဲ့ ဒီငွေကြေး လဲလှယ်မှုက နေ လာဘ်စားမှုတွေ လုပ်တာကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်တယ်လို့ ထောက်ပြလိုက် ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါး အသင်း အတွင်းရေးမှူး ကိုရဲမင်းအောင်ကလည်း အခုလို ပြောင်းလဲ လိုက်တာဟာ အစကောင်း ဖြစ်တယ် လို့ ကြိုဆိုလိုက်ပါတယ်။
“ပြည်တွင်းမှာလည်း ဒါ တကယ်ကို လိုအပ်နေတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ တိုင်းပြည်ကို investment လာလုပ်မယ့် နိုင်ငံခြား investors တွေ ကဘဲ ဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေက ဘဲ ဖြစ်ဖြစ်၊ အရင်ကလို multiple rate တွေ ဖြစ်နေတာ business environment က healthy မဖြစ်ဘူး လို့ သူတို့ ပြောကြတယ်လေ။ ဒါကလည်း ကျနော်တို့ အဓိက အချက်ဖြစ်တော့ အခုလိုမျိုး စပြောင်းလိုက်တာ ကောင်းတဲ့ beginning တစ်ခု ဖြစ်တယ်လို့ အနေအထားက တော့ သုံးသပ် ထားရှိပါတယ် ခင်ဗျ။”
ဒါပေမဲ့ ဆန်စပါး အပါအဝင် မြန်မာနိုင်ငံက အဓိက Export နိုင်ငံခြား ပို့ကုန် လုပ်ငန်းကို ပိုအားကောင်း လာစေချင် ရင်တော့ Export တင်ပို့ တဲ့ ဈေးကွက်မှာ ပြိုင်ဆိုင်နိုင်တဲ့ ငွေလဲနှုန်း အနေအထား ရောက် အောင် ထိန်းညှိဖန်တီးပေး ဖို့ လိုမယ် လို့ ဆိုပါတယ်။
“လက်ရှိ သတ်မှတ်ထားတဲ့ Exchange rate က ဒီ ဟားဗတ် တက္ကသိုလ်က အဖွဲ့တွေ ပြောထားတဲ့ နှုန်းထားနဲ့ ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ competitive level ကို အစွမ်းကုန် မြှင့်တင်ပေးတဲ့ အနေအထား မရှိသေးဘူး ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ဆန်စပါးတို့၊ ပဲတို့၊ ရေလုပ်ငန်းတို့ လုပ်နေတဲ့ လူတော်တော် များများက ဒီ Exchange rate အနေအထား အပေါ်မှာ အများကြီး မှီခိုရပါတယ် ခင်ဗျ။ အဲဒီလို Exchange rate ကောင်းကောင်းဖြစ်မှ အထူး သဖြင့် ကျနော်တို့က ပြောကြတာတော့ ၉၀၀ လောက်ဖြစ်မှ သူတို့က competitive level ရှိတယ် လို့ ပြောကြပါတယ်။”
ဒါ့အပြင် ကိုရဲမင်းအောင် ကဘဲ အခုလို ပြောင်းလဲ လိုက်တာက အစကောင်း ဖြစ်ပေမဲ့ Import သွင်းကုန် သမားတွေ အတွက်လည်း ဒီလက်ရှိ ဈေးနှုန်းကြောင့် ဈေးကြီးမှုတွေ တစ်စုံတစ်ရာ ထိခိုက်စေ သေးတယ် လို့ ထောက်ပြ လိုက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲတွေ အပြီး အနောက်နိုင်ငံတွေ ဘက်က စီးပွားရေး ပိတ်ဆို့မှု တွေ တစ်ချို့ လျှော့ချ လာပေးပြီး ရင်းနှီး မြုပ်နှံမှုတွေ ပြန်ဝင် လာနိုင်တဲ့ အခြေအနေမှာ အဟန့် အတား ဖြစ်နေသေးတဲ့ ပြည်တွင်း စီးပွားရေ ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေ လိုအပ်လာတယ် လို့ ဝိုင်းဝန်း ထောက်ပြနေကြ ချိန်မှာ အခုလို ငွေလဲနှုန်း အပြောင်းအလဲ ဖြစ်လာတာ ဖြစ်ပါတယ်။