သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီယားရောက်ရှိ


မြန်မာကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီယား Pyongyang မြို့တော်ကို ရောက်ရှိ (စက်တင်ဘာ ၁၄၊ ၂၀၁၅)
မြန်မာကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီယား Pyongyang မြို့တော်ကို ရောက်ရှိ (စက်တင်ဘာ ၁၄၊ ၂၀၁၅)

မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြောက်ကိုရီးယားနိုင်ငံ Pyongyang မြို့တော်ကို စက်တင်ဘာ ၁၄ ရက်နေ့ တနင်္လာနေ့က ရောက်ရှိနေပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ Pyongyang ကို ဆိုက်ရောက်လာပြီး မြောက်ကိုရီးယားအရာရှိတွေက ကြိုဆိုနှုတ်ဆက်ကြပုံကိုမြောက်ကိုရီးယားအစိုးရ သတင်းဌာန KCNA ရဲ့ သတင်း video မှာ တွေ့ရတယ်လို့ Reuters သတင်းတပုဒ်မှာ ပြောထားပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီသတင်းကို အတည်ပြုပြီး၊ နိုင်ငံခြားရေးဌာန ကိုယ်စားလှယ်အဖွဲ့အဖြစ် သွားရောက်တဲ့ခရီးစဉ်လို့ ဆိုပါတယ်။ မြန်မာအစိုးရဟာ ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံနဲ့ရော ဒီမိုကရက်တစ် တောင်ကိုရီးယား နိုင်ငံပါ သံတမန်ဆက်ဆံရေးရှိတာပါ။ မြန်မာနိုင်ငံ ရန်ကုန် အာဇာနည်ကုန်းမှာ ၁၉၈၃ ခုနှစ်က တောင်ကိုရီယားသမ္မတဦးဆောင်တဲ့အဖွဲ့ကို မြောက်ကိုရီယားထောက်လှမ်းရေးက ဗုံးခွဲတိုက်ခိုက်ခဲ့လို့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့တဲ့နောက်၊ မြန်မာအစိုးရဟာ မြောက်ကိုရီးယားနဲ့ ၂၀၀၇ မှာ သံတမန်ဆက်ဆံရေး ပြန်စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်မှာတော့ ဒုံးလက်နက်စနစ်နဲ့အခြားစစ်လက်နက်တွေကို မြောက်ကိုရီယားဆီ မြန်မာက ဝယ်ယူခဲ့တာပါ။ မြန်မာနိုင်ငံမှာ အခုနှစ်ပိုင်းတွေအတွင်း တွေ့ရတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေအတွက် ထောက်ပံ့အားပေးတဲ့ အမေရိကန်ပြည်ထောင်စုကတော့ မြန်မာအစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေ မလုပ်ဖို့နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံဖြတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယားတို့အကြား စစ်ရေးဆက်ဆံမှုတွေ မပြတ်သေးဘူးဆိုတဲ့ သတင်းတွေအပေါ်မှာလည်း အမေရိကန်အစိုးရပိုင်းရော လွှတ်တော်မှာပါ မကြာမကြာ စိုးရိမ်မကင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

XS
SM
MD
LG