သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှားပါးငှက် မျိုးစိတ် ပဲခူးမှာတွေ့ရှိ


ရှားပါးဌက်မျိုးစိတ် Jerdon’s babbler- Photo credit to Wildlife Conservation Society
ရှားပါးဌက်မျိုးစိတ် Jerdon’s babbler- Photo credit to Wildlife Conservation Society

မျိုးတုန်းပျောက်ကွယ်သွားပြီလို့ ယူဆထားကြတဲ့ ရှားပါးငှက်တမျိုးကို နှစ်ပေါင်း ၇၄ နှစ်အကြာ မြန်မာနိုင်ငံမှာ သိပ္ပံပညာရှင်တွေ ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။ Jerdon’s babbler လို့ခေါ်တဲ့ စာကလေးအရွယ် ငှက်ကလေးတွေကို ပဲခူးတိုင်းအတွင်း တွေ့ရှိခဲ့တဲ့ အကြောင်း ပူးတွဲသုတေသနလုပ်ခဲ့တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုအဖွဲ့ Wildlife Conservation Society (WSC) က မနေ့တုန်းကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

Jerdon’s babbler ငှက်တွေကိုတော့ ၁၉၄၁ ခုနှစ်က စစ်တောင်းမြစ် အနီး နောက်ဆုံးအကြိမ် တွေ့ခဲ့ရပြီးနောက် မျိုးတုန်းပျောက်ကွယ်သွားပြီလို့ ယူဆထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ် မေလထဲမှာ တကျော့ပြန်တွေ့ရှိခဲ့တဲ့ အထောက်အထားတွေ ရခဲ့ပြီးနောက် WSC စင်္ကာပူအမျိုးသား တက္ကသိုလ်နဲ့ မြန်မာ သဘာဝနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေးဌာနတို့ ပူးပေါင်းပြီး ဆက်လက် သုတေသန လုပ်ခဲ့ကြတာပါ။

အခုတွေ့ရှိမှုကြောင့် ငှက်တွေ မျိုးမတုန်းသေးဘူးဆိုတာ သိလာရသလို၊ သူတို့ကျတ်စားရာ ဒေသတွေ ရှိနေဆဲ ဆိုတာကို သက်သေပြနိုင်ခဲ့တယ်လို့လည်း WSC ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Colin Poole က ကြေညာချက် မှာ ပြောဆိုခဲ့ပါတယ်။ အခုအခါမှာတော့ ငှက်တွေ ကျင်လည်ကျတ်စားတဲ့ နေရာဘယ်လောက်များများ ကျန်သေးလဲ ဆိုတာကို သိအောင် လေ့လာဖို့ ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။ Jerdon’s babbler ငှက်တွေကိုတော့ ဗြိတိသျှ ပညာရှင် T. C. Jerdon က ၁၈၆၂ ခုနှစ်က ပဲခူးတိုင်း၊ မြစ်ကျိုးမြို့မှာ စတင်တွေ့ရှိခဲ့တာပါ။

ဒါပေမဲ့လည်း စစ်တောင်းမြစ်နားက ဒီဒေသမှာ လူတွေပိုမိုအခြေချ နေထိုင် လာတာနဲ့အမျှ မျိုးတုန်းပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိတဲ့ အနီရောင်စာရင်းမှာ ထည့်သွင်းမှတ်တမ်း တင်ခံရတဲ့အထိပါ။ ငှက်မျိုးစိတ်နဲ့ ပတ်သက်လို့ နောက်ထပ် အတိအကျ ခွဲခြမ်းစိတ်ဖြာ သိနိုင်ဖို့လည်း စင်္ကာပူအမျိုးသား တက္ကသိုလ် ဓာတ်ခွဲခန်းမှာ DNA စစ်ဆေး စမ်းသပ်မှုတွေ ဆက်လုပ်သွားမယ်လို့လည်း (WSC) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG