သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့်ဆန္ဒပြပွဲ လုံခြုံရေးတင်းကျပ်


သတင်းလွတ်လပ်ခွင့်ဆန္ဒပြပွဲ ( စက်တင်ဘာ ၁၆-၂၀၁၈)
သတင်းလွတ်လပ်ခွင့်ဆန္ဒပြပွဲ ( စက်တင်ဘာ ၁၆-၂၀၁၈)

ထောင်ချခံလိုက်ရတဲ့ ရိုက်တာသတင်းသမားနှစ်ဦး အမြန်ဆုံး လွတ်မြောက်ရေးအပါအဝင် သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေအတွက် သတင်းသမားတွေနဲ့ တတ်ကြွလှုပ်ရှားသူတွေပူးပေါင်းပြီး ဆန္ဒပြပွဲတရပ် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ပြုလုပ်ကြပါတယ်။ ဒီပွဲကို တရားဝင်ခွင့်ပြုချက်ရဖို့ ပွဲကို ဦးဆောင်စီစဉ်သူတွေဘက်က အကြိမ်ကြိမ် ခွင့်တောင်းခဲ့ကြရပြီးနောက်မှာမှ ခွင့်ပြုချက်ရခဲ့တာဖြစ်ပြီး၊ ဆန္ဒပြချိန်မှာလည်း ရဲလုံခြုံရေးအတော်မာျးများ ချထားပါတယ်။ ပြည်သူလူထုသတင်းမှန်ရရှိရေးလှုပ်ရှားမှုမှာ သတင်းသမားတွေနဲ့အတူ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့သူ လူ့အခွင့်အရေးလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုဆောင်ရွက်မှုကော်မတီက မသဉ္ဇာရွှမ်းလဲ့ရည်ကို ဗွီအိုအေမြန်မာပိုင်းကမဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မသဉ္ဇာရွှမ်းလဲ့ရည်။ ။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင် ၇ နှစ်ချပြီးတဲ့ နောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် ရန်ကုန်မြို့မှာ အရပ်ဖက်အဖွဲ့အစည်းတွေရော မီဒီယာတွေရော ပူးပေါင်းပြီးလုပ်တဲ့ Public Action လူထုလှုပ်ရှားမှု ဖြစ်တယ်။ ကျမတို့ ပြည်သူတွေရဲ့ ခံစားချက် ပြည်သူတွေရဲ့ အမြင်ယူဆချုက်ကို ထုတ်ဖော်ဖို့ ကျမတို့မှ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက်ကြောင့် ပူးပေါင်းတယ်။ ဦးဆောင်စီစဉ်ကြတဲ့ Journalist တွေကလည်း သူတို့ ရပ်တည်ချက်နဲ့ အခက်အခဲတွေပေါ့နော် ။ တော်တော်လေးကိုအခက်အခဲအကျပ်အတည်းကနေ ခွင့်မပြုဘူး ဆိုတဲ့ အကြောင်းအရာထဲကနေမှ မဖြစ်မနေ စီစဉ်တယ်ဆိုတော့ ကျမတို့က ကျမတို့ရဲ့ စုစည်းညီညွှတ်အားပေါ့နော် ကျမတို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ၊ လွတ်လပ်စွာစုဝေးပြီးတော့ ပြောဆိုခွင့်ကို ကျမတို့ ထောက်ခံတယ်။ ဒါမျိုးပိတ်ပင်တာကို လက်ခံဘူးဆိုတာလည်း ပြချင်တဲ့အတွက်ကြောင့် ဒီမှာလာရောက်စုဝေးကြတာပါ။

မဆုမွန်။ ။ ပြည်သူလူထုသတင်းမှန်ရရှိဖို့ လွတ်လပ်ခွင့်ကို အလေးထားသူတွေ ပူးပေါင်းပါဝင်ဖို့ဆိုပြီးတော့ ပွဲစီစဉ်တဲ့ သတင်းသမားတွေလည်း ဖိတ်ခေါ်ထားတာရှိတယ်။ ဒီနေ့လုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ လူထုရဲ ပူးပေါင်းပါဝင်မှု အခြေအနေရော ဘယ်လိုရှိပါသလဲ။

မသဉ္ဇာရွှမ်းလဲ့ရည်။ ။ ဒီတခေါက်က တော်တော်လေးအားရဖို့ကောင်းတယ် ဘာဖြစ်လို့လဲဆိုတော့ သတင်းမီဒီယာတော်တော်များများလည်း လာရောက်ပြီး သတင်းယူကြတယ် ၊ တချိန်တည်းမှာ သတင်းမီဒီယာတွေကိုယ်တိုင်ကလည်း ဝင်ရောက်ဆန္ဒပြသူ ဝင်ရောက်ပြီးတော့ ဆန္ဒထုတ်ဖော်တဲ့လူတွေဖြစ်နေတာတွေတွေ့ရတယ်။ နောက်ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်တာက အရင်ပွဲတွေထက်စာရင် ပိုများလာတယ်။ သူတို့ အာင်အားပြပေးတယ်ပေါ့နော်။ ကျမတို့နဲ့ အတူတူရှိနေတယ်ဆိုတာကို ကျမတို့အတွက်က တော်တော်လေးကို အားရစရာပွဲတပွဲ ဖြစ်ပါတယ်။

မဆုမွန်။ ။ ဒီနေ့လူထုလှုပ်ရှားမှုပေါ့နော် သတင်းသမားတွေရာ ပြည်သူရော ပူးပေါင်းပါဝင်တဲ့ လှုပ်ရှားမှုကနေပြီးတော့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို ဘယ်လိုအချက်တွေကို အဓိက တောင်းဆိုခဲ့ကြပါသလဲ။

မသဉ္ဇာရွှမ်းလဲ့ရည်။ ။ ဒီနေ့ အဓိကက ကျမတို့တောင်းဆိုချက်ကို ထုတ်ဖော်တယ် ပြောဆိုတယ်။ ဒါ့အပြင် Performance လို့ ခေါ်တဲ့ သရုပ်ပြမှုလည်း လုပ်တယ်ပေါ့နော်။ သရုပ်ပြမှုမှာလည်း လက်ရှိအစိုးရရဲ့ အခန်းကဏ္ဍကို ဖော်ပြတဲ့ ပုံသဏ္ဍာန်မျိုး ၊ တရားရေးမဏ္ဍိုင်တိမ်းဆောင်းနေတဲ့ ကိစ္စကို ဝင်ရောက်တည့်မှတ်ပေးဖို့ ဒါမျိုးကို ကျမတို့က လိုလားနေတယ်ဆိုတာကို ပြလိုက်တာဖြစ်သလို တချိန်တည်းမှာ သတင်းမီဒီယာတွေအပေါ်မှာ ဖိနှိပ်နေတာမျိုး လွတ်လပ်စွာသတင်းရယူခွင့် ဒါတွေအပေါ်မှာ ထိခိုက်လာနေပြီဆိုရင် အားလုံးက ကျမတို့မှာ တာဝန်ရှိနေတဲ့အတွက်ကြောင့် တသားတည်းရှိနေတယ်ဆိုတာကို ပြလာတယ်လို့ ကျမတို့မြင်ရပါတယ်။

မဆုမွန်။ ။ အဲဒီတော့ ပထမတော့ခွင့်ပြုချက်မပေးခဲ့ဘူးပေါ့နော် နောက်တော့ ခွင့်ပြုချက်ရတယ်လို့ ပြောတယ်။ ဒီလူထုလှုပ်ရှားမှု မတိုင်ခင်မှာ လုံခြုံရေးအင်အားလည်း တော်တော်လေးချထားတာရှိတော့ အဲဒီနေအထားလေးလည်း နည်းနည်းပြောပြပေးပါဦး။ အခက်အခဲရှိခဲ့သလား ဘယ်လိုပုံစံမျိုးနဲ့ လုံခြုံရေးတာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးခဲ့ပါသလဲရှင့်။

မသဉ္ဇာရွှမ်းလဲ့ရည်။ ။ မနေ့က နေ့လည်လောက်အထိ လုပ်မယ့်ရက်မတိုင်ခင်တနေ့ပေါ့နော် ၊ မနေ့က နေ့လည်လောက်အထိ ကျမတို့က မသေချာနေဘူး။ ခွင့်ပြုမယ်-ခွင့်မပြုဘူး။ ကျတို့စိတ်ထဲမှာ တထစ်ချမှန်းလိုက်တာက ဘာလဲဆိုတော့ လာရောက်ဖျိုခွင်းမယ်၊ ဖမ်းဆီးမယ်၊ ရိုက်မယ် ဒါ့အပြင်ကျမတို့ကို တရားစွဲမယ် ဒီအထိအများကြီးတွေးထားတယ်။ Pressure တွေအများကြီးထဲကနေ မဖြစ်မနေလုပ်မယ်ဆိုပြီး အားတင်းပြီးတော့ ကြိုးစားနေကြတဲ့ အချိန်မှာ မနေ့ညနေမှာပဲ ဒါကို ခွင့်ပြုတယ်လို့ ပြောလာတော့ ဝမ်းသာတယ်၊ ကြိုဆိုတယ်၊ ဒါပေမယ့်လည်း တချိန်တည်းမှာ အဲလိုအတည်ပြုလိုက်တယ်ပေါ့နော်။ ကျမတို့ကို ခွင့်ပြုတယ်လို့ ပြောလိုက်တာက စာတတန်ပေတတန် တရားဝင် ခွင့်ပြုတယ်လို့ မဟုတ်ပဲနဲ့ တကယ်လုပ်မယ့် ပွဲနေ့လည်ကစပြီးတော့ လုံခြုံရေးအင်အားကို တကယ့်ကို ပုံမှန်ထက်ပိုတဲ့ လုံခြုံရေးအင်အားကို ချထားတာမျိုးတွေ တွေ့ရတယ်။ ကျမတို့ အရင်တုန်းက လုပ်မယ်ဆိုပြီး တင်ထားတဲ့ တခြားနေရာပေါ့နော် တာမွေလိုနေရာမျိုးတွေမှာလည်း လုံခြုံရေးအင်အားက ပိုများနေတယ်ဆိုတာ ကျမတို့မှာ စိုးရိမ်ချက်တွေ တက်လာတယ်။ တကယ်ဟုတ်ရဲ့လား ချောက်ထဲကျမတို့ကို ချဖို့လား ၊ အကွက်ဆင်ထားတာလား ပြောမယ်ဆိုရင် ရဲဌာနနဲ့ ရဲတွေရဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ်မှာ ကျမတို့ ဆန္ဒပြတဲ့လူတွေ Journalist တွေရော ယုံကြည်မှုအပိုင်းက တော်တော်လေးကို အားနည်းနေတယ်ဆိုတာ ပြလိုက်တဲ့သဘောတော့ဖြစ်သွားတယ်။ ဒီထက်ပိုပြီးတော့ ယုံကြည်မှု တည်ဆောက်ဖို့လိုသေးတယ်။ ပိုပြီးတော့လည်း ယုံကြည်ချင်ပါတယ်။ အချင်းချင်းသဘောတူညီမှု ၊ ညှိနှိုင်းမှုနဲ့ သွားမယ်ဆိုရင်တော့ ပိုကောင်းတဲ့ ဒီမိုကရေစီစနစ်ကို ရောက်လာမယ်လို့ မြင်တယ်။

မဆုမွန်။ ။ ဒီလိုလူထုလှုပ်ရှားမှု တွေ သတင်းသမားတွေရော၊ ဒီမိုကရေစီအင်အားစု တွေရော၊ အရပ်ဖက်အဖွဲ့အစည်းတွေရော၊ လူထုပါ ပူးပေါင်းပါဝင်တဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ နောက်ထပ် လုပ်ဖို့ စီစဉ်ထားတာရှိသလားမသဉ္ဇာရွှမ်းလဲ့ရည်။

မသဉ္ဇာရွှမ်းလဲ့ရည်။ ။ ရန်ကုန်က အစုအဖွဲ့အနေနဲ့ကတော့ လက်ရှိမှာ သေချာစီစဉ် ရမှာပေါ့နော်။ အဖွဲ့အစည်းကို ကိုယ်စားပြုတာမျိုးတောင်မဟုတ်ပဲနဲ့ စိတ်ဝင်စားရင် စိတ်ဝင်စားသလို အချိန်ပေးနိုင်ရင် အချိန်ပေးနိုင်သလို ၊ စာမေးပွဲတွေရှိနေတဲ့ကြားကနေ လူငယ်တွေအများကြီး ပူးပေါင်းပါဝင်လာတယ် ၊ သတင်းမီဒီယာဆိုရင်လည်း မီဒီယာထဲက စိတ်ဝင်တစားနဲ့ လုပ်နိုင်တဲ့အဖွဲ့တွေ စုစည်းကြတာပါ။ ဒီအထဲမှာ တကယ်ဖြစ်သင့်ဖြစ်ထိုက်လို့ လူငယ်တွေ စုစည်းပြီးတော့ စည်းလုံးစွာနဲ့ စီစဉ်ကြတာမျိုးပေါ့နော်။ ဆိုတော့ နောက်ဆက်တွဲ ဘယ်လို Activity တွေလုပ်ဖြစ်မယ်ဆိုတာ ကျမတို့အနေနဲ့ သေချာစနစ်တကျ ပူးပေါင်းပြီးတော့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်။ Volunteer base အပေါ်အခြေခံပြီးတော့ စုစည်းသွားမယ် နောက်ထပ်ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာထက် ၊ ရန်ကုန်မှာပဲ ဖြစ်နေစရာမလိုပဲ တနိုင်ငံလုံးအဆင့်မှာပါ မီဒီယာတွေရော CSO တွေပါ ကျမတို့နဲ့အတူတူ တောင်းဆိုလာဖို့ အဓိက ကျိုးစားသွားရမယ်လို့ မြင်တယ်။

မဆုမွန်။ ။ မသဉ္ဇာရွှမ်းလဲ့ရည် ကျေးဇူးအများကြီးတင်ပါတယ် ဖြေပေးတာ။

မသဉ္ဇာရွှမ်းလဲ့ရည်။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

တဆက်တည်းပါပဲ- ဒီလှုပ်ရှားမှုဖြစ်ပေါ်လာအောင် တားဆီးမှုတွေကြားက ဦးဆောင်လှုပ်ရှားသူတွေ ကြိုးပမ်းခဲ့ရတာတွေနဲ့ပူးပေါင်းပါဝင်ခဲ့သူတွေရဲ့ သုံးသပ်ချက်ကို တင်ပြချင်ပါတယ်။

သတင်းသမားတွေနဲ့ လွတ်လပ်ခွင့် လှုပ်ရှားသူူတွေဟာ “ကိုဝလုံးနဲ့ကိုကျော်စိုးဦး ချက်ခြင်းလွှတ်၊ လူသတ်မှုဟာ နိုင်ငံတော် လျှို့ဝှက်ချက်မဟုတ်၊ သတင်းမှန်ထုတ်ဖော်ခြင်းဟာ ရာဇဝတ်မှုမဟုတ် ပြည်သူများရဲ့ မျက်စိနဲ့ နားမပိတ်ထားရေး သတင်းသမားများကို ပြန်လွှတ်ပေးစတဲ့ လက်ကိုင်ပိုစတာတွေကိုင်ဆောင်ဆန္ဒပြကြသလို သတင်းမီဒီယာကျဆုံးခြင်းနဲ့ လွတ်လပ်ခွင့် ဆုံးရှုံးခြင်းအထိမ်းအမှတ် အနက်ရောင် မိုးပျံဘူဖောင်းတွေ လွှတ်တင်ခဲ့ကြသလို သတင်းသမားတွေ ဖမ်းဆီးခံရတဲ့အဖြစ်အပျက်တွေကို သရုပ်ပြတင်ဆက်မှုအဖြစ်လည်း တက်ကြွလှုပ်ရှားသူတွေဘက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်းမီဒီယာသမားတွေ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ပြည်သူအများအကြား သတင်းအချက်လက် လွတ်လပ်စွာစီးဆင်းခွင့်ဟာ ပြည်သူတိုင်းရပိုင်ခွင့် အခွင့်အရေးဆိုတာ အများပြည်သူသိရှိနိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့် လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တာလို့ လူ့အခွင့်အရေးလှုပ်ရှားသူကိုသက်ဆွေဝင်းက ပြောပြပါတယ်။

ပြည်သူလူထုသတင်းမှန်ရရှိရေး လူထု လှုပ်ရှားမှုဖြစ်ပေါ်လာခြင်းအကြောင်းရင်းနဲ့အခုလိုဆန္ဒထုတ်ဖော်မှုဖြစ်ပေါ်နိုင်ရေး ရန်ကုန်မြို့လည်က မြို့နယ်ပေါင်း (၁၁)မြို့နယ်က လုံခြုံရေးနဲ့အုပ်ချုပ်ရေးအာဏာပိုင်တွေဆီက အဆင့်ဆင့်ခွင့်ပြုချက် တောင်းခံခဲ့ရတဲ့အခြေအနေကိုလည်း ကိုတော့ ကိုယ်တိုင်ဦးဆောင်စီစဉ်ခဲ့သူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့က အမှုဆောင်ဒါရိုက်တာ ကိုဆောင်းခက ပြောပြပါတယ်။

ဒီသတင်းလွတ်လပ်ခွင့်လှုပ်ရှားမှု တရားဝင်ခွင့်ပြုချက်ရဖို့ ပွဲကိုဦးဆောင်စီစဉ်သူတွေဘက်က အကြိမ်ကြိမ်ခွင့်တောင်းခဲ့ကြရပြီးနောက်မှာမှ ခွင့်ပြုချက်ရခဲ့ပြီး ဆန္ဒထုတ်ဖော်နေကြချိန်မှာတော့ ရဲလုံခြုံရေးတပ်တွေ အများအပြား လုံခြုံရေးယူထားခဲ့တဲ့အတွက် လုံခြုံရေးစိုးရိမ်မှုတွေ ရှိခဲ့ကြပေမဲ့လို့ လူထုလှုပ်ရှားမှုဟာ အနှောင့်အယှက်မရှိပဲ ပြီးဆုံးသွားခဲ့ရပါတယ် ဒါပေမဲ့လို့ သတင်းသမားတွေအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိရေး ဆက်လက်တိုက်ပွဲဝင်တောင်းဆိုသွားကြမှာဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ကြပါတယ်။

သတင်းလွတ်လပ်ခွင့်ဆန္ဒပြပွဲ
please wait

No media source currently available

0:00 0:04:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG