သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာ ဆန္ဒပြခွင့်ရမယ့် ဥပဒေ လွှတ်တော်မှာ ဆွေးနွေးမည်


လွတ်လပ်စွာ ဆန္ဒပြခွင့်ရမယ့် ဥပဒေ လွှတ်တော်မှာ ဆွေးနွေးမည်

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးဖို့ ဒီကနေ့ တနင်္လာနေ့မှာ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက လာရောက်တင်ပြပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော် အမတ်တွေ မေးလိုတဲ့ မေးခွန်းတွေ၊ ပြင်ဆင်လိုတဲ့ အချက်တွေကို ဒီသီတင်းပတ်ကုန်မှာ နောက်ဆုံးထား တင်ပြကြဖို့ ပြင်ဆင်နေကြပါတယ်။ ဒီဥပဒေမူကြမ်းကနေ အတည်ဖြစ်လာရင် ပြည်သူတွေ လွတ်လပ်စွာ ဆန္ဒပြခွင့်၊ စုဝေးခွင့် ရလာနိုင်မလား ဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ပြည်ထဲရေး ၀န်ကြီးဌာနက ပြည်သူ့လွှတ်တော်မှာ တင်ပြထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းကို ဆွေးနွေးကြဖို့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ သဘာပတိက ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့ အဖြစ်နဲ့ အ၀ါရောင်အင်္ကျီ ဆင်တူဝတ် လူပေါင်း ရာနဲ့ချီ စုဝေးပြီး ရန်ကုန်မြို့တွင်း ငြိမ်းချမ်းစွာ စီတန်း ဆန္ဒပြမှု ဖြစ်ပွားတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို လွှတ်တော်မှာ ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ ပြောဆိုလာကြတာလည်း ဖြစ်ပါတယ်။ အခန်း ၈ ခန်းပါတဲ့ ဒီဥပဒေမူကြမ်းကို လာမယ့် သီတင်းပတ် အတွင်းမှာ ဆွေးနွေးမယ့်အကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုတဲ့ ဥပဒေကြမ်း ဒီနေ့ ပြည်ထောင်စုအဆင့်ကနေ တင်လိုက်ပြီ။ ပြည်ထဲရေးက လွှတ်တော်ကို လာတင်တယ်။ ဥပဒေကြမ်း ရောက်လာပြီးရင် လွှတ်တော် ကိုယ်စားလှယ်တွေက ဒီတပတ် လေ့လာပြီး ပြင်ချင်တာတွေ ပြင်ဖို့ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌက ကြာသပတေးနေ့ နောက်ဆုံးထားပြီး ပြင်ချင်တဲ့ဟာကို ပြင်ခွင့်၊ ပြင်ချင်တဲ့ စာပိုဒ်နဲ့ ဥပဒေတွေကို လွှတ်တော်ကိုယ်စားလှယ်တိုင်းက ၀င်ပြီးတော့ ဆွေးနွေးခွင့် ရှိတာပေါ့။ သူတို့ စာရင်းတောင်းမယ်၊ ကြာသပတေးနေ့ နောက်ဆုံး။”

ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် အမတ်တွေ သက်ဆိုင်ရာ ပါတီတွေအတွင်း ဖြည့်စွက် ပြင်ဆင်လိုတဲ့ အချက်တွေကို ဆွေးနွေးနေကြပြီး အခုသီတင်းပတ် ကြာသပတေးနေ့ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော် သဘာပတိဆီကို တင်ပြကြရမှာလည်း ဖြစ်ပါတယ်။ ဒီဥပဒေ ပေါ်ပေါက်လာရင်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်၊ စုဝေးခွင့် ရလာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကတော့ ကုန်ဈေးနှုန်း ကျဆင်းရေး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို စစ်အစိုးရက အင်အားသုံး ဖြေရှင်းခဲ့တာပါ။

ပြည်သူ့လွှတ်တော် အမတ်တဦးဖြစ်တဲ့ ဦးဖေသန်းက ဒီဥပဒေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွင့်ပြုတာပါ။ ဥပဒေပါ အခွင့်အရေးကို ရယူနိုင်အောင်ပေါ့။ လုပ်ထုံးလုပ်နည်းတွေနဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီအခွင့်အရေး ရှိမှပဲ ပြည်သူတွေရဲ့ ဆန္ဒကို အထက်က သိမယ်။ နေရာတကာမှာ လွှတ်တော်နဲ့ ဖြေရှင်းလို့ မရဘူးလေ။ ပြည်သူတွေရဲ့ ဆန္ဒကို တိုက်ရိုက်ပြနိုင်တဲ့ အခွင့်အရေးတွေ လိုတယ်။

“စနစ်တကျလုပ်ဖို့ ဆိုတဲ့ အပိုင်းမှာတော့ အခု စပ်ကူးမတ်ကူးကာလမှာ သူတို့ဘက်ကလည်း ဒါက အသစ်အဆန်းတခု ဖြစ်နေတော့ စိုးရိမ်ကြောင့်ကြမှုတွေ အများကြီး ရှိမှာပါ။ အဲဒါကိုလည်း တဘက်က နားလည်ထားသလို ပြည်သူတွေကလည်း ဒီဥပဒေ အခွင့်အရေးကို ယူဖို့အတွက် စောင့်ထိန်းရမယ့် အခြေအနေမျိုးကို စောင့်ထိန်းပေးရမှာပါ။ စပ်ကူးမတ်ကူး ကာလဆိုတော့ ပြည်သူဘက်ကလည်း အများကြီး သဘောထား ပြည့်ဝပြီး ရတဲ့ အခွင့်အရေးကို မတရား မယူပစ်ဘဲ ဥပဒေနဲ့ အညီပဲ ယူသွားနိုင်ရင်တော့ တဖြည်းဖြည်း ဒီလမ်းကြောင်းက ချဲ့ထွင်ပြီး ကြာလာတော့ နေသားကျလာတော့လည်း ဒါ ဘာမှမဟုတ်ပါဘူးဆိုတဲ့ ဖြစ်ရိုးဖြစ်စဉ်၊ လုပ်ရိုးလုပ်စဉ် ကိစ္စတခု ဖြစ်သွားမှာပါ။”

ပြည်ထဲရေး ၀န်ကြီးဌာနက တင်ပြထားတဲ့ ဥပဒေမူကြမ်းမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နဲ့ ပတ်သက်ပြီး ခွင့်ပြုချက် တောင်းခံရမယ့် စည်းကမ်းချက်တွေ၊ ပျက်ကွက်ရင် ကျခံရမယ့် ပြစ်ဒဏ်တွေကို တိတိကျကျ ဖော်ပြထားပေမဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီတဲ့တိုင်အောင် အာဏာပိုင်တွေဘက်က ဆန္ဒပြခွင့်၊ စုဝေးခွင့် ပြုမယ်ဆိုတဲ့ အာမခံချက်မျိုးတော့ မပါသေးတဲ့ အကြောင်းလည်း ပြောဆိုကြပါတယ်။

ပြည်ထဲရေး ၀န်ကြီးဌာနက လွှတ်တော်မှာ တင်ပြထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းကို လာမယ့် သီတင်းပတ် အတွင်းမှာ ပြည်သူ့လွှတ်တော်က အပြီးသတ် ဆွေးနွေးနိုင်လိမ့်မယ်လို့လည်း လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG