သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလ မိတ်ဖက်နိုင်ငံများ ဆွေးနွေး


၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်နေတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်နေတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း။

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်လာတာကြောင့် အားရကျေနပ်စရာဖြစ်တယ်လို့ဆိုပေမယ့် ရခိုင်ပြည်နယ်နဲ့ အခြား မြန်မာနိုင်ငံနေရာအချို့မှာရှိနေတဲ့ လူမှုအသိုင်းအဝိုင်းအကြား အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား တင်းမာမှုဟာ အတော်လေး စိုးရိမ်မကင်းဖြစ်စရာ အခြေအနေရှိနေတုန်းပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

သောကြာနေ့ ညနေပိုင်း နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်သွားတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဖက်နိုင်ငံများအစည်းအဝေးမှာ ပြောဆိုသွားတာပါ။

ဒီလို တင်းမာမှုတွေ ရှိနေတာကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးခဲ့ပါတယ်။ မြန်မာအစိုးရက ဘင်္ဂလီလို့ခေါ်ပြီး အဲဒီလူမှုအသိုင်းအဝိုင်းက သူ့ကိုယ်သူ ရိုဟင်ဂျာလို့ သတ်မှတ်သုံးနှုန်းတဲ့ ရခိုင်ပြည်နယ်တွင်းက မူဆလင်လူနည်းစုတွေရဲ့ နိုင်ငံသားဖြစ်မှုကိစ္စတွေကို ပြည်ပြည့်စုံစုံ ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုအပ်နေတယ်ဆိုတာကိုလည်း မစ္စတာဘန်ကီမွန်းက ထောက်ပြသွားပါတယ်။

မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့ကတော့ လူမှုစီးပွားဖွံဖြိုးမှု အမျိုးသားပြန်လည်သင့်မြတ်ရေး ဒိမိုကရေစီဖြစ်ထွန်းရေး နယ်ပယ် အတော် များများမှာ တိုးတက်မှုတွေ တွေ့လာရတယ်လို့ အတွင်းရေးမှူးချုပ်က ချီးကျူးပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ ဒေသတွေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေမှာပါ ပါဝင်ဆောင်ရွက်လာတယ်ဆိုပြီး အာဆီယံ ဥက္ကဋ္ဌအဖြစ် လက်ရှိဆောင်ရွက်မှုကို ဥပမာပြသွားပါတယ်။ တချိန်တည်းမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်တာကြောင့် မြန်မာအနေနဲ့ အရေးကြီးတဲ့ အနှောက်အတားတွေကိုတော့ ကျော်ဖြတ်သွားရမှာ ဖြစ်တယ်လို့တော့ အတွင်းရေးမှူးချုပ်က ထောက်ပြထားပါတယ်။

အစည်းအဝေးအတွင်း ကျန်အဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံဖက်က ဘာတွေ ဆွေးနွေးကြသလဲ အသေးစိတ်တော့ မသိရသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ထွန်းမှုတွေနဲ့ စိန်ခေါ်ချက်တွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာနိုင်ငံကို မကြာမကြာသွားရောက်နေတဲ့ ကုလသမဂ္ဂ အထူး အကြံပေး အရာရှိ မစ္စတာ Nambiar ကလည်း သူ့ခရီးစဉ်အခြေအနေတွေနဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ထွန်းတိုးတက်မှုတွေကို အဲဒီ အစည်းအဝေးတွင်း ရှင်းပြမယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများဆိုပြီး ၂၀၀၇ ခုနှစ်က အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံနဲ့ ဖွဲ့စည်းခဲ့တာပါ။ မြန်မာအရေးစိတ်ဝင်စားတဲ့ အမေရိကန်၊ ဗြိတိန် စတဲ့ အနောက်နိုင်ငံတွေအပြင် မြန်မာအိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာတော့ မြန်မာအရေး မိတ်ဖက်နိုင်ငံများဆိုပြီး အမည်ပြောင်းလဲခဲ့ပါတယ်။

XS
SM
MD
LG