သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်မတိုင်ခင် စက်သုံးဆီ အကျပ်အတည်း ပိုဆိုးလာ


MYANMAR-ECONOMY-OIL-GAS
MYANMAR-ECONOMY-OIL-GAS

စက်သုံးဆီဈေးတွေ အခုရက်ပိုင်းထဲ တက်လာသလို၊ လိုသလောက် ဆီဖြည့်လို့မရတာမျိုးလည်း ကြုံတွေ့နေရပါတယ်။ မြို့ကြီးတွေမှာရှိတဲ့ ဆီဆိုင်တချို့မှာလည်း လိုချင်တဲ့စက်သုံးဆီ အမျိုးအစား ပြတ်လပ်နေလို့ ဝယ်မရတာမျိုးလည်း ရှိတယ်လို့ ကိုယ်တိုင် ကြုံတွေ့ရသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ပြောပြမှာပါ။

ပြည်တွင်းမှာ စက်သုံးဆီဈေးတွေဟာ သင်္ကြန်ရက်နီးလာချိန်မှာ ဈေးနှုန်းတက်လာပြီး လိုသလောက်ဝယ်မရ ဖြစ်နေတာပါ။ ဧပြီလအစပိုင်းနဲ့ နှိုင်းယှဉ်ရင် အခုသင်္ကြန်ရက်နီးလာချိန်မှာ တလီတာကို ပျမ်းမျှအနေနဲ့ ၁၀၀ ကျပ်နှုန်း တက်လာတာပါ။ ဆီလိုသလောက် ဝယ်ဖြည့်ဖို့ခက်နေပြီး၊ တချို့ဆိုင်တွေမှာ အကန့်အသတ်နဲ့သာ ရောင်းပေးတာမျိုး ကြုံတွေ့ရတယ်လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

"အခုဆီကလည်း ဆိုင်တွေတိုင်းမှာ ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ ကားတန်းစီစောင့်တာတောင်မှ ဥပမာ ကားအသေး တစီးမှာ ၃သောင်းဖိုးဆို ၃သောင်းဖိုး၊ ၅သောင်းဖိုးဆို ၅သောင်းဖိုး။ အဲလိုပဲ ရောင်းပေးတော့တယ်။ တချို့ နယ်ဆိုင်တွေမှာကျတော့ သတ်မှတ်ထားတာထက် ပိုဝယ်ချင်ရင် ပိုတဲ့ဟာအတွက် ဆီဈေးက တဈေးဖြစ်သွားတယ်။ လတ်တလော အခြေအနေအရတော့ အခုဒီရက်ပိုင်းမှ ဖြစ်တာဆိုတော့ သင်္ကြန်နားနီးလာလို့ပဲ ပြောရမှာပဲ။"

မန္တလေးမြို့က ဆီဆိုင်တချို့မှာလည်း အောက်တိန်း 95 ပြတ်လပ်နေလို့ ဒီရက်ထဲ ဝယ်ဖြည့်ရခက်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။ ရန်ကုန်မှာ စက်သုံးဆီဈေးနှုန်း 92 တလီတာကို ၂,၂၃၅ ကျပ်၊ 95 တလီတာ ၂,၃၁၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာ ၂,၂၀၅ ကျပ် ရည်ညွှန်းဈေး သတ်မှတ်ထားပါတယ်။ တခြားမြို့တွေမှာတော့ သယ်ယူစရိတ်ကြောင့် ရည်ညွှန်းဈေးပိုများပြီး ရန်ကုန်ဈေးနဲ့ ကွာဟပါတယ်။ ဒီရက်ပိုင်းထဲ ဆီဆိုင်တချို့ ပိတ်ထားသလို၊ ဖွင့်ထားတဲ့ ဆီဆိုင်တွေမှာလည်း တန်းစီပြီး အချိန်တော်တော်ကြာအောင် စောင့်ဆိုင်းရတာမျိုးလည်း ကြုံတွေ့နေရတာပါ။

"ရန်ကုန်မှာဆို ဆီဝင်ဖြည့်ရင် စောင့်ရလည်း ကိုယ့်ရှေ့မှာ ကားတစီး၊ နှစ်စီးပေါ့။ အခုဟာက မဟုတ်ဘူး၊ တန်းစီပြီး ကားဆီဖြည့်ဖို့ စောင့်ရတာတင် တော်တော်ကြာတယ်။ အခုလမ်းမှာ သွားနေရင်းကနေ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဆိုရင် ဒီကနေသွားတာနဲ့ ၃၉မိုင် ဘောနက်ကြီးမှာ ဆီဆိုင်ရှိတယ်။ ပြီးကျတော့ ၁၁၅မိုင်မှာ ဆီဆိုင်ရှိတယ်။ နောက်တခါ ၁၃၈မိုင်မှာ ရှိတယ်။ နောက် ၁၄၇မိုင်မှာ ရှိတယ်။ အဲလို ရှိတဲ့ဆိုင်တွေမှာ အခုလမ်းမှာဝင်ထည့်ဖို့အတွက် ဆီပြတ်နေတယ်။ အဲတော့ လမ်းမှာဆီဆိုင်တွေ့တာနဲ့ ကိုယ့်ကားဆီလျော့ရင် ကားထဲကို ဆီကိုတောက်လျှောက် ရှိတဲ့ဆိုင်မှာ ဝင်ဖြည့်ပြီးမှ ဆက်သွားနေရတာ။ တကယ့်တကယ် အရမ်းလိုအပ်တဲ့ အချိန်ကျမှ ဆီဆိုင်လိုက်ရှာပြီးထည့်လို့ အဆင်မပြေတော့ဘူး။ ဆိုင်တိုင်းမှာ ဆီမရှိတဲ့အတွက်လေ။"

စက်သုံးဆီ သတ်မှတ်ထားတဲ့ဈေးထက် ပိုပေးပြီး ဝယ်ရတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။ သင်္ကြန်ကာလအတွင်း စက်သုံးဆီဖူလုံမှု ရရှိစေဖို့အတွက် ရည်ရွယ်တင်သွင်းတဲ့ စက်သုံးဆီဂါလန် သန်း ၆၀ တင်ဆောင်လာမယ့် ဆီတင်သင်္ဘော ၁၃ စင်းဟာ ဧပြီလ ၁၆ ရက်မတိုင်ခင် ရန်ကုန်ဆိပ်ကမ်းကို ဆိုင်ကပ်မယ်လို့ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းကတော့ ပြောထားပါတယ်။

လျှပ်စစ်မီး ပုံမှန်မရချိန်မှာ တချို့လုပ်ငန်းတွေအနေနဲ့ စက်သုံးဆီကို အဓိကအားထား လည်ပတ်နိုင်ဖို့က အခုအခြေအနေကြောင့် အခက်တွေ့နေတယ်လို့လည်း လုပ်ငန်းရှင်တချို့က ညည်းတွားနေကြပါတယ်။ ဒါ့အပြင် စက်သုံးဆီ ဈေးနှုန်းတက်တာ၊ လိုချင်တဲ့အမျိုးအစားဝယ်မရတာနဲ့ လိုသလောက် ပမာဏမရနိုင်တာတွေကြောင့် သူ့ရဲ့နောက်ဆက်တွဲ အခက်အခဲတွေလည်း ရှိလာပါတယ်။

သင်္ကြန်ရက်နီးလာချိန်မှာ သယ်ယူပို့ဆောင်စရိတ်တွေကြောင့် အခြေခံကုန်ဈေးနှုန်းတွေ တက်လာသလို၊ တချို့ကုန်စည်တွေ ပြတ်လပ်တာမျိုးလည်း ကြုံတွေ့နေရပါတယ်။

XS
SM
MD
LG