သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက်နေတဲ့ ဓါတ်ဆီဈေးနဲ့ နောက်ဆက်တွဲဂယက်


ရန်ကုန်မြို့ဓာတ်ဆီဆိုင်တခု (ဒီဇင်ဘာ ၁၊ ၂၀၂၃)
ရန်ကုန်မြို့ဓာတ်ဆီဆိုင်တခု (ဒီဇင်ဘာ ၁၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စက်သုံးဆီတင်သွင်းသူတွေအတွက် သတ်မှတ်ဒေါ်လာလဲနှုန်းကို စစ်ကောင်စီက ရုတ်တရက်အပြောင်းအလဲလုပ်လိုက်ပြီးနောက် မနေ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ဓါတ်ဆီဈေးတွေ ရုတ်တရက် ခုန်တက်သွားပါတယ်။ မနှစ်ထဲက ကန့်သတ်လာတဲ့ ဒေါ်လာလဲနှုန်း အမျိုးမျိုးကြောင့် ဈေးကွက်ထိခိုက်ပြီး နိုင်ငံခြားဝင်ငွေနည်းလာချိန်၊ ဓာတ်ဆီတင်သွင်းသူတွေအတွက် သတ်မှတ်ဒေါ်လာလဲနှုန်းကို ဖျက်သိမ်းပြီး အပြင်ပေါက်ဈေးအတိုင်း ဝယ်ကြဖို့ လွှတ်ပေးလိုက်လို့ ဓါတ်ဆီဈေးတွေ ထိုးတက်ကုန်တာလို့ ထောက်ပြကြပါတယ်။ စက်မှုဇုံတွေအတွက်လည်း စက်သုံးဆီ ခွဲတမ်းတွေ မရောင်းပေးတော့ဘူးလို့ ပြောထားတဲ့အတွက် ပိုအခက်ကြုံလာနိုင်တဲ့ အခြေအနေကို ကိုဝင်းမင်းက တင်ပြထားပါတယ်။

ဓါတ်ဆီအမျိုးအစား Octane 92 နဲ့ Octane 95 က ၁၅% အဖြစ် ကျပ် ၃၄၀ ဝန်းကျင် ရန်ကုန်မှာ မနေ့က တက်သွားတာကို အမည်မဖော်လိုတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်က အခုလို စရှင်းပြပါတယ်။

"အဓိကတော့ စီမံခန့်ခွဲတဲ့၊ အုပ်ချုပ်တဲ့ လူတွေဆီမှာ hard currency ငွေမာ ဒေါ်လာ လိုအပ်ချက်တွေ တအားမြှင့်တက်သွားတာ ဖြစ်လိမ့်မယ်။ အခု မထုတ်ပေးနိုင်တဲ့အတွက်ကြောင့်မို့ နဂိုထုတ်ပေးနေတာတွေဟာ ဆက်ပြီးမလုပ်ပေးနိုင်တဲ့ သတင်းထွက်လာတဲ့အချိန်မှာ။ အခုဟာက floatig မျိုး ဖြစ်သွားတယ်။ အပြင်ဈေးကွက်ကို ရရာလုပ်ကြတော့ ရုတ်တရက်ကြီး တက်သွားတာ။ အဲဒါကြောင့် တက်သွားတယ်လို့ ယူဆပါတယ်။"

အခုလို ဖြစ်ရခြင်းအကြောင်းရင်းကိုလည်း အမေရိကန်အခြေစိုက် စီးပွားရေးပညာရှင် ဦးစိန်ဌေးက

"အခြေခံအကြောင်းတရာတွေ အများကြီး ရှိပါတယ်။ သူတို့အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ နိုင်ငံခြားငွေက နည်းသွားတဲ့အခါမှာ ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေလဲနှုန်းကို ဝင်ရောက်စွက်ဖက်တာကစတဲ့ ပြဿနာပဲ။ ဒီပြဿနာဟာ အခြေခံအကြောင်းတရားထဲမှာ နံပါတ်တစ် ပြဿနာပဲ။ နောက်တခါ MFTB နဲ့ MICB တို့ကို ပိတ်ဆိို့မှုတွေ။ အထူးသဖြင့် ပြင်းထန်တဲ့ ပိတ်ဆို့မှုအဖြစ်နဲ့ MOGE ကို ပိတ်စို့တဲ့အခါမှာ စကစအတွက် နိုင်ငံခြားငွေ သိပ်ရှားပါးတဲ့အခါမှာ အခုန မီးလောင်ရာ လေပင့်တဲ့ ပြဿနာတွေဖြစ်တော့ နိုင်ငံခြားအရန်ငွေ ရှားတယ်။ အထူးသဖြင့်တော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က စလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုကလည်း ပျက်သွားတယ်။ အနောက်ပိုင်း ချင်းဘက်က အိန္ဒိယလည်းပျက်ပြီ။ တောင်ပ်ိုင်းက ဘုရားသုံးဆူလမ်းကြောင်းလည်း တိုက်ပွဲတွေ ဖြစ်တဲ့အပြင် ကနေ့ဆိုရင် ကော့ကရိတ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒီလမ်းကြောင်းကရတဲ့ နိုင်ငံခြားငွေတွေဟာ စကစအတွက် အရှိုက်ကို ထိတဲ့အတွက်ကြောင့် နိုင်ငံခြားငွေ ရှားပါးတဲ့အကြောင်းတရားတွေ ဆုံလာတဲ့အခါမှာ လောင်စာဆီ ပြည်ပက တင်သွင်းရတဲ့ shortage တွေဖြစ်တဲ့ ပြဿနာဟာ လောင်စာဈေးနှုန်း အဆမတန် တက်တော့တာပဲ။"

ဒီနေ့ ရန်ကုန်က ဓါတ်ဆီဆိုင်တချို့ အခြေအနေကိုတော့ အမည်မဖော်လိုတဲ့ မြို့နေ့တဦးက

"ပြည်သူတွေအနေနဲ့တော့ Panic ဖြစ်ပြီးတော့ ဆိုင်တွေမှာ တန်းစီးဝယ်ယူနေကြတာတွေ ရှိလာတယ်။ အခုအချိန်မှာ တချို့တွေကတော့ ကြိုလှောင်ထားလို့ ဓါတ်ဆီဝယ်ယူနိုင်မှု လုံးဝပြတ်သွားမှာကို ကြောက်နေကြတာတကြောင်း။ နောက်ပိုင်းမှာ တခြားဆိုင်တွေ အရောင်းပိတ်ပြီး မှောင်ခိုဈေးဘက်ကနေတဆင့် အဆမတန်ဈေးကြီးပေးပြီး ဝယ်ရမှာကို ကြောက်နေကြတာတကြောင်း။ စိတ်ပူနေကြတာတွေကတော့ အမျိုးမျိုး ရှိကြပါတယ်။ တချို့ပြည်သူတွေဆိုရင်လည်း ကုန်ဈေးနှုန်းတွေအပါအဝင် နေ့စဉ်ဘဝကို ဆိုးဝါးတဲ့ ရိုက်ခတ်မှုတွေ ကြုံလာရမှာကို ပူပန်နေကြတယ်။ အခုလက်ရှိကတော့ မြင်သာတဲ့အချက်က Taxi တွေ ငှားတဲ့အခါမှာ ဈေးပိုပေးရတဲ့ အခြေအနေတွေ ရှိလာတယ်။ Taxi သမား အတော်များများအပါအဝင် ပြည်သူတွေတချို့ဆိုရင် ဆီပန့်ဆိုင်တွေရဲ့ အရှေ့မှာ အရင်နေ့တွေကထက် အများအပြား တန်းစီးနေတာကို ဒီနေ့မနက်မှာ မြင်လာရတယ်။ ဆိုတော့ နောက်ဆုံးအနေနဲ့ တဘက်က ကြည့်မယ်ဆိုရင် လက်ရှိရှိနေတဲ့ ခရီးသွားလာစရိတ်တွေ၊ ကုန်ဈေးနှုန်း မြှင့်တက်မှုတွေနဲ့ယှဉ်ရင် တခြားတဘက်က အခြေခံလူတန်းစားပြည်သူတွေ ရနေတဲ့ ဝင်ငွေတွေအရ မလောက်ငမှု မရှိတာကို တနေ့တခြား ပိုပိုပြီးတော့ သိသိသာသာ မြင်လာရတာကို တွေ့ရမှာ ဖြစ်တယ်။"

ဒါ့အပြင် မန္တလေးမြို့ခံတယောက်ကလည်း ဒီဆီဈေးတက်တာနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

"မန္တလေးမှာ ဆီဈေးတွေက သုံးရာလောက် တက်သွားတယ်။ အခုအချိန်ထိတော့ ကားတွေ၊ ဆိုင်ကယ်တွေ ဆီဖြည့်ရတာ အရမ်းကြီးမခက်သေးဘူး။ ဆီဆိုင်တွေက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လာရင်တော့ ကြိုက်သလောက် အပြည့်ဖြည့်လို့ရတယ်။ ဒါပေမဲ့ ဗုံးတွေ၊ ပုလင်းတွေနဲ့ဆိုရင်တော့ ရောင်းမပေးဘူး။ တချို့ဆိုင်တွေကတော့ ပိတ်ထားတာကို တွေ့ရတယ်။ သူတို့ပြောတာကတော့ ဆီပြတ်သွားတဲ့အချိန်နဲ့ ဆီရောက်တဲ့အချိန်က အလျင်မမီဘူး။ တချို့ဆိုင်တွေမှာတော့ 92 ဝယ်လို့ မရဘူး။ ဓါတ်ဆီဈေးတွေ ဒီထက်ပိုပြီးတက်မှာကို စိုးရိမ်ကြတယ်။ စိုးရိမ်တဲ့အတွက် တချို့တွေက ဆီတွေကို ဝယ်စုတာတွေ ရှိတယ်။ အသင့်ဖြည့်ထားတာတွေ ရှိတယ်။ ဓါတ်ဆီဈေးတွေ ဒီထက်တက်မှာကို စိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက မီးကလည်း မမှန်ဘူး။ မီမလာတဲ့အချိန်ဆိုရင် မီးစက်ပဲ အားကိုးနေရတယ်ဆိုတော့။"

တချိန်တည်းမှာ စက်မှုဇုန်တွေဘက်မှာလည်း ဖြစ်လာနိုင်တာကို ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်က

"အရင်တုန်းကတော့ သူတို့ကတော့ ထုတ်ကုန် exporter တွေဆီက ၂၁၀၀ နဲ့ဝယ်ပြီး ငါးဆယ်ရာခိုင်နှုန်း ဝယ်တာ။ Export money က - တချို့ဟာတွေကို ၂၁၅၀ နှုန်းနဲ့ ဝယ်တယ်။ တချို့ဟာတွေ ၂၉၄၀ နဲ့ Matching ဆိုပြီးတော့ လျှော့ပြီးတော့ ပြန်ရောင်းပေးတယ်။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့ အပြင်မှာ အဲဟာနဲ့ ပြီးတော့ စက်မှုဇုန်သမားတွေက လိုအပ်တဲ့ဟာတွေကို လိုအပ်သလောက်ကို UMFCCI ကတဆင့် ပြန်တင်ရတယ်။ MPTA အတွက် စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းဆီ ပြန်တင်ပြီးတော့ သူတို့က စီစဉ်ပေးပြီးတော့ စက်မှုဇုန်တွေကို ချပေးပါတယ်။ အခု အဲဒီဟာကို သူတို့ မချပေးတော့ဘူး။ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖြစ်လာတယ်။ ဈေးကွက်အတိုင်းပဲ ကိုယ့်ကိုယ်သွင်းကြပါဆိုတာ ဖြစ်မှမဖြစ်နိုင်တာကြီး။ စက်မှုဇုန်သမားက သူ့ဘာသာ ကုန်ထုတ်လုပ်ငန်းပဲ လုပ်တာ။ ဓါတ်ဆီသွင်းတဲ့လူက ဓါတ်ဆီသွင်းမှာ။ အခု အဲဒီမှာ ရုတ်တရက်ကြီး ဖြစ်လာချိန်မှာ shock ဖြစ်သွားပြီးတော့ ဈေးနှုန်းတွေက ဈေးကွက်ပေါက်ဈေးအတိုင်း ဖြစ်သွားတယ်။ ကုန်ပစ္စည်း ထုတ်စရိတ်တွေ အများကြီးတက်သွားတော့ ၂၀% ၃၀% ဖြစ်လာမယ်။ နောက်ပြီးတော့ သယ်ယူပို့ဆောင်စရိတ်တွေ တက်လာမယ်။ အဲဒီဈေးတွေ အားလုံးကတော့ အခြေခံကုန်ဈေးနှုန်းတွေ အကုန်တက်သွားမယ့်သဘော ရှိပါတယ်။

တကယ်တော့ ဒေါ်လာငွေ ထိန်းချုပ်ဖို့ ကြိုးစားရာကနေ နောက်ဆုံးတော့ ဒေါ်လာငွေ ရှားပါးမှု ကြုံလာချိန်၊ စစ်ပွဲတွေနဲ့ အွန်လိုင်းလိမ်လည်မှု စီးပွားရေးတွေ နှိမ်နင်းမှုတွေအောက်မှာ အခြေအနေ ပိုဆိုးလာမှာကိုလည်း အများစိုးရိမ်နေကြတယ်လို့ စောင့်ကြည့်အကဲခတ်တွေက ပြောနေကြပါတယ်။

XS
SM
MD
LG