သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ဆီဈေးနဲ့အတူ ကုန်ပစ္စည်းဈေးတွေ လိုက်တက်


ဓာတ်ဆီဈေးနဲ့အတူ ကုန်ပစ္စည်းဈေးတွေ လိုက်တက်
ဓာတ်ဆီဈေးနဲ့အတူ ကုန်ပစ္စည်းဈေးတွေ လိုက်တက်

အခုရက်ပိုင်းတွေအတွင်း ကုန်ဈေးနှုန်းတွေနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ တဖြည်းဖြည်း ဈေးတက်လာတာဟာ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ပြည်တွင်း သတင်းဂျာနယ် လောကက သုံးသပ်ကြပါတယ်။ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေမှာ ကားတွေကို ပေးနေတဲ့ ဂါလံအရေအတွက်ကို လျှော့ချလိုက်တာမို့ အပြင် မှောင်ခိုဈေးကွက်မှာလည်း ဓာတ်ဆီဈေးတွေ တက်နေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အခု ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှာ အရင်က လိုသလောက် ဝယ်ယူခွင့် ရနေရာကနေ အခု ဓာတ်ဆီတွေကို ဂါလံ ခွဲတမ်း သတ်မှတ်လိုက်တာမို့ ဓာတ်ဆီတွေ ပြတ်တော့မယ်ဆိုပြီး ကားတန်းရှည်ကြီးတွေနဲ့ ဓာတ်ဆီ တန်းဆီထုတ်နေကြတာပါ။ တခါ အပြင် မှောင်ခိုဈေးကွက်မှာ ဆိုရင်လည်း အရင်က တဂါလံကို ကျပ် ၃,၂၀၀ လောက်ကနေ အခု ဒီနေ့ပေါက်ဈေး ကျပ် ၃,၆၀၀ ထိ ဈေးမြင့်နေပါတယ်။

နောက်တချက်က ဆိုင်ဈေးနဲ့ အပြင်မှောင်ခိုဈေး ကွာလွန်းနေတာကြောင့် ကားပိုင်ရှင်တချို့ဟာ ဓာတ်ဆီထုတ်ပြီး မှောင်ခိုဈေးကွက် ပြန်သွင်းရင် အမြတ်ရတာမို့ စီးပွားဖြစ် လုပ်ကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အခုလို ဓာတ်ဆီတွေ ခွဲတမ်းသတ်မှတ်လိုက်တဲ့ အကြောင်းရင်းတွေကို ပြည်တွင်း သတင်းအယ်ဒီတာ တဦးက အခုလို သုံးသပ်ပါတယ်။

“အဓိက ခက်တာက ကျနော်တို့ဆီမှာက ဘာမှ ပွင့်လင်းမြင်သာမှု မရှိဘူးဗျာ။ အစိုးရကလည်း ဘယ်သောအခါမှ ပွင့်ပွင့်လင်းလင်း မပြောဘူး။ အဓိကကတော့ အစိုးရအပေါ်မှာ မယုံကြည်မှုပါပဲ။ အခု ဒီ ဓာတ်ဆီဈေး တက်ရတဲ့ ကိစ္စမှာလည်း သတင်းသမားတွေ ကြားရသလောက် ဆိုရင်တော့ အစိုးရကနေ ပုဂ္ဂလိကကို ပေးလိုက်တယ်၊ ပေးလိုက်ပေမဲ့ စွမ်းအင် ဝန်ကြီးဌာနက ဆက်ပြီးတော့ ဘယ်ဈေးနှုန်းလောက်နဲ့ပဲ ရောင်းပါ ဆိုပြီးတော့ သူတို့က အရှုံးခံပြီးတော့ စွမ်းအင် ဝန်ကြီးဌာနက ကျားကန်ပေးထားတယ်။

“ဒါပေမဲ့ အဲဒီကာလ ပြည့်သွားပြီ။ သို့သော်လည်း အခြေအနေက အဆင်မပြေနိုင်သေးတော့ ဆက်ပြီးတော့ စွမ်းအင် ဝန်ကြီးဌာနက ကျောထောက်နောက်ခံ အနေနဲ့ အရှုံးခံပြီးတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ဈေးနှုန်းကို ထိန်းထားပြီးတော့ သူတို့က ဆောင်ရွက်ပေးနေတယ်။ ပုဂ္ဂလိကကို ပေးလိုက်တယ် ဆိုပေမဲ့ ဆိပ်ကမ်းကနေ တရားဝင် Import အနေနဲ့ သွင်းရင် ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးက အခုထက် ပိုပြီး ဈေးက မြင့်နိုင်တယ်။

“အဲဒီအခါကျ ကုန်သည်တွေကလည်း ဓာတ်ဆီဈေးနှုန်းလည်း မတက်အောင်၊ သူတို့လည်း ကိုက်အောင် ဆိုပြီးတော့ ထိုင်းကနေပြီးတော့ မြဝတီ လမ်းကြောင်းကနေ အောက်လမ်းက သွင်းရတယ်။ ဟိုတလောက DKBA နဲ့ အစိုးရနဲ့ မြဝတီမှာ တိုက်ပွဲတွေ ဖြစ်တဲ့အခါကြတော့ အဲဒီလမ်းကြောင်းက ပိတ်သွားတယ်။ ပိတ်သွားတော့ ဆီတွေသွင်းနေတဲ့ လမ်းကြောင်းကလည်း ဆီသွင်းတာတွေ ရပ်လိုက်ရတယ်။ ရပ်လိုက်ရတဲ့အတွက် အဓိက ဆီပြတ်တဲ့ ပြဿနာ ဖြစ်ပြီးတော့ ခွဲတမ်း လျှော့ချရတာပဲ။”

ဒီလို ဓာတ်ဆီဈေး တက်သွားတဲ့ ဂယက်က လူထုရဲ့ အခြေခံ ကုန်ဈေးနှုန်းတွေအပေါ်မှာ တိုက်ရိုက်ဆိုးကျိုး ဖြစ်နေပါတယ်။ တဟုန်ထိုး ဈေးတွေ မြင့်တက်မသွားပေမဲ့ တရိပ်ရိပ် ဈေးတွေ မြင့်တက်လာတာက အတော်လေး သိသိသာသာ ဖြစ်နေပြီလို့ ပြောပါတယ်။

“ဓာတ်ဆီ၊ ဒီဇယ်၊ လောင်စာဆီ ဆိုတာက အလွန် အရေးကြီးတဲ့ ကိစ္စပါ။ အထူးသဖြင့် ကုန်ဈေးနှုန်းနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ လောင်စာဆီ ဈေးတက်တယ်၊ လောင်စာဆီ ရှားပါးတယ်ဆိုရင် သယ်ယူ ပို့ဆောင်ရေးတွေမှာ စရိတ်တွေ တက်လာမယ်၊ စရိတ်တွေ တက်လာတဲ့အခါ ကုန်စည်စီးဆင်းမှုက မမှန်တော့ဘဲ ဈေးနှုန်းတွေ ကြီးမြင့်တဲ့ဒဏ် ဖြစ်ပေါ်နိုင်ပါတယ်။

“ဒါက အတော်လေးကို ပြည်သူလူထုအတွက် တိုက်ရိုက် ထိခိုက်တဲ့ ကိစ္စပါ။ ၂၀၀၇-၂၀၀၈ လောက်တုန်းက၊ အစိုးရက ကိုင်ထားတဲ့ အချိန်တုန်းကလည်း ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းတွေ သုံးလေးဆ မြှင့်တင်လိုက်တဲ့အတွက် ပြဿနာတွေ ဖြစ်ခဲ့ဖူးပါတယ်။ မှတ်မိကြဦးမှာပါ၊ အဲဒီအချိန်တုန်းက ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ ဦးဆောင်ပြီးတော့ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းတွေ တက်တဲ့အတွက် လမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြတာ။ အဲဒီလို ဖြစ်တဲ့အတွက် အဓိကတော့ လူမှုရေး မတည်ငြိမ်မှုတွေ ဖြစ်နိုင်တယ်၊ စီးပွားရေးမှာဆိုရင် အခက်အခဲတွေ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး သုံးသပ်ပြခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေရဲ့ ဓာတ်ဆီဆိုင်တွေမှာ ကားတန်းတွေ ရှည်လွန်းတာမို့ ယာဉ်အသွားအလာ ပိတ်ဆို့မှု ဖြစ်တဲ့အထိ ရှိနေပါတယ်။ အခုလို ဓာတ်ဆီတွေ ပြတ်တော့မယ် ဆိုတဲ့ ဂယက်နဲ့ ဓာတ်ဆီတွေကို သိုလှောင်မှုကြောင့် မီးဘေးအန္တရာယ်တွေလည်း စိုးရိမ်ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ယာဉ်ပိုင်ရှင်တချို့ဟာ ဓာတ်ဆီတွေကို ထုတ်ပြီး အပြင် မှောင်ခိုဈေးကွက်မှာ အမြတ်ရလို့ ပြန်ရောင်းစားတာ ရှိပေမဲ့ အပြင်မှာ ဈေးကြီးကြီးပေးပြီး ဓာတ်ဆီတွေကို လိုသလောက် ဝယ်လို့ရနေတယ် ဆိုတာက ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေ ကိုယ်တိုင်က အပြင် မှောင်ခိုဈေးကွက်ထဲကို အကြီးအကျယ် ပြန်ထုတ်ရောင်းနေတာလည်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

XS
SM
MD
LG