သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်နဲ့ နယ်မြို့တချို့ စက်သုံးဆီ ဈေးတက်


ရန်ကုန်နဲ့ နယ်မြို့တချို့ စက်သုံးဆီ ဈေးတက်
ရန်ကုန်နဲ့ နယ်မြို့တချို့ စက်သုံးဆီ ဈေးတက်

မြန်မာနိုင်ငံမှာ ဒီကနေ့ စက်သုံးဆီဈေးတွေ သိသိသာသာ မြင့်တက်သွားတာမို့ ရန်ကုန်မှာ ဒီဇယ်နဲ့ ပြေးဆွဲနေတဲ့ ပုဂ္ဂလိက လိုင်းကားတချို့ ရပ်နားလိုက်ရတာ ရှိသလို နယ်မြို့တွေမှာတော့ ကုန်တင်ယာဉ်ခတွေ ပိုပြီး ဈေးတက်သွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီအကျိုးဆက်က အရင်ကတည်းက ဈေးတက်နေတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှု အပေါ်မှာ ဘယ်လို ဂယက်ရိုက်နိုင်မလဲ ဆိုပြီး လူတွေက စိုးရိမ် ပူပန်နေကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ရန်ကုန် အပါအဝင် နယ်မြို့တွေမှာ ဒီကနေ့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ဈေးတွေက ပုဂ္ဂလိက အရောင်းဆိုင်တွေမှာရော အပြင် မှောင်ခိုဈေးကွက်မှာပါ တော်တော်လေး ဈေးတက်သွားပါတယ်။ ဒီကနေ့ အဲဒီစက်သုံးဆီ ၂ ခုလုံး တဂါလံကို ကျပ် ၁,၀၀၀ ကျော်လောက် ဈေးတက်သွားတယ်လို့ ရန်ကုန် ပုဂ္ဂလိက လိုင်းကားပိုင်ရှင် တဦးက ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ စက်သုံးဆီ ဈေးနှုန်းကတော့ ဓာတ်ဆီ ထုတ်ဈေးက ဆိုင်ထုတ်ဈေး ၂,၅၀၀ ပေါ့နော်၊ အပြင်မှာ ၃,၀၀၀ ကျော်တယ်။ အခုလက်ရှိ ဒီဇယ်ဈေးကကျတော့ ပုဂ္ဂလိကဆိုင်တွေ စလွှဲတုန်းက ၃,၀၀၀ နဲ့ ဝယ်ရတယ်။ အခု လက်ရှိပေါက်ဈေးက ၄,၀၀၀ ဖြစ်နေတယ်၊ ဆိုင်က တရားဝင် ဝယ်တဲ့ဈေး။ လက်လီရောင်းတဲ့ ဆိုင်တွေနဲ့ နယ်ပို့တဲ့ ဆိုင်တွေမှာ ဈေးတအားတက်နေတယ်။”

ဒီဇယ်နဲ့ ဓာတ်ဆီတွေ ဈေးတက်သွားတဲ့အတွက် တက္ကဆီ တော်တော်များများ ဒီကနေ့ သိပ်မထွက်ဘူးလို့လည်း ဆိုပါတယ်။ ထွက်တဲ့ကားတွေ ဆိုရင်လည်း တက္ကဆီခ ဈေးမြင့်နေတာမို့ ကားငှားသူတွေ သိပ်မငှားကြပါဘူး။ သူတို့လို လိုင်းကားတွေကတော့ မဖြစ်မနေ ပြေးဆွဲနေရပေမဲ့ မကိုက်ဘူးလို့ ပြောသလို တချို့ ဒီဇယ်နဲ့ပြေးတဲ့ လိုင်းကားတချို့တော့ ဒီကနေ့ မထွက်ဘဲ ရပ်ထားတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

“ခရီးသည်ပို့တဲ့ လုပ်ငန်းရော၊ ကုန်ပို့တဲ့ လုပ်ငန်းရော အဲဒီမှာ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ အခု ကျနော်တို့ ခရီးသည်တင် ပြေးဆွဲတဲ့ ကားတွေကျတော့ ဒီဇယ်ဈေး အဆမတန် တက်တဲ့အခါကျတော့ တချို့ကားတွေဆို မကိုက်လို့ မထွက်ကြတော့ဘူး၊ လိုင်းကားတွေပေါ့နော်။ ဒီဇယ်နဲ့သုံးတဲ့ လိုင်းကားတွေ။ နောက်ပိုင်း ပုဂ္ဂလိက လိုင်းကားတွေကလေ စီအန်ဂျီပြောင်းဖို့ ခွင့်မပြုဘူး။ ဦးပိုင်ကားတွေကိုပဲ အဓိကထား ပြောင်းပေးနေတဲ့ အခါကျတော့ ကျနော်တို့လို ပုဂ္ဂလိက ကားထောင်ထားတဲ့ သူတွေမှာ စီအန်ဂျီနဲ့ မရတဲ့ အခါကျတော့ အပြင်ဒီဇယ်နဲ့ပဲ ဝယ်ပြီး ဆွဲရတာလေ။ အခုလို ဆီဈေးတွေ အဆမတန် တက်လာတဲ့ အခါကျတော့ မကိုက်တော့ဘူး။”

ရန်ကုန်က ပုဂ္ဂလိက လိုင်းကားပိုင်ရှင်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ထက်စာရင် နယ်မြို့တွေမှာ ပိုပြီး ဈေးတက်နေပါတယ်။ မန္တလေးမှာဆိုရင် ဒီ စက်သုံးဆီ ၂ မျိုးလုံး တဂါလံကို ကျပ် ၁,၅၀၀ နီးပါးလောက် ဈေးတက်သွားတယ်လို့ မန္တလေးမြို့ခံက ပြောပါတယ်။

“ပုဂ္ဂလိက ဆိုင်တွေမှာ ဓာတ်ဆီက ၂,၅၀၀၊ ဒီဇယ်က ၃,၆၀၀ ရောင်းပါတယ်။ ရောင်းပြီးတော့ လိုသလောက် မရဘူး၊ တန်းစီတယ်။ တန်းစီပြီးတော့ အနားနား ရောက်တဲ့အခါ ဒီဇယ် မရှိတော့ဘူး၊ ဓာတ်ဆီ ကုန်နေတယ်ပေါ့။ ပုဂ္ဂလိက ဆီရောင်းတဲ့ နေရာတွေက အဲဒီလိုဖြစ်နေတာ။ အပြင်ပေါက်ဈေးက ဒီနေ့ဆိုရင် ဓာတ်ဆီဆိုရင် ၄,၈၀၀၊ ဒီဇယ်ဆိုရင် ၅,၀၀၀ ဖြစ်နေတယ်။ အဲဒီတော့ နည်းနည်းတော့ ပွစိပွစိတွေ ဖြစ်နေတာပေါ့။ ပြောကြ ဆိုကြတာတော့ ဒီဇယ်က ဘယ်လိုဖြစ်သွားတယ်၊ ဓာတ်ဆီက ဘယ်လိုဖြစ်သွားတယ်၊ လက်ဖက်ရည်ဆိုင်လည်း ဒီအကြောင်း၊ ဘယ်နားသွားသွား ဒီအကြောင်းပဲ ကြားနေရတာပဲ။”

မန္တလေးက ဒီဇယ်ဈေးနဲ့ ဓာတ်ဆီဈေး အခြေအနေတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မနှစ် နှစ်ကုန်ပိုင်းကစလို့ နိုင်ငံတဝန်း ပြေးဆွဲနေတဲ့ ကုန်တင်ကားတွေကို အာဆီယံ စံနှုန်းနဲ့အညီ တန်ချိန်တွေ သတ်မှတ်ပြီးတဲ့နောက် ကုန်တင် တန်ဆာခတွေ ဈေးတက်နေတာပါ။ အခုတခါ ဒီ စက်သုံးဆီတွေ ဈေးမြင့်နေပြန်ပြီမို့ ကုန်တင်ခတွေ ဈေးတက်သွားပြန်တယ်လို့ အောင်ပန်း ကုန်သည်တဦးက ဆိုပါတယ်။

“ဒီနေ့ အောင်ပန်းမှာ နောက်ဆုံး ဒီဇယ်နဲ့ ဓာတ်ဆီဈေးက ၄,၅၀၀၊ ၄,၆၀၀။ အရင်က ၃,၆၀၀၊ ၃,၅၀၀ လောက် ရှိပါတယ်။ ပုဂ္ဂလိကဆိုင်မှာရော အပြင်မှာပါ တက်တာပါ။ ဆိုင်မှာထုတ်ပေးတဲ့ ၂,၅၀၀ က ဆိုင်ကယ်တွေ၊ ကားတွေ လိုသလောက် မရပါဘူး။ သူတို့ပေးတဲ့ နှုန်းအတိုင်းပဲ ရပါတယ်။ ကုန်တင်ခက အရင်က ၂၅ ကျပ် ရှိရာကနေ အခု ၈၅ ကျပ်လောက် ဖြစ်သွားတယ်၊ ဒီဇယ်ဈေးတက်တော့။ အဆင်းကိုပေါ့လေ ကုန်တပိဿာကို။ အတက်ကျတော့ ၃,၈၀၀ နဲ့ ၄,၀၀၀ လောက် ဖြစ်သွားတယ်။ အဲဒါလည်း ဆန်ကုန်သည်တွေ ကျတော့လည်း ဆန်ပေါ် ဈေးတက်မှာပေါ့။ ပြည်သူတွေပဲ ပိုပြီး ပေးလိုက်ရတာ ရှိပါတယ်။”

အောင်ပန်းက ကုန်သည် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို စက်သုံးဆီဈေးတွေ တက်တာက ကမ္ဘာ့ရေနံဈေး တက်လာတာကြောင့်လို့ ခန့်မှန်း ပြောဆိုကြတာပါ။ တခါ အစိုးရ ဦးပိုင်ကနေ တင်သွင်းနေတဲ့ စားသုံးဆီတွေလည်း ဒီရက်ပိုင်းတွေအတွင်း ဈေးတက်သွားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဝန်ထမ်းလစာတွေ တိုးလာမယ်ဆိုတဲ့ သတင်းတွေကြောင့် အခြေခံ ကုန်ဈေးနှုန်းနဲ့ တခြားပစ္စည်းတွေ ဒီလပိုင်းအတွင်း သိသိသာသာ ဈေးတက်နေတာ ရှိတယ်လို့လည်း ပြောဆိုနေကြပါတယ်။

XS
SM
MD
LG