သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ဓာတ်ဆီကန့်သတ်မှုကြောင့် စိုးရိမ်မှုတိုး

  • မသင်းသီရိ

မြန်မာနိုင်ငံမှာ ဓာတ်ဆီကန့်သတ်မှုကြောင့် စိုးရိမ်မှုတိုး

ရန်ကုန်မြို့တွင်းမှာရှိတဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေဟာ ဒီနေ့ကစလို့ ယာဉ်တစီးကို ၂ ဂါလံသာ ဖြည့်ခွင့်ပေးတော့မယ်လို့ သတ်မှတ်လိုက်တာကြောင့် ဓာတ်ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေနဲ့ နာရီပေါင်းများစွာ ကြာအောင် စောင့်ဆိုင်းပြီး ဓာတ်ဆီတွေ ဖြည့်နေကြရပါတယ်။ မန္တလေးမြို့မှာလည်း မကြာခင် ဓာတ်ဆီတွေ ပြတ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ယာဉ်ပိုင်ရှင်တွေ ဓာတ်ဆီဆိုင်တွေမှာ ညအိပ်စောင့်ရတဲ့အထိ ဖြစ်နေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဓာတ်ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေနဲ့ ဓာတ်ဆီဖြည့်ဖို့ နာရီပေါင်းများစွာ ကြာအောင် စောင့်နေရတဲ့ အဓိက အကြောင်းရင်းကတော့ ဓာတ်ဆီတွေ မကြာခင် ပြတ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့်လို့ ကားပိုင်ရှင်တွေက ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ကစလို့ ရန်ကုန်မြို့တွင်းက ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေမှာ ယာဉ်တစီးကို ၂ ဂါလံပဲ ထည့်ပေးပါတယ်။ ဒီအခြေအနေတွေကြောင့် ဓာတ်ဆီတွေ ပြတ်မှာစိုးလို့ အချိန်တွေ အများကြီးပေးပြီး ကားတွေ ဆီဖြည့်နေရတာပါလို့ ကားပိုင်ရှင်တဦးက ပြောပါတယ်။

“အခု တခါတန်းစီမှ ၂ ဂါလံပဲ ပေးတော့တယ်။ တကယ်တမ်း ပြောရရင်တော့ တချို့လူတွေက ၂ ဂါလံနဲ့ မလောက်ဘူး။ အခုဆိုရင် ဗိုလ်တထောင် ဓာတ်ဆီဆိုင်၊ တာမွေအ၀ိုင်းထိပ်က ဓာတ်ဆီဆိုင်၊ အဲဒီနေရာတွေမှာ တာမွေအ၀ိုင်းထိပ်က တန်းစီလိုက်တာ တာမွေ စာတိုက်နားအထိ ရောက်တယ်။ အဲဒီမှာ အစောကြီးကတည်းက Traffic Jam ဖြစ်နေတဲ့နေရာ။ ပုံမှန်အတိုင်း သွားနေတဲ့ ကားတွေလည်း သွားလို့မရတော့ဘူး။ ၅ မိနစ်နဲ့ ရောက်မယ့်ခရီးကို အနည်းဆုံး မိနစ် ၂၀ လောက် စီးနေရတယ်။ အဲလောက်ထိအောင် ရှည်ပါတယ်။”

ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေအဖြစ် ပြောင်းလဲလိုက်တဲ့ အစပိုင်းကတော့ ဓာတ်ဆီတွေကို လိုသလောက် ဖြည့်ခွင့်ပေးရာက နောက်တော့ သတ်မှတ်ချက် နည်းနည်းဖြစ်လာပြီး ဒီနေ့မှာတော့ ကားတစီးကို ၂ ဂါလံပဲ ဖြစ်သွားတာပါ။ ဆီဆိုင်ပိုင်ရှင်တွေ အကြောင်းပြတာက ကားတွေဟာ ဓာတ်ဆီတွေကို ထုတ်ပြီးတော့ အပြင် မှောင်ခိုဈေးကွက်ထဲ ရောင်းနေတာကြောင့် သတ်မှတ်ချက်တွေ ထားလိုက်ရတာပါလို့ အကြောင်းပြချက် ပေးပါတယ်။ ဆိုင်မှာ ဓာတ်ဆီတဂါလံ ၂,၅၀၀ ကျပ် ဈေးပေါက်ပြီး အပြင် မှောင်ခိုဈေးကွက်မှာတော့ တဂါလံကို ကျပ် ၃,၂၀၀ နဲ့ ၃,၅၀၀ ဈေးပေါက်ပြီး လိုသလောက် ၀ယ်ယူလို့ ရနေပါတယ်။

ယာဉ်ပိုင်ရှင်တချို့ဟာ ဆီတွေကို မှောင်ခိုဈေးကွက်ထဲ ပြန်ရောင်းစားတဲ့ အခြေအနေမျိုးတွေ ရှိပေမဲ့ တကယ်တမ်း မှောင်ခိုဈေးကွက်ထဲမှာ ဓာတ်ဆီတွေကို အများအပြား လိုသလောက် ၀ယ်ယူလို့ ရနေတဲ့ အဓိက အချက်ကတော့ အခု ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေက သူတို့ ခွဲတမ်းရတဲ့ ဆီတွေကို ဆိုင်မှာ အကုန်မသုံးဘဲ အပြင်ဈေးကွက်ထဲကို ပြန်ထုတ်နေတာကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။

“အစိုးရကနေပြီး ကုမ္ပဏီတွေကို ပေးတာ ၂,၃၅၀ ဗျ။ ဆိုင်တွေက ပြန်ရောင်းတော့ ၂,၅၀၀ နဲ့ ပြန်ရောင်းတယ်။ ဓာတ်ဆီတဆိုင်ဆို တနေ့ကို ဘောက်ဆာ ၂ စီးရတဲ့ဆိုင် ရှိတယ်။ ကားတစီးမှာ ဂါလံ ၂,၈၀၀ ပါတယ်။ ၂ စီးရတယ်ဆိုတော့ ၅,၆၀၀ ရှိတယ်။ တကယ်တမ်း Customer ကို ပြန်ရောင်းလိုက်တာက ၃,၀၀၀ ပဲ ရှိတယ်ဗျ။ ၂,၆၀၀ ကို အပြင်ဈေးကွက်ထဲ ထုတ်လိုက်တာ။ အခု ဒီနေ့ပေါက်ဈေးနဲ့ဆိုရင် ဟိုမှာက ၂,၅၀၀၊ အပြင်ပေါက်ဈေးက ၃,၂၀၀ ရှိတယ်။ တချို့ဆိုင်တွေမှာ ၃,၃၀၀၊ ၃,၅၀၀ အမျိုးမျိုး ဖြစ်နေကြတယ်။ သူတို့တွေ အဲဒီလို Black ထုတ်နေတာက အစိုးရဆိုင်ကနေ စပြီး လက်လွှဲလိုက်ကတည်းက အဲဒီပုံစံမျိုးနဲ့ သွားနေတာ။”

ရန်ကုန်မြို့က ကားပိုင်ရှင်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ဓာတ်ဆီ ဂါလံတွေ ကန့်သတ်လိုက်တာ၊ အချိန်အကြာကြီးပေးပြီး ဓာတ်ဆီတွေ ဖြည့်ရတာကြောင့် တက္ကစီသမားတွေနဲ့ မော်တော်ယာဉ် လိုင်းကားသမားတွေ အတော်လေး အခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။ တခါ နယ်တွေကို ဆီဘောက်ဆာကားကြီးတွေနဲ့ ဆီတင်ပို့မှုတွေ ရပ်ဆိုင်းထားတာမို့ နယ်မြို့တချို့မှာ ဆိုရင်လည်း ဓာတ်ဆီတွေကို လိုသလောက် ထုတ်မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

မန္တလေးမှာဆိုရင် ဆိုင်ကယ်တစီးကို တရက်ခြား တဂါလံပဲ ပေးတာမို့ ယာဉ်တန်းတွေဟာ မန္တလေးအခေါ် ၂ ပြမက ရှည်ပြီး ညအိပ်စောင့်ဆိုင်းရတဲ့ အခြေအနေမျိုးထိ ဖြစ်နေတယ်လို့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။

“မန္တလေးဆိုရင် စစ်ကိုင်းလမ်းခွဲဆိုင်၊ ခင်စောမူကွေ့၊ ကားတွေ တော်တော်များများပါပဲ။ ဆိုင်ကယ်ကတော့ အစီး သုံးလေးရာ၊ လေးငါးရာအထိ ရှိတယ်၊ စောင့်ပြီး ထုတ်နေရတာ။ ဒါတောင် ဆိုင်ကယ်ကို တရက်ခြား တဂါလံပဲ ပေးပါတယ်ဗျ။ ကျနော်တို့ သွားထုတ်တာဆိုရင် ထုတ်ဖို့က တော်တော့ကို ခဲယဉ်းသွားပြီဗျ။ ဆိုင်တွေအနေနဲ့က လိုသလောက် ရောင်းမပေးနိုင်တော့တဲ့ အခြေအနေ ဖြစ်မယ်ထင်တယ်။”

မန္တလေးမြို့ခံ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အများသုံးသပ်တာကတော့ ရွေးကောက်ပွဲရက် မတိုင်ခင်ကတည်းက အခြေခံစားကုန်တချို့ သိသိသာသာ ဈေးတက်သွားခဲ့ပြီး အခုဆိုရင်လည်း ဓာတ်ဆီတွေကို လိုသလောက် ၀ယ်မရတဲ့ အခက်အခဲတွေ ဖြစ်လာရင် အစစအရာရာ ကုန်ဈေးနှုန်းတွေ တက်မှာကို စိုးရိမ်မိတယ်လို့ ပြောကြပါတယ်။

XS
SM
MD
LG