သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂီရိမုန်တိုင်း ကယ်ဆယ်ရေး ရန်ပုံငွေ ရှာဖွေမှု စစ်အစိုးရ ကန့်သတ်


ဂီရိမုန်တိုင်း ကယ်ဆယ်ရေး ရန်ပုံငွေ ရှာဖွေမှု စစ်အစိုးရ ကန့်သတ်
ဂီရိမုန်တိုင်း ကယ်ဆယ်ရေး ရန်ပုံငွေ ရှာဖွေမှု စစ်အစိုးရ ကန့်သတ်

ဂီရိမုန်တိုင်း ဒုက္ခသည်တွေကို ကူညီမယ့် ပုဂ္ဂလိက အကူအညီပေးရေး အဖွဲ့တွေရဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အစိုးရက စတင် ကန့်သတ်လာပါတယ်။ တချိန်တည်းမှာပဲ သေဆုံးသူ အရေတွက်ကလည်း တိုးလာနေတယ်လို့ ပြောကြပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ဂီရိမုန်တိုင်း ဒုက္ခသည်တွေကို ကူညီမယ့် ရန်ကုန်အခြေစိုက် ပုဂ္ဂလိက ကူညီကယ်ဆယ်ရေး အဖွဲ့တွေရဲ့ အကူအညီပေးရေး နှိုးဆော်စာကို သတင်းစာမှာ ဖော်ပြခွင့် မပြုသလို ပစ္စည်းလှူဒါန်းမယ် ဆိုရင်လည်း အာဏာပိုင်တွေကတဆင့် လှူဒါန်းရမယ်လို့ ကန့်သတ်မှုတွေ ရှိလာပါတယ်။

ရခိုင်သဟာယ အသင်းရဲ့ ကူညီကယ်ဆယ်ရေး ကြော်ငြာကို အစိုးရပိုင် သတင်းစာမှာ ဖော်ပြခွင့် မပြုဘူးလို့ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသာမြကျော်က ပြောပါတယ်။

“ကြော်ငြာသွားထည့်တာ ကျနော်တို့ သောကြာနေ့လောက် ကတည်းက ကြိုးစားတာ၊ ခုထိတော့ မရသေးပါဘူး။ ကျနော်တို့က အလှူခံဌာန ဘယ်မှာဖွင့်ထားတယ်ပေါ့၊ လာရောက် လှူဒါန်းနိုင်တယ်ဆိုပြီး ကယ်ဆယ်ရေး ကော်မတီရဲ့ ခေါင်းစဉ်နဲ့ ထည့်တာပါ။ ခွင့်ပြုချက် မရသေးဘူး ဆိုပြီးပဲ အကြောင်းကြားပါတယ်ခင်ဗျ။ သတင်းစာမှာ ဖော်ပြခွင့် မရဘူးလို့တော့ မပြောဘူး၊ ခွင့်ပြုချက်ကို စောင့်နေပါတယ်ပေါ့။ ခွင့်ပြုချက် ခုထိမရသေးဘူးပေါ့၊ အဲဒီလို ပြောပါတယ်။”

နာဂစ်မုန်တိုင်း တိုက်စဉ်က ရန်ကုန်ရောက် ရခိုင်အသိုင်းအဝိုင်းရဲ့ လေဘေး ကူညီကယ်ဆယ်ရေး ဆော်သြမှုတွေကို အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခွင့် ရခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ပုဂ္ဂလိက အကူအညီပေးနေသူ တယောက်က ရခိုင်သို့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပို့မယ်ဆိုရင် လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တဆင့်ပဲ ပို့ရမယ်လို့ ကန့်သတ်လာတာကြောင့် အများစုက ရခိုင်ပြည်နယ်မှာပဲ ဝယ်ပြီး ကိုယ်တိုင် သွားရောက် လှူဒါန်းမယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဇော်အေးမောင်က လမ်းပန်းဆက်သွယ်ရေးကြောင့် ပစ္စည်းလှူတာထက် ငွေပို့ပေးတာက ပိုထိရောက်တယ်လို့ ဆိုပါတယ်။

“ဟုတ်ကဲ့၊ ကျနော်တို့ကတော့ ပစ္စည်းကို ရန်ကုန်က သယ်မယ်ဆိုရင် လောလောဆယ်မှာ ပစ္စည်းသယ်ရင် ကြာနေမှာ ဖြစ်တဲ့အတွက် ပိုက်ဆံယူပြီး စစ်တွေကို သွားပါတယ်။ စစ်တွေမှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်တွေဝယ်ပြီး ဘုတ်တစီးငှားပြီး မြေပုံကို ဆင်းမယ်ခင်ဗျ။”

ဒါပေမဲ့ ရခိုင်သဟာယ အသင်းကိုတော့ ခုချိန်ထိ တားမြစ်တာ မရှိသေးဘူးလို့ သိရပါတယ်။

“ကျနော်တို့တော့ ကိုယ်တိုင်လှူဒါန်းနေပါတယ်။ အဲလိုမျိုး ကျနော်တို့အပေါ်တော့ ကန့်သတ်တာ မရှိသေးပါဘူး။ ကျနော်တို့က ကျောက်ဖြူကိုတော့ တသုတ်ပြီးတသုတ် ရောက်နေပါပြီ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ၊ တောင်ကုတ်က တဆင့်လေ။ ဟိုကျတော့ မနက်ဖြန် စလုပ်မှာပါ။”

ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ပျောက်ဆုံးနေတယ်လို့ ဒီကနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ပါရှိပါတယ်။ ဒါပေမဲ့ ကွင်းဆင်း အကူအညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ တာဝန်ရှိသူ တယောက်က သေဆုံးသူ အရေအတွက် တိုးလာတာကို ရခိုင်ဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“အသေအပျောက် စာရင်းက ဒီမနက်အထိ ၈၅ ယောက် ရထားတယ်။ ၇၄ ယောက်က တနေရာ၊ ၁၁ ယောက်က တနေရာပါ။ နောက်ထပ်လည်း တိုးလာနိုင်စရာရှိတယ်။” လို့ ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ နာဂစ်မုန်တိုင်းအပြီး ပျက်စီးဆုံးရှုံးတာတွေ နိုင်ငံတကာသို့ သတင်းပေါက်ကြားမှာ စိုးတာကြောင့် ပြည်တွင်း အကူအညီပေးရေး အဖွဲ့တွေကိုလည်း ကန့်သတ်တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG