သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂီရိမုန်တိုင်း ကယ်ဆယ်ရေး ကုလသမဂ္ဂ ကြိုးပမ်း


ဂီရိမုန်တိုင်း ကယ်ဆယ်ရေး ကုလသမဂ္ဂ ကြိုးပမ်း
ဂီရိမုန်တိုင်း ကယ်ဆယ်ရေး ကုလသမဂ္ဂ ကြိုးပမ်း

ဂီရိ ဆိုင်ကလုံးမုန်တိုင်း ကျခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်အတွင်း ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာ အထောက်အပံ့တွေ ပေးကြဖို့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးက နိုင်ငံတကာ အလှူရှင်တွေကို မေတ္တာရပ်ခံထားပါတယ်။ မုန်တိုင်းသင့်ခဲ့တဲ့ နေရာတွေမှာ သွားလာရေး အခက်အခဲတွေကြောင့် အပျက်အစီး၊ အဆုံးအရှုံး၊ လူအသေအပျောက် စာရင်းတွေကို အတိအကျ မသိရသေးပေမဲ့ အိမ်ထောင်စုပေါင်း သောင်းနဲ့ချီပြီး ဒုက္ခတွေ့နေကြတယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံးက ခန့်မှန်းထားပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဂီရိ ဆိုင်ကလုံးမုန်တိုင်း သင့်ခဲ့တဲ့ မြို့နယ် ၇ မြို့နယ်အတွင်းမှာ လူဦးရေ ၁,၀၀၀,၀၀၀ ကျော် ရှိမယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံးက ခန့်မှန်းပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေ၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ရရှိတဲ့ မုန်တိုင်းအခြေအနေ သတင်းတွေကို လက်ရှိ စုဆောင်းနေဆဲဖြစ်ပြီး အကူအညီ လိုအပ်ချက် ငွေကြေးပမာဏကိုတော့ မကြာခင်မှာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

OCHA လို့ခေါ်တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက အဖွဲ့အစည်း အားလုံးရဲ့ ဆုံချက်အဖြစ်နဲ့ အဓိက ပင်တိုင် ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိအားဖြင့်တော့ ရခိုင်ပြည်နယ် အတွင်းမှာ ရှိပြီးသား ကုလသမဂ္ဂ အေဂျင်စီ အသီးသီးက ဝန်ထမ်းတွေနဲ့ သတင်း အချက်အလက်တွေကို စုဆောင်းနေသလို ထောက်ပံ့ကူညီရေး လုပ်ငန်းတွေကိုလည်း စတင်နေပြီလို့ ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“ဒေသခံ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ သူတို့လည်း လက်လှမ်းမီသလောက်တော့ တော်တော်လေး လုပ်နေပါတယ်။ ရရှိတဲ့ သတင်းတွေကလည်း တဖြည်းဖြည်းတော့ ဝင်လာပြီပေါ့လေ။ ဝင်လာတော့ သိထားတာ မုန်တိုင်းသင့်တဲ့ ၇ မြို့နယ်က သတင်းလေးတွေတော့ နည်းနည်း ဝင်လာပြီပေါ့။ အဓိကထိတာတော့ မြေပုံ၊ ပေါက်တော၊ စစ်တွေ၊ အမ်း၊ မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ စသဖြင့်ပေါ့။ အဲဒီဒေသမှာရှိတဲ့ လူဦးရေက ၁.၂ သန်းလောက် ရှိတယ်လို့ မှန်းထားတယ်ဆိုတော့ အဲဒီဒေသမှာ ထိခိုက်တဲ့ ပမာဏ အတိအကျတော့ မသိသေးဘူး။”

လတ်တလော အကူအညီတွေအတွက် လိုအပ်ချက် ဘယ်လောက်လောက် ရှိမယ်လို့ ခန့်မှန်းထားလဲခင်ဗျ။

“လိုအပ်ချက်ကတော့ တော်တော်လေး များပါတယ်။ မိသားစုဝင် သောင်းနဲ့ချီမယ်ဆိုရင် အဲဒီကိန်းဂဏန်းပေါ်မှာပဲ လတ်တလောတော့ မှန်းထားတာပေါ့ဗျာ။ အဓိက လိုအပ်ချက်တွေကတော့ သောက်သုံးရေသန့်၊ ပြီးတော့ အမိုးအကာ လုံခြုံမှု အတွက်ပေါ့၊ ဒီပစ္စည်းတွေ၊ နောက် စားနပ်ရိက္ခာ၊ ကျန်းမာရေး ပစ္စည်းတွေလည်း လိုအပ်ပါတယ်။ အဲတော့ ကုလသမဂ္ဂရော ဒီက အဖွဲ့အစည်းတွေကရော ပြည်တွင်းပြည်ပမှာရှိတဲ့ အလှူရှင်တွေက ကူညီပေးနိုင်ဖို့ မေတ္တာရပ်ခံထားတာလည်း ရှိပါတယ်။”

ခန့်မှန်းခြေ လူအသေအပျောက် ဘယ်လောက်ရှိတယ်လို့ ကြားပါသလဲ။

“လူအသေအပျောက် ကိန်းဂဏန်းတွေကတော့ ဟိုကရ၊ ဒီကရဆိုတော့ ပြောရခက်ပါတယ်။ လူအသေအပျောက်ကလည်း ကိန်းဂဏန်းကတော့ ပြောင်းဦးမှာပါ။ တနေ့နဲ့တနေ့တော့ တူမှာမဟုတ်ဘူးခင်ဗျ။ တနေရာနဲ့ တနေရာလည်း ရတဲ့ကိန်းဂဏန်းက မတူတဲ့အတွက် ဒီဟာတွေကို စုစည်းပြီးမှပဲ ပြောလို့ရမယ်။”

ဆယ်ဂဏန်းလောက်မှန်းလား၊ ရာဂဏန်းလောက် မှန်းလားခင်ဗျ။

“လောလောဆယ် သိထားတာတော့ ဆယ်ဂဏန်းထဲမှာပဲ သိထားပါတယ်။”

ဒီဘက်က တခြား ကုလသမဂ္ဂက နေပြီးတော့ နောက်ထပ် အကူအညီပေးနိုင်မယ့် လူအင်အားတွေ ဘာတွေ အကူအညီတွေရော။

“အခုဟာ အဖွဲ့အစည်းတွေကတော့ တဖွဲ့ပြီး တဖွဲ့တော့ တက်နေတာပေါ့။ အဲဒီမှာလည်း ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ဒေသခံ NGO တွေရော၊ အပြည်ပြည်ဆိုင်ရာ NGO တွေရော၊ UN အဖွဲ့အစည်းတွေ၊ UNDP တို့၊ WFP စသည်အားဖြင့် သူတို့လည်း လက်လှမ်းမီသလောက် သွားနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး ဆောင်ရွက်နေကြပါတယ်။ တချို့ ဒီမှာရှိတဲ့ စုဆောင်းထားတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေလည်း ပို့ဖို့ လုပ်နေကြပါတယ်။ ပို့လည်း ပို့နေပြီလို့ သိရပါတယ်။ သူတို့လည်း လက်လှမ်းမီသလောက်ပေါ့။

“ဒါပေမဲ့ အဲဒီနေရာတွေက သွားရလာရ ခက်ခဲတယ်၊ ကျွန်းတွေလည်းဖြစ်တယ်၊ ရေလမ်းကနေပဲ သွားလို့ရတယ် ဆိုတော့ ဒီအခက်အခဲတွေ ရင်ဆိုင်ပြီးတော့လည်း လုပ်နေကြပါတယ်။ ရန်ကုန်ကလည်း UNFP၊ UNDP စသည်အားဖြင့် ကျန်းမာရေး ဝန်ကြီးဌာနနဲ့ရော၊ လူမှုဝန်ထမ်း ဝန်ကြီးဌာနနဲ့ရော အကုန်လုံး ပတ်သက်တဲ့ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နေကြပါတယ်။ အဆက်အသွယ်ရပြီး တက်သွားတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်လို့ သိရပါတယ်။”

ကျနော်တို့ အရင် နာဂစ်ဖြစ်ပြီးတဲ့ အချိန်မှာတော့ ကုလသမဂ္ဂဘက်က ကြီးကြပ်ပြီး သုံးပွင့်ဆိုင် အဖွဲ့တို့ ဘာတို့ ဖွဲ့စည်းခဲ့တာ ရှိတယ်။ အခုရော အလားတူ ဒေသအဖွဲ့အစည်းတွေနဲ့ အဲဒီလိုမျိုးလုပ်ဖို့ အစီအစဉ် ရှိပါသလား။

“လောလောဆယ်တော့ အဲဒီအခြေအနေမျိုးထိ မရောက်သေးဘူး။ နာဂစ်တုန်းက အတွေ့အကြုံတွေက အများကြီး ရှိခဲ့ပါတယ်။ နာဂစ်တုန်းကတောင် ဒေသခံတွေရဲ့ စွမ်းပကားကို အများကြီး အသုံးချနိုင်ခဲ့ပါတယ်။”

အခုအချိန်မှာတော့ ရခိုင်ပြည်နယ်က ဆိုင်ကလုံး သင့်ခဲ့တဲ့ ဒေသတွေကို ဒေသခံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ကူညီရေး ဝန်ထမ်းအချို့ သွားရောက်နေကြပြီလို့ သိရပါတယ်။ ကယ်ဆယ်ရေး ဝန်ကြီးဌာနဘက်ကလည်း လေယာဉ်တွေနဲ့ အဲဒီ အဖွဲ့အစည်းတွေရဲ့ အထောက်အကူ ပစ္စည်းတွေကို သယ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

XS
SM
MD
LG