သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင်တွေ အဖမ်းခံရ


အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီနဲ့ ပြေလည်မှု မရရှိသေးတဲ့ ရမည်းသင်း မိုးထိမိုးမိရွှေတူး လုပ်သားတွေဟာ နေပြည်တော်အထိ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ရာမှာ အလုပ်သမားခေါင်းဆောင်တွေကို ပဲခူးတိုင်းတောင်ငူခရိုင် မြို့လှမြို့ ရေနီစက္ကူ စက်ရုံအရောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ကနေ ဒီကနေ့ မနက်မှာဖမ်းဆီးခဲ့ပါတယ်။ ရွှေတူးလုပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးထားပေမဲ့လဲ အလုပ်သမားတွေအနေနဲ့က ရည်မှန်းချက်အတိုင်း နေပြည်တော်အထိ ဆက်လက် ချီတက်သွားမယ်လို့လဲဆိုပါတယ်။ ဒေသခံခရိုင် ရဲအရာရှိတွေကနေ ချီတက်ဆန္ဒပြတာ(၃)ရက် ရပ်နား ပေးဖို့မေတ္တာရပ်ခံချက်ကို ရွှေတူးအလုပ်သမားတွေဘက်ကလက်ခံခဲ့ပေမဲ့ ခရိုင်ရဲတွေကနေ ပေးထား တဲ့ဂတိပျက်ကွက်မှုရှိခဲ့တယ် လို့လဲ ရွှေတူးလုပ်သားခေါင်းဆောင်တွေကပြောပါတယ်။
ဒီအခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းထားပြီး အခုလိုသတင်းပေးပို့ထားပါတယ်။

ဒေသခံခရိုင်ရဲမှူးရဲ့မေတ္တာရပ်ခံချက်ကြောင့် ပဲခူးတိုင်းတောင်ငူခရိုင်မြို့လှမြို့မှာ လမ်းလျှောက်ချီတက် ဆန္ဒပြတာ(၃)ရက် ရပ်နားထားတဲ့ မိုးထိမိုးမိရွှေတူးအလုပ်သမားတွေဟာ ဒီကနေ့ စတင်ထွက်ခွါရာမှာ ရေနီမြို့အဝင်မှာ လုံခြုံရေးရဲတပ်ဖွဲ့တွေကနေ အင်အားသုံးပြီး ဆန္ဒပြခေါင်းဆောင်(၄)ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့တယ်လို့ ဆန္ဒပြရွှေတူးအလုပ်သမားတွေကပြောပါတယ်။ ဒီဆန္ဒပြရွှေတူးအလုပ်သမားတွေ မြို့လှ မြို့ကနေ စတင်ထွက်ခွါတဲ့အချိန်ကစပြီးတော့ အရပ်ဝတ်ရဲတွေကနေ လိုက်ပါလာပြီး ရေနီစက္ကူစက်ရုံ အ ရောက်မှာ အသင့်စောင်းဆိုင်းနေတဲ့ ရဲတပ်ဖွဲ့တွေကနေ ရွှေတူးလုပ်သားခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီး သွားတယ်လို့ ဖမ်းဆီးခံရသူ ဆန္ဒပြခေါင်းဆောင် ကိုရဲရင့်ထွန်းရဲ့ဇနီးဖြစ်သူ မအိမွန်ကျော်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“(၉)နာရီခွဲလောက်မှာပေါ့နော်။ ကျွန်မတို့ ထွက်လာတဲ့လမ်းတလျှောက်မှာပေါ့။ သူတို့ရဲ့ လူဝတ်တွေနဲ့ ပေါ့။ ရဲတွေပေါ့နော်။ ပါလာတယ်ရှင့်။ (၂၆)ယောက်လောက်က လမ်းဘေးဝဲယာကနေ ကျွန်မတို့က ဒီဘက် ကလျှောက် သူတို့ကဟိုဘက်ကလျှောက်ပြီးလိုက်ခဲ့ပါတယ်။ ရေနီစက္ကူစက် နားရောက်တဲ့အခါ ကျတော့ ရှေ့ကနေပြီးတော့မှ ရဲအင်အား(၂၀၀)ပေါ့နော်။ ဒိုင်းတွေနဲ့ ကာတဲ့အချိန် လူဝတ်တွေကပေါ့နော်။ ဝင်ပြီးတော့မှ ကျွန်မတို့ခေါင်းဆောင်တွေကို ရိုက်နှက်ဖမ်းဆီးသွားပါတယ်။ ခေါင်းဆောင်ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်၊ ကိုစောနောင်ပါရှင့်။ ခေါင်းဆောင်ပိုင်းတွေကိုတော့ သူတို့ရဲ့လက်ထိပ်နဲ့ နံပါတ်တုတ်နဲ့ ရိုက်ပါတယ်ရှင့်။ ကျွန်မတို့ခေါင်းဆောင်ပိုင်းတွေ တော်တော်နာသွား မယ်ရှင့်။ ကျွန်မတို့လဲ သူတို့ကို ကားပေါ်တင်သွားတဲ့အချိန်မှာ ကျွန်မတို့ရဲ့ကျန်ခဲ့တဲ့ လူအုပ်စုကို ထိန်းနေတာနဲ့ဆိုတော့လေ။”

အဖမ်းဆီးခံထားရသူ မိုးထိမိုးမိရွှေတူးလုပ်သားခေါင်းဆောင်(၄)ဦးကို မြို့လှမြို့ရဲစခန်းမှာချုပ်နှောင်ထား တယ်လို့လဲ မအိမွန်ကျော်ကပြောပါတယ်။
အခုလို ရွှေတူးလုပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးသွားပေမဲ့လဲ ကျန်ရှိနေတဲ့ဆန္ဒပြသူတွေဟာ နေပြည် တော်အရောက် လမ်းလျှောက်ချီတက်သွားမယ်လို့လဲ ချီတက်ဆန္ဒပြရာမှာပါဝင်ခဲ့သူ မအိမွန်ကျော်က ပြောပါတယ်။

“ကျမတို့ကတော့ တဗိုလ်ကျရင်တဗိုလ်တက်တဲ့စံနစ်နဲ့ ကျမတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ နေပြည်တော်ကိုရောက်အောင်သွားမှာပါရှင့်။”

မန္တလေးတိုင်းရမည်းသင်းခရိုင်မှာရှိတဲ့ မိုးထိမိုးမိရွှေတူးလုပ်သားတွေဟာ အမျိုးသားကြီးပွါးတိုးတက်ရေး ကုမ္ပဏီနဲ့သဘောတူညီထားတဲ့ ရွှေမြင်တင်စာချုပ်ပါ အချက်(၆)ချက်ကိုတောင်းဆိုတဲ့အနေနဲ့ နိုဝင်ဘာ လ(၈)ရက်နေ့ကတည်းက ရန်ကုန်မြို့ကနေ နေပြည်တော်အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာပါ။ နေပြည်တော်သို့ လမ်းလျှောက်ချီတက်ဆန္ဒပြတဲ့ရွှေလုပ်သား ၇၆ ဦးမှာ အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ၇ ဦး ပါဝင်ပါတယ်။

ရန်ကုန်မြို့ကနေ မိုင်(၂၇၀)ဝေးကွာတဲ့ နေပြည်တော်ကို လမ်းလျှောက်ချီတက်လာစဉ်မှာ ပဲခူးတိုင်းတောင်ငူ ခရိုင် မြို့လှမြို့ကိုရောက်စဉ် နိုဝင်ဘာ(၂၀)ရက်နေ့မှာ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးကနေ ချီတက်ဆန္ဒပြတာကို (၃)ရက် ရပ်နားပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ရွှေတူးလုပ်သားခေါင်းဆောင်တဦးဖြစ်သူ ဦးမြင့်ရီကအခုလိုပြောပါတယ်။

“သူတို့ အဲဒီတုန်းက ပြောသွားတဲ့ စကားကတော့ ခင်ဗျားတို့ (၃)ရက်နားနေမယ်ဆိုလို့ရှိရင် ဒီဘက်သွားရေး လာရေးကိစ္စ သူတို့တာဝန်ယူတယ်လို့တော့ ခရိုင်ရဲမှူးကပြောတာပါခင်ဗျ။ အဲဒီလိုပြောခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ သူတို့လုပ်ချင်တဲ့ဟာကိုသူတို့ အာဏာပိုင်အနေနဲ့ တို့လုပ်နေတာဘဲခင်ဗျ။”

မိုးထိမိုးမိက ရွှေတူးအလုပ်သမားတွေ လမ်းလျှောက်ချီတက် ဆန္ဒပြတဲ့အချိန်မှာ အမျိုးသားကြီးပွါးတိုးတက်ရေး ကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်ကိုယ်တိုင် မြို့လှမြို့ကို ရောက်ရှိလာပြီး အလုပ်သမားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းခဲ့ပေမဲ့ ရွှေတူးအလုပ်သမားတွေက လက်မခံဘဲ နေပြည်တော်အထိ အရေးဆိုသွားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင်ကိုရဲရင့်ထွန်းရဲ့ဇနီးဖြစ်သူ မအိမွန်ကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ(၁၄)ရက်ကတည်းက အလုပ်သမားတွေရဲ့ထိခိုက်နစ်နာမှုတွေကို အရေးဆိုဆန္ဒပြဖို့ နေပြည် တော်အထိချီတက်လာစဉ်လမ်းခုလတ်မှာ အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီဘက်ကနေ အလုပ် သမားတွေနဲ့အပြန်အလှန် ညှိနှိုင်းပြီး ရွှေမြင်တင်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ရွှေမြင်တင်စာချုပ်ပါ အတိုင်း အလုပ်သမားတွေရဲ့နစ်နာကြေးတောင်းဆိုမှုတွေနဲ့ပက်သက်ပြီး မိုးထိမိုးမိ ရွှေတူးအလုပ်သမားတွေနဲ့ အမျိုးသားကြီးပွါးတိုးတက်ရေး ကုမ္ပဏီတို့ရဲ့အကြားမှာ ပြေလည်မှု မရရှိသေး တဲ့အတွက် နေပြည်တော်အထိ တိုင်ကြားဖို့ အခုလိုလမ်းလျှောက်ချီတက်ဆန္ဒပြရတယ်လို့ အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။

မိုးထိမိုးမိဒေသက ရွှေထုတ်လုပ်ခြင်းကို အသေးစားလုပ်ငန်းရှင်များကနေ ၂ဝဝ၄ခုနှစ်မှ စတင် လုပ်ကိုင် ခဲ့ပြီး (၂၀၁၁)ခုနှစ်တွေမှာ အမျိုးသားကြီးပွါးတိုးတက်ရေးအုပ်စုကုမ္ပဏီတို့ကနေ တရားဝင်လုပ်ပိုင်ခွင့် ရခဲ့ပါတယ်။ အသေးစားရွှေတူးဖေါ်ရေးလုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရာကနေ မေလ ဆန်းလောက်မှာ ကုမ္ပဏီကနေ အသေးစားတူးဖေါ်သူတွေအပေါ် တူးဖေါ်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ အခုလိုအသေးစားလုပ်ငန်းတွေကို ပိတ်ပင်ခဲ့လို့ အလုပ်သမားတွေ ထိခိုက်နစ်နာမှုရှိခဲ့တဲ့အတွက် ဇွန်လ ဆန်းမှာအလုပ်မား(၅)သောင်းကျော် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းကို ဆက်သွယ်စုံစမ်းပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
XS
SM
MD
LG