သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ ပြောခွင့်ရအဖွဲ့ ဗဟိုချုပ်ကိုင်မှုအရ မဖွဲ့စည်းသင့်


မြန်မာအစိုးရ ပြောခွင့်ရအဖွဲ့ ဗဟိုချုပ်ကိုင်မှုအရ မဖွဲ့စည်းသင့်
မြန်မာအစိုးရ ပြောခွင့်ရအဖွဲ့ ဗဟိုချုပ်ကိုင်မှုအရ မဖွဲ့စည်းသင့်

မြန်မာအစိုးရက နိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကို ထုတ်ပြန်နိုင်ဖို့ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့တရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ကြေညာလိုက်ပါတယ်။ အခုလို သတင်းထုတ်ပြန်ရေး အဖွဲ့တရပ် ဖွဲ့လိုက်တယ် ဆိုတာဟာ သတင်းတွေကို ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ထိန်းချုပ်ထားဖို့ ဖြစ်သလို လွတ်လပ်ပြီး တိကျတဲ့ သတင်းတွေ ဖြစ်မလာနိုင်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ နိုင်ငံရေးရာ ကိစ္စတွေ အပါအဝင် စစ်ရေးနဲ့ သဘာ၀ ဘေးအန္တရာယ်တွေကို သတင်းထုတ်ပြန်နိုင်ဖို့ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ကြေညာလိုက်တာပါ။ ဒီအဖွဲ့ကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ခေါင်းဆောင်ပြီး ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ အလုပ်သမားရေး ဌာနက ဝန်ကြီးတွေအပြင် ရဲတပ်ဖွဲ့က ရဲချုပ်နဲ့အတူ အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။

တကယ်တော့ ဒီမိုကရေစီနိုင်ငံ တခုမှာ နိုင်ငံရဲ့ ကိစ္စရပ် အားလုံးကို အဖွဲ့အစည်း တခုကပဲ ထိန်းချုပ်တာမျိုး မလုပ်သင့်သလို အခုဖွဲ့လိုက်တဲ့ ပြောရေးဆိုခွင့်အဖွဲ့ ဆိုတာဟာ သတင်းတွေကို ဗဟိုထိန်းချုပ်မှုစနစ် ဖြစ်နေတယ်လို့ ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းက ထောက်ပြပါတယ်။

“တကယ်တမ်း ဒီမိုကရေစီနိုင်ငံ တခုမှာ ဆိုရင်တော့ သတင်းထုတ်ပြန်ရေးအဖွဲ့ ဆိုပြီးတော့ သီးခြားဖွဲ့ပြီးတော့ တာဝန်ပေးနေစရာ မလိုပါဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဝန်ကြီးဌာနတိုင်းမှာ သက်ဆိုင်ရာ ဝန်ကြီးတွေ သို့မဟုတ် ထိပ်တန်း အရာရှိကြီးတွေဟာ ပြောခွင့်ရှိမယ်ဆိုရင် ဒီလိုအဖွဲ့မျိုး ဖွဲ့စရာတောင် မလိုဘူး။ ဒီအဖွဲ့ ဖွဲ့တယ် ဆိုကတည်းကိုက အရင်အစိုးရ အဖွဲ့က ဖွဲ့ခဲ့တာလည်း ဒီလူတွေပဲ ပါကြတာပဲ၊ ဒါကြောင့် ဘဘအနေနဲ့တော့ သိပ်ပြီး ထူးမယ်မထင်ဘူး။

“သူတို့ ဝါဒဖြန့်ချင်တဲ့ ကိစ္စရှိရင် သတင်းစာ ရှင်းလင်းပွဲဆိုတာ လုပ်တယ်။ သူတို့ ပြောချင်တာ ပြောမယ်၊ သူတို့ မပြောစေချင်တာဆိုရင် မပြောရအောင် ဗဟိုကနေ ချုပ်ကိုင်ထားတဲ့ သဘောပဲ။ ဒီမိုကရေစီနိုင်ငံ တွေမှာတော့ ဝန်ကြီးဌာနတိုင်း၊ အစိုးရအရာရှိကြီးတိုင်းဟာ သူတို့ဌာနနဲ့ ပတ်သက်လို့ရှိရင် လွတ်လွတ်လပ်လပ် ပြောခွင့်ရှိတယ်။ အဲဒါမှလည်း လွတ်လပ်တဲ့ သတင်းတွေက စီးဆင်းပြီးတော့နေမှာ။ အခုလို ဗဟိုကနေ ချုပ်ကိုင်ထားတယ်ဆိုတော့ ဆင်ဆာလုပ်ပြီးသား သတင်းလောက်ပဲ ထုတ်မှာဖြစ်တယ်။ ပြည်သူတွေ တကယ်သိချင်တဲ့ သတင်းမျိုးတော့ ထွက်လာမှာ မဟုတ်ပါဘူး။”

သတင်းစာဆရာကြီး လူထုစိန်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို တရားဝင် အဖွဲ့အစည်းတွေ ပေါ်လာတာမို့ သတင်းလုပ်ငန်းတွေမှာ အနည်းငယ် လုပ်ရကိုင်ရ အဆင်ပြေလာတာက လွဲရင် တခြား တိုးတက်လာမယ့် အခြေအနေ အများကြီးကိုတော့ မျှော်လင့်နိုင်စရာ မရှိဘူးလို့ ပြည်တွင်း သတင်းထောက် လူငယ်တဦးက သုံးသပ်ပါတယ်။

“နည်းနည်းပါးပါး မျှော်လင့်နိုင်စရာတော့ ရှိပါတယ်။ အများကြီးတော့ သိပ်ပြီး တကယ်လွတ်လပ်ပြီးတော့ ပြောလို့ရမယ့်၊ မေးခွန်းတွေ မေးရတဲ့ အတွက်တော့ သိပ်ပြီး ထူးခြားလာမယ်လို့ မထင်ပါဘူး။ သိပ်အများကြီး အထွေအထူးတော့ အပြောင်းအလဲ မရှိပါဘူး။ လွတ်လပ်ခွင့် ပေးပေမဲ့ စည်းဘောင်တခုတည်းက ထိန်းသိမ်းသွားမယ်လို့တော့ ထင်တယ်။ အပြောင်းအလဲ တခုရယ်လို့လည်း မမြင်ပါဘူး၊ ကျနော့်အမြင်ကတော့။ ဒီဟာက ဒီအတိုင်းပဲ သွားနေမှာပဲလို့ မြင်ပါတယ်။”

အရင် စစ်အစိုးရ လက်ထက်ကလည်း အခုလို ပြန်ကြားရေးဝန်ကြီး အပါအဝင် သတင်းထုတ်ပြန်ရေး အဖွဲ့ဆိုတာ ရှိခဲ့ပေမဲ့ အဲဒီအဖွဲ့တုန်းကလည်း ဘာမှ လုပ်ပိုင်ခွင့် မရှိခဲ့ဘူးလို့ ပြောကြပါတယ်။ အခုလည်း အရင် စစ်အစိုးရ လက်ထက်တုန်းက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကပဲ အခုအဖွဲ့ထဲမှာ ပြန်လည် ဦးဆောင်ထားတာမို့ ဒီအဖွဲ့ ဘယ်လောက်အထိ လုပ်နိုင်ခွင့် ရှိမလဲ၊ လုပ်ပိုင်ခွင့် ရှိမလဲဆိုတာ စောင့်ကြည့်ဖို့ လိုတယ်လို့ ပြည်တွင်း သတင်းအယ်ဒီတာတဦးက သုံးသပ်ပါတယ်။

“ကျနော်တို့နိုင်ငံမှာ အရင်ကလည်း ဒီလို အဖွဲ့အစည်းတွေ ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်မှာလည်း ပြန်ကြားရေးဝန်ကြီး အပါအဝင် အဲဒီလို သတင်းထုတ်ပြန်ရေး အဖွဲ့တွေ ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း သတင်းစာရှင်းလင်းပွဲ တကြိမ် နှစ်ကြိမ် လုပ်ခဲ့တာကလွဲလို့ နောက်ပိုင်းမှာတော့ ဘာမှမထူးပါဘူး။ ပိုပြီးတော့ ဘာမှ သိပ်ပြီး ဆောင်ရွက်ပေးနိုင်တာ မရှိခဲ့ပါဘူး။ အဖွဲ့အစည်းတရပ် အနေနဲ့သာ ရှိပေမဲ့ တကယ်တမ်းကျတော့ ဘာမှ လုပ်ပိုင်ခွင့် သိပ်ရှိလှတာ မဟုတ်ပါဘူး။

“ဒါကြောင့် ဒီလို အဖွဲ့အစည်း ပေါ်လာပေမဲ့ အများကြီးတော့ မမျှော်လင့်နိုင်ပါဘူး။ တခါတရံမှာ ဒီလို ပေါ်လာတဲ့အတွက် လုပ်ရကိုင်ရတာ အဆင့်တဆင့် ပိုသွားပြီး ပိုရှုပ်ထွေးတတ်တဲ့၊ ခက်ခဲတတ်တဲ့ သဘောသဘာဝတောင် ရှိပါတယ်။”

ပြည်တွင်း သတင်းအယ်ဒီတာ တဦးရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

မနေ့ သြဂုတ်လ ၁၀ ရက်နေ့က ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြလိုက်သလို ဒီအဖွဲ့ဟာ မနက်ဖြန် သြဂုတ်လ ၁၂ ရက် သောကြာနေ့မနက် နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မှာ ဖြစ်ပါတယ်။ ဒါဟာ အရပ်သားအစိုးရ တက်လာအပြီး ပထမဆုံးအကြိမ် အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲပါ။

ဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေဟာ မေးခွန်းတွေကို ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် မေးနိုင်မလဲ၊ မေးလာတဲ့ မေးခွန်းတွေအပေါ်မှာ ဘယ်လိုအဖြေတွေ ရမလဲဆိုတာ ကြည့်ပြီး ဒီအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို လေ့လာနိုင်မယ်လို့လည်း သတင်းသမားတွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG