သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတဝှမ်း အာဇာနည်နေ့ကျင်းပဖို့ မြန်မာအစိုးရ ခွင့်ပြု


အာဇာနည်ဗိမ္မာန်
အာဇာနည်ဗိမ္မာန်

ဒီကနေ့ ကျရောက်တဲ့ (၆၇)နှစ်မြောက် အာဇာနည်နေ့မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ မီးရထား၊ မီးသတ်ကားတွေနဲ့ သင်္ဘောတွေကနေ ဥသြဆွဲဂုဏ်ပြုဖို့ အစိုးရက မနေ့ညက ညွန်ကြားချက် ထုတ်ပြန်လိုက်တာကိုလည်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။ ဒီကနေ့ ကျင်းပမယ့် အာဇာနည် ဗိမာန်နိုင်ငံတော် အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် နဲ့ အခြား အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ အပြင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ အတူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ လွှတ်တော် ထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့ တက်ရောက်မှာဖြစ်ပါတယ်။ အကြောင်းစုံကိုမအင်ကြင်းနိုင်ကပြောပြမှာပါ။

နှစ်စဉ်ဇူလိုင်လ (၁၉)ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့အခမ်းအနားကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဥသြဆွဲဂါရဝပြုတာ၊ မြို့နယ်အသီးသီးမှာ အခမ်းအနား ကျင်းပခွင့်တွေကို ပိတ်ပင်ထားခဲ့ရာက အစိုးရက ဒီနှစ်မှာ တရားဝင်ပြန်လည် ခွင့်ပြုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် နိုင်ငံတော် အခမ်းအနားမှာ ထူးခြားချက်အနေနဲ့ သူရဦးရွှေမန်း ပထမဆုံးအကြိမ် တက်ရောက်မယ့် အကြောင်း ဦးရွှေမန်းရဲ့ ကိုယ်ရေးအရာရှိက အတည်ပြုပြောဆိုခဲ့တဲ့ အကြောင်း 7 Days သတင်းထောက်ချုပ် ကိုအောင်သူရက ပြောပါတယ်။

" လေးနာရီလောက်က ကျနော် သတင်းကြားလို့ ဦးရွှေမန်း ကိုယ်ရေးအရာရှိ ဗိုလ်မှူးအောင်လင်းထွန်းဆီ ဖုန်းဆက်လိုက်ပါတယ်။ ဖုန်းဆက်လိုက်တော့ မနက်ဖြန် ပြည်ထောင်စု လွှတ်တော် နာယကကြီး အာဇာနည်ကုန်းကိုတက်ပြီး အလေးပြုမယ်ဆိုတာ ဟုတ်ပါသလား ဆိုတော့ ဟုတ်တယ်လို့ဖြေပါတယ်။ သူ့အပြင်ကို လွှတ်တော်အမတ် တချို့လည်း ပါလာမယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်လည်း တက်မယ်လို့ သူ ပြောပါတယ်။"


ဒီအာဇာနည်နေ့ အခမ်းအနား စတင်ကျင်းပမယ့် နံနက်(၇)နာရီ (၅၅)မိနစ်ကစပြီး မြန်မာ့ရုပ်မြင် သံကြားနဲ့ မြန်မာ့အသံရေဒီယို တို့ကနေ တိုက်ရိုက်ထုတ်လွင့်ပြသမှာဖြစ်ပါတယ်။ ၈၈မျိုးဆက်ခေါင်းဆောင်တွေ၊ ကျောင်းသား သမဂ္ဂနဲ့ တိုင်းရင်းသား လူငယ်အဖွဲ့တွေဟာလည်း ရန်ကုန်၊ မန္တလေး မြို့အပါအဝင် နိုင်ငံတဝှမ်းမှာ အခမ်းအနားတွေကို ကျင်းပကြမှာပါ။ ရန်ကုန်မြို့မှာ ကျင်းပမယ့် အစီစဉ်နဲ့ ပတ်သက်လို့ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဖြစ်မြောက်ရေးကော်မတီက ကိုဒီငြိမ်းလင်းကနေ အခုလိုပြောပြပါတယ်။

" မနက်ပိုင်း ကိုးနာရီ လောက်မှာ မြေနီကုန်းမှာ စုကြမယ် စုပြီးတော့ တခြားသော တိုင်းရင်းသားလူငယ်အဖွဲ့တွေနဲ့ အာဇာနည်နေ့ အမှတ်တရ စကားတွေ၊ အာဇာနည်နေ့နဲ့ပတ်သက်တဲ့ အထိမ်းအမှတ်တွေ ပြောကြမယ်။ ဆယ်နာရီနဲ့ သုံးဆယ့်ခုနှစ်မိနစ်မှာ ကျနော်တို့တွေ ဂါရဝပြုကြမယ်။ ပြီးလို့ရှိရင် အာဇာနည်ဗိမာန်ကို ကျနော်တို့ ပြည်သူလူထု တက်ရောက်ဂါရဝပြုခွင့်ရတဲ့အချိန်မှာ ကျနော်တို့ ကျောင်းသားလူငယ်တွေ ပြည်သူလူထုတွေ အကုန်လုံးက သွားရောက် ဂါရဝပြု ကြမယ့် အစီအစဉ်ရှိပါတယ်ခင်ဗျ။"

တဆက်တည်းပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဥသြဆွဲဂုဏ်ပြုဖို့ အစိုးရဘက်က ကြေညာချက် ထုတ်ပြန် လိုက်တာကို ကြိုဆိုကြောင်း ကိုဒီငြိမ်းလင်းကပြောပါတယ်။

တိုင်းပြည် လွတ်လပ်ရေးအတွက် အသက်စွန့်သွားတဲ့ အာဇာနည်ခေါင်းဆောင်တွေ ကို အောက်မေ့ဂုဏ်ပြုဖို့ ဘယ်အစိုးရ လက်ထက်မှာပဲဖြစ်ဖြစ် ပြည်သူတွေကို လွတ်လွတ်လပ်လပ်ခွင်ပြုသင့်တယ်လို့ ၈၈မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ်ကလည်းပြောပါတယ်။

" မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲနဲ့အတူ ဒီအာဇာနည်ခေါင်းဆောင်တွေကို ကျနော်တို့ တိုင်းပြည်ကနေ ဂုဏ်ပြုရခြင်းဟာ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။ အုပ်ချုပ်ရေးယန္တရားကိစ္စမဟုတ်ဘူး။ ကျနော်တို့မြန်မာပြည်သူ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် တက်လာတဲ့အစိုးရတိုင်းဟာ ဒီမြန်မာပြည်သူ ပြည်သား အားလုံး ရဲ့ ကျနော်တို့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ကို ဦးဆောင်ပြီးတော့ ရယူပေးခဲ့တဲ့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ပေးခဲ့တဲ့ Founding Fathers တွေကိုတော့ ကျနော်တို့ ဂုဏ်ပြုသင့်ပါတယ်။ တကယ်ကို လေးလေးနက်နက်နဲ့ အစိုးရတွေကိုယ်တိုင် ကလည်း အလေးအနက်ထားပြီး လုပ်ဆောင်သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။"


၈၈မျိုးဆက်ခေါင်းဆောင်တွေအနေနဲ့လည်း အာဇာနည်ဗိမာန်မှာ ဒီကနေ့ နေ့လည် (၂)နာရီမှာ အာဇာနည်ခေါင်းဆောင်တွေကို သွားရောက် အလေးပြုမှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအနေနဲ့ အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် နိုင်ငံတော် အခမ်းအနားကို တက်ရောက်ပြီး လွမ်းသူ ပန်းခွေချမှာဖြစ်သလို ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာကျင်းပမယ့် အာဇာနည်နေ့အခမ်းအနားကိုလည်း တက်ရောက်မှာပါ။ ဒါအပြင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ သံဃာတော်တွေကို ဆွမ်းကပ်ဖို့ရှိပြီး ဘာသာပေါင်းစုံဆုတောင်းပွဲ လည်းကျင်းပဖို့ရှိတယ်လို့သိရပါတယ်။


ဒီကနေ့နံနက်၁၀နာရီ ၃၇ မိနစ်မှာ မြန်မာ့မီးရထား၊မီးသတ်ဦးစီးဌာနတို့ကနေ ဥသြဆွဲတဲ့ အစီစဉ်ကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အလားတူ၊ တိုင်းနဲ့ ပြည်နယ်ဒေသကြီးတွေမှာလည်း သက်ဆိုင်ရာအစိုးရတွေကနေ ဥသြဆွဲဂုဏ်ပြုကြမယ်လို့ဆိုပါတယ်။ ဒါအပြင် စက်ရုံ အလုပ်ရုံတွေနဲ့ မီးသတ်စခန်းတွေမှာ ဥသြဆွဲကြဖို့ နိုင်ငံတော်သမ္မတဘက်က ညွန်ကြားတယ်လို့ သိရပါတယ်။


သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ကိုယ်တိုင် လည်း နေပြည်တော်ကောင်စီ ဓမ္မာရုံ မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို ရည်စူးပြီး နံနက်ပိုင်းမှာ ဆွမ်းကပ်မှာဖြစ်တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ကြေညာထားပါတယ်။

XS
SM
MD
LG