သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုံးဖွင့်ခွင့် သဘောတူပြီး ဖြစ်ကြောင်း OIC တုံ့ပြန်


အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံထဲမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ OIC ဆက်ဆံရေးရုံး ဖွင့်ခွင့်မပြုဖို့ ဆန္ဒပြပွဲတွေ နေရာ အတော်များများမှာ ဖြစ်ပွားနေချိန်မှာပဲ အခုလို သတင်းထုတ်ပြန်လိုက်တာပါ။ OIC အဖွဲ့ကတော့ အခုလို ရုံးခန်းဖွင့်ဖို့ ပယ်ဖျက်လိုက်တဲ့အကြောင်း သူတို့ဆီကို တရားဝင်အကြောင်းကြားလာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဦးဝင်းမင်းက တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၅၇နိုင်ငံပါဝင်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်ဆံရေးရုံး ကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်မပြုဘူးလို့ ည ၈နာရီ မြန်မာရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေ က ကြေညာလိုက်ပါတယ်။ OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် အခြားမြို့အနည်းငယ်မှာ ဆန္ဒပြပွဲတွေ ဒီရက်ပိုင်းအတွင်းကစ ဖြစ်လာခဲ့ပြီး အချိန်မှာ မြန်မာအစိုးရဘက်က ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီလို့ အခုလို ဆုံးဖြတ်ရတာလို့ဆိုပါတယ်။

အခုလို OIC ရုံးဖွင့်ဖို့ကို မြန်မာအစိုးရရဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ OIC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကြား ပြီးခဲ့တဲ့ စက်တင်ဘာကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေး နားလည်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးပြီး သဘောတူခဲ့ကြတယ်လို့ OIC ပြန်ကြားရေးဌာနက Ms. Maha အခုလို ပြောပါတယ်။

“သဘောတူညီမှုဟာ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီး နဲ့ OIC ကိုယ်စားလှယ်တို့ကြား ပြီးခဲ့တဲ့လ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ရုံးခွဲနှစ်ခု ဖွင့်ခွင့်ပြုဖို့ ရန်ကုန်နဲ့ ရခိုင်၊ စစ်တွေမှာပါ။”

အခုလိုလက်မှတ်ရေးထိုးခဲ့တဲ့ ဒီနားလည်မှု စာချွန်လွှာထဲမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်ရခိုင်တွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ လူသားချင်းဆိုင်ရာ ကူညီမှုတွေကို ညှိနှိုင်းဖြေရှင်းစောင့်ကြည့်ပေးဖို့ အခုလိုရုံးခွဲဖွင့်ဖို့ ထည့်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ရုံးခွဲဖွင့်ဖို့ မပြုတော့တဲ့ ဆုံးဖြတ်ချက်ကို တရားဝင်အကြောင်းကြားစာ အနေနဲ့ မရရှိသေးဘူးလို့ OIC ပြန်ကြားရေးဌာနက Ms. Mahar က ဆက်ပြောပါတယ်။

“ကျမတို့အနေနဲ့ မြန်မာအစိုးရထံက အဲ့ဒီ့ကိစ္စနဲ့ပတ်သက်လို့ တရားဝင်အကြောင်းကြားတာမျိူး လက်ခံရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လို့ ကျမတို့ဆီမှာ ရှိတဲ့အချက် ကတော့ OIC နဲ့ မြန်မာအစိုးရကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုပါ။ OIC ရုံးခွဲတွေ ဖွင့်ခွင့်ပြု မယ်ဆိုတဲ့ သဘောတူညီမှု ဖြစ်တာမို့ အခုလို ဖွင့်ခွင့်မပြုနိုင်ဘူးလို့ ပြောလာတာကို ကျမတို့ နားမလည်နိုင်ပါဘူး။ သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီးသားပါ။”

တချိန်တည်းမှာ RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကတော့ OIC အနေနဲ့ ဘာသာရေးအဖွဲ့ဖြစ်တဲ့အတွက် တိုက်ရိုက်ရုံးဖွင့်ခွင့်ပေးတာထက် စာရင် မြန်မာအစိုးရကတဆင့် စိစစ်ပြီး အကူအညီတွေကို ရောက်သင့်တဲ့နေရာကို ပို့သင့်တယ်လို့ဆိုပါတယ်။

“ကာလတခုအထိ လာပြီးကာမှ ကိုယ်တိုင်ပါဝင်လုပ်ဆောင်မယ်ဆိုတဲ့ အပိုင်းကြည့်တဲ့အခါမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရင် လူတွေက ဘယ်သူတွေ ဘာညာဆိုတာ ကျနော်တို့က သေချာသိနိုင်တဲ့ သဘောမဟုတ်တဲ့အခါကျတော့ အင်မတန်ကြောက်စရာကောင်းတယ်ဗျ။ ဘာတွေကို ယူသွားမလဲ။ ဘာတွေကို ဖော်ထုတ်မလဲ။ မဟုတ်တဲ့ဟာကို ဘယ်လိုဝါဒဖြန့်မလဲ ဆိုတာလည်းရှိတယ်။ အဲ့တာကြောင့် အစိုးရအဖွဲ့ကတဆင့် ကူပေးတာ လက်ခံတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ရခိုင်နဲ့မူဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်လာခဲ့အပြီးမှာ လူပေါင်းအနည်းဆုံး ၇၀ကျော်သေဆုံးခဲ့ရပြီး အခုလို ရခိုင်ပြည်နယ်အတွင်းမှာလည်း မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်ပေါင်း ရှစ်သောင်းပတ်ဝန်းကျင် ဖြစ်လာခဲ့ရတာပါ။
XS
SM
MD
LG