သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ PGM ဖျက်သိမ်းသင့်-မသင့်


ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးမိတ်ဖက်နိုင်ငံများအဖွဲ့အစည်းအဝေးကို ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် တက်ရောက်နေစဉ် (အောက်တိုဘာ ၂၃ ၂၀၁၆)
ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးမိတ်ဖက်နိုင်ငံများအဖွဲ့အစည်းအဝေးကို ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် တက်ရောက်နေစဉ် (အောက်တိုဘာ ၂၃ ၂၀၁၆)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဦးဆောင်ဖွဲ့စည်းထား တဲ့ မြန်မာနိုင်ငံဆိုင် ရာ ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်နိုင်ငံများအဖွဲ့ (Partnership Group for Peace, Development and Democracy in Myanmar- PGM) ကို ဖျက်သိမ်းပေးဖို့ မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး က တောင်းဆို လိုက်တဲ့ကိစ္စအပေါ် မြန်မာ့အရေး လှုပ်ရှားနေသူတွေကြား အမြင်အမျိုးမျိုး ထွက်ပေါ် လာပါတယ်။ PGMအဖွဲ့ကို မဖျက်သိမ်းသေးပဲ ဆက်ထားသင့် တယ်လို့ မြင် သူတွေရှိသလို၊ ဆက်မထားတော့ပဲ အခုချိန်မှာ ဖျက်သိမ်းသင့်ပြီလို့ မြင်နေသူတွေလဲ ရှိပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂမိတ်ဆွေနိုင်ငံများ (PGM)အစည်းအဝေးကို စက်တင်ဘာ(၂၃) သောကြာနေ့က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့ပြီး၊ မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် တက်ရောက်မိန့် ခွန်းပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာ NLD အစိုးရသစ်က ဒီမိုကရေ စီ ဖေါ်ဆောင်ရေးအပါဝင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးတွေ လုပ်ဆောင် နေပြီ ဖြစ် တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်း၊ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်နိုင်ငံများအဖွဲ့ (PGM)ကို အခုချိန်မှာ ဖျက်သိမ်းသင့်ပြီလို့ တိုက် တွန်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

NLD အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာမှန်ပေ မယ့် မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက် သေး သလို၊ စစ်တပ်က သြဇာအာဏာလွှမ်းမိုးဆဲ အခြေနေတွေ ဆက်ရှိနေသေး တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂမိတ်ဆွေ နိုင်ငံများ အဖွဲ့ (PGM)ကို ဆက်လက်ထားရှိသင့်ကြောင်း တချိန်က အဝေးရောက် ညွန့်ပေါင်းအစိုးရ အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ ဖူးသူ ဦးဘိုလှတင့်က ပြောပါတယ်။

“ဒီကနေ့အချိန်ထိ စစ်တပ်ဟာ အခြေခံဥပဒေရဲ့အထက်မှာ တရားဥပဒေရဲ့အထက် မှာ ရှိနေသေး တယ်။ ပြည်သူလူထု က ရွေးချယ်တင်မြှောက်တဲ့ အစိုးရနဲ့ ပြည်သူ့ လွှတ်တော်ဟာ အမြင့်ဆုံး တရားဥပဒေပြုအာဏာနဲ့ အမြင့်ဆုံးစီမံခန့်ခွဲမှု အာဏာတွေ ကို အပြည့်အ၀ ပိုင်ဆိုင်သေးတာ မဟုတ်ပါဘူး။ အဲဒီလိုအခြေအနေမျိုး မှာ ကိုယ်တိုင်းပြည်ကို မိမိတို့ စိတ်ဝင်စားမှုအရ ဖွံဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှု ဖြစ်စေ ချင်တဲ့ စေတနာတွေအရ စုဖွဲ့မှုတွေဟာ ရှိခြင်းအားဖြင့်တော့ ကျနော့်တို့ကိုယ် ကျနော်တို့ မှတ်ကျောက်တင်ခံနိုင်တယ်ဆိုတာမျိုး ပိုပြီးတော့ သင့်တော်တယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံရဲ့တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေဆက်ရှိနေသလို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ရှိနေသေးတာကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုအတွက် (PGM) အဖွဲ့ဟာ ဆက်ရှိနေသင့်တယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် တိုင်းရင်းသား အရေး လှုပ်ရှားသူ မိုင်းရာတာကပေါ်က မြင်ပါတယ်။

“အခုချိန်ဟာ ပြောတာကတော့ အပြောင်းအလဲရှိတယ်ဆိုပြီးပြောကြတယ်။ ဒါပေမဲ့ အမှန်တကယ် အဲဒီအပြောင်းအလဲက ပြည်သူလူထုက ဘာမှခံစားခွင့်မရှိသေးဘူး။ အခုအပစ်အခတ်ရပ်စဲရေးကို ရပ်စဲခိုင်းတယ်။ ဒါပေမဲ့ စစ်တပ်ဖက်မှာ မရပ်ထားပဲနဲ့ တိုင်းရင်းသားတွေနေရာဒေသကို သွားပြီး တိုက်တာ အဲဒီအတွက်ကြောင့် ဒီ (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ) မိတ်ဖက်အဖွဲ့မျိုး မရှိတော့ဘူးဆိုရင် NLD အစိုးရအတွက် ပိုပြီးတော့ challenge တခုဖြစ်လာတော့မှာပေါ့။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပါအဝင် သောကြာနေ့က ပြုလုပ်တဲ့ (PGM) အစည်းအဝေးအတွင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဦး ကျော်တင်ပြောဆိုတဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံက လက်ရှိတိုးတက်ပြောင်းလဲမှုတွေကြောင့် နိုင်ငံတစ်နိုင်ငံ အားပစ်မှတ်ထားတဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ခြင်း အပါအဝင် အမျိုးမျိုးသော စိစစ်စောင့်ကြည့်ရေး ယန္တရားတွေကို ဖယ်ရှား သင့်ပြီးဖြစ်ကြောင်း၊ ဒါကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ပြင်းပြတဲ့ သဘော ဆန္ဒရှိကြောင်း ထည့်သွင်းပြောဆိုသွားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂမိတ်ဆွေနိုင်ငံများ (PGM)အဖွဲ့ကို ဖျက်သိမ်း လိုက်ခြင်းအားဖြင့် စစ်တပ်နဲ့ NLD အစိုးရသစ်ကြား ယုံကြည်မှုတွေ ပိုပြီး တည်ဆောက်လာနိုင်လိမ့်မယ်လို့ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှား သူ ဒေါက်တာဝင်းနိုင်က မြင်ပါတယ်။

“အပြည့်အဝဒီမိုကရေစီနိုင်ငံကြီးတော့ မဖြစ်သေးဘူး။ မဖြစ်သေးပေမဲ့လည်း အပေါင်းလက္ခဏာ ဘက်ကို ရောက်နေပြီဆိုတော့ အမှန်တော့ ဒီအဖွဲ့က သိပ်ပြီးမလိုတော့ပါဘူး။ မယုံမကြည်နဲ့ စောင့် ကြည့်တဲ့အဖွဲ့တွေ မရှိတဲ့ အခါကျတော့ ကျနော်တို့ဘာသာ ပူးပေါင်းသွားမယ်။ ပိုပြီးညီ ညွတ်ဖြစ် မယ်၊ စစ်ခေါင်းဆောင်ကြီးများနဲ့ လက်ရှိ NLD အစိုးရအဖွဲ့ဝင်တွေကြားထဲမှာ ပိုပြီးညီညီ ညွတ်ညွတ်၊ ယုံကြည်မှုရှိအောင်၊ သဟဇာတလုပ်လာနိုင်မယ်လို့ ကျနော် ယူဆပါတယ်။”

တကယ်တော့ (PGM)အဖွဲ့ဆိုတာဟာ စစ်အစိုးရလက်ထက် ကာလအ တွင်း ပေါ်ပေါက်လာခဲ့တာပါ။ မြန်မာနိုင်ငံပေါ် အရေးယူဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်တွေချတိုင်း၊ မြန်မာစစ်အစိုးရကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်လို နိုင်ငံကြီးတွေက ဗီတိုအာဏာသုံး ပယ်ချခဲ့တာကြောင့်၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး အခြေနေတွေကို ဖြေရှင်းနိုင်ဖို့ အာဆီယံ နိုင်ငံတွေရော၊ ဥရောပနဲ့ အနောက်နိုင်ငံတွေပါ ပါဝင်ပြီး PGM ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကုလ PGM ဖျက်သိမ်းသင့်-မသင့်
please wait

No media source currently available

0:00 0:04:42 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG