သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုအစိုးရ ဝန်ထမ်းတက္ကသိုလ် ဝါဒဖြန့်ပို့ချမှုတွေအပေါ် ဝေဖန်မှုတိုး


ဖောင်ကြီးဝန်ထမ်းတက္ကသိုလ် သင်တန်းဆင်းပွဲအခမ်းအနားတခုမှာ မိန့်ခွန်းပြောကြားနေတဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာဝင်းသိမ်း (ဓါတ်ပုံ- ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်)
ဖောင်ကြီးဝန်ထမ်းတက္ကသိုလ် သင်တန်းဆင်းပွဲအခမ်းအနားတခုမှာ မိန့်ခွန်းပြောကြားနေတဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာဝင်းသိမ်း (ဓါတ်ပုံ- ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်)

ဝန်ထမ်းတက္ကသိုလ် သင်တန်းသားဟောင်း သွားဖက်ဆိုင်ရာ ဆရာဝန် ဒေါက်တာစိုးသူရဇော်ရဲ့ ဖေါ်ထုတ်ရေးသားချက်တွေကြောင့် ဇီးပင်ကြီးနဲ့ ဖောင်ကြီး ဝန်ထမ်းတက္ကသိုလ်တွေက ပို့ချချက်တွေမှာ ပြန်လည် အငြင်းပွားစရာ အချက်တွေ အများကြီးရှိနေကြောင်း မြန်မာ့သတင်းမီဒီယာတွေမှာ အကျယ်တဝန့်ဖေါ်ပြခဲ့ကြပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖေါ်ဆောင်နေတဲ့ NLD အစိုးရလက်ထက် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ နိုင်ငံရေး၊ ဘာသာရေးအရ ဝါဒဖြန့် ပို့ချတဲ့ သင်တန်းမျိုး မရှိသင့်တော့ဘူးလို့ မြန်မာ့အရေးလေ့ လာသုံးသပ်သူတွေကတော့ ထောက်ပြကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

နှစ်စဉ် မြန်မာငွေ ကျပ်သန်းပေါင်း ၆၀၀၀ သုံးစွဲနေတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုဖြစ်တဲ့ ဖောင်ကြီး (အောက်မြန်မာပြည်) နဲ့ ဇီးပင်ကြီး (အထက်မြန်မာပြည်)မှာ မဖြစ်မနေတက်ရတဲ့ နိုင်ငံဝန်ထမ်းတွေ အတွက် သင်တန်းပို့ချချက်တွေမှာ ဘာတွေသင်ကြားနေသလဲဆိုတာကို Myanmar Now သတင်းဌာနကနေ ဖောင်ကြီး ဝန်ထမ်းတက္ကသိုလ်ကို မကြာသေးခင်က သွားရောက် ရိုက်ကူးခဲ့ ပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဒေါ်ယဉ်ယဉ်နွဲ့ကတော့ တိုင်းပြည်တွင်း ဆင်းရဲမွဲတေမှုဟာ လက်သစ် ကိုလိုနီဝါဒကြောင့်ဖြစ်တယ်လို့ အခုလို ပို့ချခဲ့ပါတယ်။

“အခုလက်သစ် ကိုလိုနီဝါဒက ဘယ်လိုပြောင်းသွားလဲဆိုတော့ Money ငွေရေးကြေးရေး အရလွှမ်းမိုးမှုတွေ လုပ်လာပြီး၊ မဖွံဖြိုးသေးတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို သူတို့ကူညီကြောင်းပြတယ်၊ ပြပြီးတော့မှ အဲဒီနိုင်ငံကို ဆင်းရဲဒုက္ခရောက်အောင် အရင်ဆုံးလုပ်လိုက်တယ်၊ ဖိအားပေးတယ်၊ ဒါကြောင့် ငွေကြေးဖောင်းပွမှုတွေရှိတယ်၊ နောက်လူ့အခွင့်အရေး ဆုံးရှုံးတာတွေရှိအောင် အရင်လုပ်လိုက်တယ်။ ပြီးတော့မှ သူတို့ ကြိုးဆွဲသလို ကခိုင်းတယ်၊ မကဘူးဆိုရင် ပိတ်ဆို့မှုမျိုးစုံလုပ်လာတယ်။”

ဖောင်ကြီး ဝန်ထမ်းတက္ကသိုလ်မှာပဲ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာထွန်းမင်းရဲ့ ပို့ချချက်မှာတော့ ရခိုင်ပြည်နယ်အရေး အနောက်နိုင်ငံတွေက သတင်းမီဒီယာတွေကတဆင့် တိုင်းပြည်ကို နှောင့်ယှက်နေကြောင်း အခုလိုပြောသွားပါတယ်။

“UK က ကျနော်တို့ကို ဘာလုပ်ခဲ့လဲဆိုရင်၊ EU ကနေ ထွက်လိုက်တယ်၊ EU ကို UK က ပေးစရာ ဒေါ်လာ ၆၀ ဘီလီယံရှိတယ်။ အဲဒီလိုပေးစရာရှိတာကို ဆော်ဒီကနေ အတိုင်းအတာတခုအထိ ပံ့ပိုးမှုပေးထားတယ်။ အဲဒီလို ပံ့ပိုးမှု ပေးထားတဲ့နေရာမှာ ဆော်ဒီကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ဘယ်ဘက်မှာရှိနေလဲ။ ခင်ဗျားတို့ စဉ်းစာရင် ကျနော်တို့ မြန်မာဘက်မှာရှိနေလား၊ ARSA ဘက်မှာ ရှိနေလား။သင်တန်းသားများ တုန့်ပြန်သံ- ARSA ဘက်မှာရှိနေပါတယ်။ ဒါတွေကို UK မီဒီယာက ဘယ်ကိစ္စတွေကို ဘယ်လိုလုပ်ပေးပါဆိုတာမျိုး ရှိမလာနိုင်ဘူးလား။”

အခုလို ဒေါက်တာထွန်းမင်း ပြောဆိုပို့ချက်တွေမှာ ဘယ်လိုအချက်အလက် အထောက်အထားတွေကို ကိုးကားသလဲဆိုတာ သတင်းမီဒီယာတွေဘက်က မေးခွန်းထုတ်ခဲ့ပါတယ်။ ဆော်ဒီက ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကို ထောက်ခံပံ့ပိုးနေတယ်ဆိုတဲ့အချက်ကလည်း ဘာကို အခြေခံပြော သလဲဆိုတဲ့ မေးခွန်းအပေါ်မှာ ဒေါက်တာထွန်းမင်းဘက်က ပြန်ပြီး တုန့်ပြန်ဖြေကြား နိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း Facebook ဆိုရှယ်မီဒီယာမှာ ဇီးပင်ကြီး မှတ်တမ်းဆိုပြီး လူအများစိတ်ဝင်စားခဲ့တဲ့ သွားဆရာဝန် ဒေါက်တာ စိုးသူရဇော် ရေးသားဖေါ်ပြချက်မှာ အဓိကဝေဖန်ထောက်ပြခဲ့တဲ့အထဲ ဒေါက်တာ ထွန်းမင်းရဲ့ပို့ချချက်တွေလည်းပါဝင်ပြီး ဇီးပင်ကြီးက သင်တန်းမှာလည်း ဒေါက်တာ ထွန်းမင်းက NLD အစိုးရဟာ စေတနာချို့တဲ့ တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာဖြစ်ကြောင်း တဖက်သက် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဗဟိုဝန်ထမ်းတက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတမ်းတွေမှာ ဒီမိုကရေစီ နဲ့ဆန့်ကျင်တဲ့ပို့ချချက်တွေ တွေ့မြင်နေရပြီး၊ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မနေ့ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၂၆) မဇ္ဈိမ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောသွားပါတယ်။

“နိုင်ငံရေးဆိုတာ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ ပြောလို့ရတယ်။ ပထဝီနိုင်ငံရေးပြောလို့ရတယ်။ ဒါပေမယ့် ကနေ့ခေတ်ကြီးမှာ ပဋိပက္ခ အမုန်းတရားတွေကို ကန့်သတ်သလို အစွန်းရောက်သွားတဲ့ ဒဿနမျိုးကို သစ်လွင်တဲ့ လူငယ်လေးတွေရဲ့၊ ဝန်ထမ်းလေးတွေရဲ့ခေါင်းထဲ ရိုက်မသွင်းသင့်ဘူး။”

အရင် ဦးနေဝင်းမဆလ အစိုးရလက်ထက်က ဆိုရှယ်လစ်ဝါဒ ဖြန့်ချိဖို့ ဖောင်ကြီးဝန်ထမ်းတက္ကသိုလ် စတင်တည်ထောင်ခဲ့တာပါ။ အဲဒီခေတ်က ဝန်ထမ်းတွေကို အစိုးရက သူတို့လိုချင်တဲ့ပုံစံသွင်းဖို့ ဝန်ထမ်းတက္ကသိုလ်သင်တန်းတွေကို မဖြစ်မနေတက်ရောက်ခိုင်းတာဖြစ်တယ်လို့ ကိုယ်တိုင် ဖောင်ကြီးသင်တန်းဆင်းခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးလေ့လာနေသူ ဒေါက်တာတင့်ဆွေက ဗွီအိုအေကိုပြောပါတယ်။

“မဆလ လက်ထက်မှာတော့ ဒီ အညမညဆိုတဲ့ အခြေခံ သူတို့ အယူဝါဒကို အဓိကဇောင်းပေးပြီး နိုင်ငံရေးမှာ သင်ပါတယ်။ ကျန်တာကတော့ ဝန်ထမ်းတွေနဲ့ဆိုင်တဲ့ ရုံးလုပ်ငန်းကိစ္စတွေရော၊ ဆရာဝန်တွေဆို ဆရာဝန်တွေနဲ့ မဆိုင်တဲ့ စိုက်ပျိုးရေးတွေရော၊ စာရင်းကိုင်တွေရော၊ လက်နှိပ်စက်ရိုက်နည်းတွေရော သင်တာပေါ့နော်။ နောက် သူတို့က ပုံသေကားချပ် ချထားတဲ့အတိုင်းသင်တော့ ကျနော်တို့ ဆရာဝန်တွေလည်း ကြက်ခြေနီသင်တန်းတွေ တက်ပြီး ကြက်ခြေနီခေါင်းစဉ်အောက်မှာ ချီးမြှင့်ခံရတာတွေလည်းရှိတယ်။ အဆီအငေါ်မတည့်တာတွေ ပေါ့နော်။”

ဒါကြောင့်လည်း ပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ဆောင်လာတဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရလက်ထက်ကစပြီး အခု NLD အစိုးရလက်ထက်မှာ ဝန်ထမ်းတွေအတွက် နိုင်ငံရေးဝါဒ ဖြန့်ချိတဲ့ သင်တန်းတွေအပြင် နောက်ခံသမိုင်း အချက်အလက်အလွဲတွေ ပို့ချနေတဲ့ သင်တန်းမျိုး မရှိသင့်တော့ဘူးလို့ ဒေါက်တာတင့်ဆွေကပြောပါတယ်။

“ဒီအမေရိကန်ပြည်ထောင်စု အပါအဝင် ဝန်ထမ်းတိုင်းဟာ ဝန်ထမ်းနဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုသင်တန်းတွေကို အားတိုင်းတက်ကြရတယ်။ တချို့ဆို ပိုက်ဆံပေးပြီးကို တက်ကြရတယ်။ အဲဒီလိုတက်မှသာလျှင် ဝန်ထမ်းရဲ့ career လို့ခေါ်တဲ့ အရည်အချင်းသတ်မှတ်မှု ဒါကိုကြည့်တယ်။ ဘယ်သင်တန်းတွေ တက်ခဲ့သလဲ၊ ကွန့်ဖရန့်ပေါင်း ဘယ်လောက်တက်ခဲ့သလဲဆိုတာ ကြည့်ပြီးတော့ အရည်အသွေးကို ဆုံးဖြတ်ပါတယ်။ နိုင်ငံရေးကြည့်ပြီး ဘယ်သူမှ မဆုံးဖြတ်ဘူး။ ဆရာဝန်တွေ စိုက်ပျိုးရေး လုပ်တတ်သလား၊ ကောက်ရိတ်တတ်သလား ကြည့်ပြီးတော့ ဘယ်သူမှ မဆုံးဖြတ်ဘူး။ ဆရာဝန်တွေ နိုင်ငံရေးသိသလားဆိုတာလည်း မရှိပါဘူး။ အခုအဲလို ဖြစ်နေတဲ့ ဝန်ထမ်းတွေကို သင်တဲ့ ကျောင်းကြီးတွေဟာ လုံးဝတောင် မရှိသင့်ဘူးလို့ မြင်ပါတယ်။”

အလားတူ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်ရဲ့ အမြင်မှာလည်း -

“အဓိကလိုအပ်တာက တကယ့်ဝန်ထမ်းတယောက်သိသင့် သိထိုက်တဲ့ အသိပညာတွေ ပေးဖို့လိုတယ်။ တကယ့် သင်တန်းဖြစ်ဖို့လိုတယ်။ အရင်ခေတ်တုန်းက သင်တန်းကတော့ ဝါဒသွင်းတဲ့ သင်တန်းပဲ။ အခုခေတ်က ဒီလိုသင်တန်းမျိုး မလိုတော့ဘူး။”

ဒီဇင်ဘာလ (၂၆)ရက်နေ့ မနေ့ နေလည်မှာ စီစဉ်ထားတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ ဝန်ထမ်းလေ့ကျင့်ရေး အစီအမံ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းပွဲကိုတော့ ဖျက်သိမ်းခဲ့ပါတယ်။ အထက်တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရတာကြောင့် မလုပ်ဖြစ်တော့ကြောင်း ဇီးပင်ကြီးတက္ကသိုလ်လုံခြုံရေးဝန်ထမ်းတွေက သတင်းထောက်တွေကိုပြောပါတယ်။

Zee Pin Gyi
please wait

No media source currently available

0:00 0:05:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG