သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ကေအိုင်အို တပ်ရုပ်ရေး မဆွေးနွေးဖြစ်


Fuegos artificiales iluminan el exterior del Parque Olímpico en Sochi.
Fuegos artificiales iluminan el exterior del Parque Olímpico en Sochi.
မြန်မာအစိုးရနဲ့ ကချင် ကေအိုင်အိုလွတ်လပ်ရေးအဖွဲ့ကြား ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာ စစ်ရေးကိစ္စ မဆွေးနွေးခဲ့တာမို့ နောက်တခေါက် ဆွေးနွေးရေး အဆင်ပြေဖို့အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ အနေနဲ့ ကေအိုင်အိုဌာနချုပ်မှာ ကြာသပတေးနေ့က သွားဆွေးနွေး ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က တပ်တချို့ ရုပ်ပေးရေး ညှိနှိုင်းဖို့ရှိတယ်လို့ ကြိုတင် အကြောင်းကြားခဲ့ပေမဲ့ ကေအိုင်အိုဘက်က ဆွေးနွေးနိုင်ဖို့ စစ်ရေးခေါင်းဆောင် မတက်လာခဲ့တဲ့ အပေါ် နောက်တခေါက် ဆွေးနွေးပွဲအတွက် စိုးရိမ်မှုတွေရှိလာချိန်မှာ အခုလို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

အင်္ဂါနေ့က မြန်မာအစိုးရနဲ့ ကေအိုင်အိုကချင်အဖွဲ့အကြား ပထမဆုံးအကြိမ်အဖြစ် အပစ်အခတ်ရပ်ရေး တရားဝင် ဆွေးနွေးခဲ့ကြရာမှာ ကေအိုင်အိုဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် မတက်ရောက်နိုင်ခဲ့ တာကြောင့် အခုလို အစိုးရဘက်က သုံးပတ်ခန့် ကြိုအကြောင်းကြားခဲ့တဲ့ တပ်ရုပ်ပေးရေး သူတို့ဘက်က ကမ်းလှမ်းခဲ့တာကို ဆွေးနွေးခွင့်မရခဲ့ဘူးလို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက ဆိုပါတယ်။

အခုလို မြန်မာအစိုးရဘက်က ကမ်းလှမ်းတာကို ကြိုတင်ပြီး ကေအိုင်အိုကို အကြောင်းကြားခဲ့ပုံနဲ့ နားလည်မှု အခက်အခဲဖြစ်ခဲ့ရပုံကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးလွတ်ဇော်ခေါင်က-
“စကားမှာတဲ့အတိုင်းပဲ ကျနော်တို့က ကေအိုင်အိုဗဟိုကို ပေးပါတယ်။ သူတို့အနေနဲ့ ကေအိုင်အိုဗဟိုအနေနဲ့ လက်ခံတဲ့ အတိုင်းအတာရှိပါတယ်။ ဒါပေမယ့် စာနဲ့ပေနဲ့ အတိအကျ မလုပ်တဲ့အခါကျတော့ သူတို့အနေနဲ့ တိတိကျကျ ဖြစ်ချင်တယ်ဆိုတဲ့ သဘောသဘာဝတော့ ရှိတာပဲပေါ့လေ။”

ဒါပေမဲ့ ဒီတခေါက် အောက်တိုဘာ ၃၀ရက် ဆွေးနွေးပွဲ မှာတော့ မြန်မာအစိုးရ ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌနဲ့ သမ္မတရုံးဝန်ကြီး လည်းဖြစ်တဲ့ ဦးအောင်မင်းအနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ကတိပြုခဲ့တာက တိုးတက်မှုဖြစ်တယ်လို့ ယူဆပေမယ့် စစ်ရေးဆွေးနွေးဖို့ နယ်စပ်အထိ ရောက်လာတဲ့ မြန်မာစစ်တပ်ဘက်က ထိပ်ပိုင်း စစ်အရာရှိတဦး ကလည်း ဆွေးနွေးပွဲမတက်ဘဲ ပြန်သွားခဲ့တဲ့အပေါ်မှာတော့ အခုလို အရင်ကမ်းလှမ်းခဲ့တဲ့ တပ်ရုပ်ရေး နောက်တခေါက် ဆွေးနွေးဖို့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့သုံးသပ်တဲ့သူတွေက ဆိုပါတယ်။

အခုလိုမြန်မာကာကွယ်ရေးဝန်ကြီးဌာနက ကချင်စစ်နယ်မြေကို တိုက်ရိုက်ကြီးကြပ်ရတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ တပ်မှူးဒုဗိုလ်ချုပ်ကြီး မြင့်စိုးဘက်ကလည်း မတက်ရောက်ဘဲ ပြန်သွားခဲ့ရပေမဲ့ ပြီးခဲ့တဲ့ တခေါက်ဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးဖို့ သဘောတူခဲ့နိုင် တာကြောင့် နောက်တခေါက်ဆွေးနွေးပွဲ အတွက် မထိခိုက်နိုင်ဘူးလို့ မျှော်လင့်ထားကြောင်း ကချင်ငြိမ်းချမ်းရေးအဖွဲ့အကျိုးဆောင်ဖြစ်တဲ့ ဦးလွတ်ဇော်ခေါင်က ဆက်ပြောပါတယ်။

“အချက်တချက်တော့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ Road Map က ရှိပြီးသားဆိုတော့။ ဗိုလ်ချုပ်ဂွမ်မော်ကျတော့ ဒု စစ်ဦးစီးချုပ်အနေနဲ့ သူက ဒီစစ်ဆင်ရေးကို အဓိက ကိုင်တွယ်တဲ့ အခါကျတော့ ထိုးစစ်ဆင်မှုကြောင့် သူက မလာနိုင်ဘူးလို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအရ သူတို့က ဆွေးနွေးမယ်လို့ သဘောတူညီချက် လုပ်ထားတဲ့အခါကျတော့ ဒီတခေါက် မဆွေးနွေးနိုင်ရင်လည်းပဲ နောက်တခေါက်တော့ ဆွေးနွေးနိုင်မယ်လို့ ယုံကြည် တာပေါ့လေ။”

ဒါ့အပြင် နောက်တခေါက်ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာရင်းနဲ့ စစ်ရေးကိစ္စ ဆွေးနွေးနိုင်ရေး အတွက်လည်း PCG ခေါ် ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့က ကေအိုင်အိုဌာနချုပ်မှာ သွားဆွေးနွေးခဲ့တာတွေကို ဦးလွတ်ဇော်ခေါင်က အခုလို ဆက်ရှင်းပြပါတယ်။

“ကျနော်တို့ PCG က သုံးယောက်၊ ဒီနေ့ပဲ ကေအိုင်အို ဗဟိုကော်မတီမှာ အစည်းအဝေးလုပ်တာကို တက်ရောက်ပါတယ်။ ကေအိုင်အိုဗဟိုကော်မတီဒုဥက္ကဌနဲ့ အားလုံးဆုံပါတယ်။ စစ်ရေးရော၊ နိုင်ငံရေးရော၊ အားလုံးဆုံပြီးတော့ တယောက်နဲ့ တယောက် ညှိနှိုင်းလို့ရနိုင်တဲ့ နိုင်ငံရေးရလာဒ်ကို အကောင်အထည်ဖော်ဖို့ ဒါကတော့ ကျနော်တို့က ကေအိုင်အိုဘက်လည်း မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရဘက်လည်း ဒီလိုပဲ တိုက်တွန်းပါတယ်။”

အခုလိုအချိန်မှာ မြန်မာအစိုးရဘက်က နောက်တခေါက်ဆွေးနွေးပွဲတွေကို အရင်အခေါက်တွေလို ထိုင်းနဲ့ တရုတ်နယ်စပ်တွေမှာ မဟုတ်ပဲ မြန်မာနိုင်ငံထဲမှာ ဖြစ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ဘယ်အချိန်၊ ဘယ်အခါမှာ နောက်ထပ် ဆွေးနွေးပွဲတွေဖြစ်လာဖို့ မျှော်လင့်ပါသလည်းလို့ မေးတဲ့အခါမှာတော့ ဦးလွတ်ဇော်ခေါင်ကပဲ- တလအတွင်း နှစ်ဘက်သဘောတူနိုင်တဲ့ နေရာမှာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ အဲ့ဒီ့အပိုင်းကျတော့ ကျနော်တို့ လက်တွေ့ တလအတွင်းမှာ ဆွေးနွေးမယ်ဖြစ်တဲ့အခါကျတော့ ကျနော်တို့အနေနဲ့ နှစ်ဦးနှစ်ဘက်မှာ ဖြစ်နိုင်ခြေရှိတဲ့နေရာတခုခုကတော့ ရွေးရပေါ့လေ။ အဓိကကတော့ သူတို့ဆွေးနွေးမယ့် နိုင်ငံရေးပေါ့လေ၊ ဒါကို သူတို့အနေနဲ့ ဆွေးနွေးနိုင်တယ် ဆိုရင်တော့ ဘယ်နေရာမှာ ကေအိုင်အိုအနေနဲ့ကတော့ မလာနိုင်စရာ အကြောင်းတော့မရှိဘူးလို့ ကျနော်တို့ သုံးသပ်တာပေါ့လေ။”

တကယ်တော့ ကေအိုင်အို ကချင်အဖွဲ့အနေနဲ့ ၁၉၉၄မှာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပေမဲ့ နိုင်ငံရေးသဘောတူညီမှုမရခင် နယ်ခြားစောင့်တပ်ဖွဲ့ရေး ကိစ္စမှာ သဘောမတူခဲ့အပြီးမှာ မနှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ရာမှာ အခြားအဖွဲ့တွေထက် ပိုပြင်းထန်တဲ့ ဒီတိုက်ပွဲတွေကြောင့်ပဲ နှစ်ဘက်အကြား ယုံကြည်မှု ကျဆင်းလာပြီး အခြားအဖွဲ့တွေလို မြန်မြန် အပစ်အခတ်မရပ်စဲနိုင်သေးဘဲ အခုလို ညှိနှိုင်းရခက်ခဲနေတယ်လို့ သုံးသပ်သူတွေက ပြောနေချိန်မှာ အခုလိုနောက်ဆုံး တရားဝင်ဆွေးနွေးပွဲတွေ စဖြစ်လာခဲ့ရတာပါ။
XS
SM
MD
LG