သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးဌာန ၉ ခု ပြင်ဆင်ဖွဲ့စည်း


ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးဌာန ၉ ခု ပြင်ဆင်ဖွဲ့စည်း
ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးဌာန ၉ ခု ပြင်ဆင်ဖွဲ့စည်း

ဇွန်လ ၂၉ နဲ့ ၃၀ နှစ်ရက်ဆက်တိုက် ကျင်းပခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေရဲ့ အထူးအစည်းအဝေးတွေမှာ ဝန်ကြီးဌာန ၉ ခုကို ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ အရင်က သက်ဆိုင်ရာ တိုင်းဒေသကြီးတွေရဲ့ လိုအပ်ချက်အရ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေကို ဖျက်သိမ်းလိုက်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ တပြေးညီဖြစ်အောင် ဖွဲ့စည်းလာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေရဲ့ အထူး လွှတ်တော်အစည်းအဝေးကို မနေ့ကနဲ့ ဒီကနေ့ ၂ ရက် ကျင်းပခဲ့ပြီး ဝန်ကြီးဌာနတွေကို ကြေညာရုံပဲဖြစ်လို့ အစည်းအဝေးက ၁၀ မိနစ်သာသာပဲ ကျင်းပပြီး ပြီးစီးသွားပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ကော်မတီဝင် ဦးအောင်မြကျော်က လက်ရှိ ဝန်ကြီးတွေပဲ အပြောင်းအလဲဖြစ်တဲ့ ဌာနတွေကို တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။

“ပြည်နယ်လွှတ်တော် အစည်းအဝေးတော့ ပြီးသွားပါပြီ။ အပြောင်းအလဲကတော့ ဌာနတွေကို ပြောင်းလိုက်တာပါ။ တချို့ ဌာနတွေကို ဗဟိုကကိုင်သွားတယ်။ ထပ်ပြီးတိုးလာတဲ့ ဌာနတွေကိုပဲ အပြောင်းအရွှေ့လုပ်တဲ့ သဘောမျိုးပါ။ လူကတော့ ဒီအတိုင်းပါပဲ။ လူ ၉ ယောက်ကတော့ ၉ ယောက်ပဲ။ ဘယ်ဌာနကို ဘယ်သူကိုင်ရမယ်ဆိုတာ မနက်ဖြန်မှ ဥက္ကဋ္ဌက ကြေညာပေးမယ်။ အစည်းအဝေးကတော့ အဲဒီဌာနတွေကို ကြေညာတာနဲ့ဆိုတော့ ၁၀ မိနစ်လောက်ပဲ ကြာပါတယ်။”

စောစောပိုင်းတုန်းကတော့ လွှတ်တော်သက်တမ်း ၅ လအတွင်း ပထမအကြိမ်ခေါ်တဲ့ အထူးအစည်းအဝေးမို့ ကိုယ်စားလှယ်တွေက ဒီသက်တမ်းထဲ လိုအပ်ချက်တွေကို တင်ပြဖို့ ပြင်ဆင်ခဲ့ပေမဲ့ အခြေအနေ မပေးခဲ့ပါဘူး။

ရန်ကုန်တိုင်းဒေသကြီးမှာ အရင်က ရှိထားတဲ့ ဝန်ကြီးဌာနတချို့ အပြောင်းအလဲ ဖြစ်လာတယ်လု့ိ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

“ဝန်ကြီးဌာန ၉ ခုကို ပြင်ဆင်ပြောင်းလဲပြီး ဝန်ကြီးတွေကို နေရာပြန်ချပေးတာ။ အပြောင်းအလဲ နည်းနည်းရှိတယ်။ နာမည်လေးတွေ ပြောင်းတယ်။ တချို့ ဝန်ကြီးဌာနတွေ၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးတို့ ပြုတ်သွားတာ။ လူသစ်တွေတော့ မပါဘူး။ ဒီလူတွေကိုပဲ ဝန်ကြီးဌာန ပြောင်းပစ်တာပေါ့၊ ပြောင်းတယ်ဆိုတာ ပြုတ်သွားတဲ့ ဝန်ကြီးဌာနတွေ ရှိတယ်။

“ခုနက ကျမပြောသလို ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေးတို့၊ ယဉ်ကျေးမှုနဲ့ သာသနာရေးတို့၊ ဒါတွေပြုတ်သွားတယ်။ ပြုတ်သွားတော့ လစ်လပ်နေတဲ့ အဲဒီဝန်ကြီးတွေကို တခြားဝန်ကြီးဌာနတွေမှာ ခန့်လိုက်တယ်။ အရင်က ၄ ခုကို တယောက်ထဲ ကိုင်တာတွေ ရှိတယ်မလား၊ အခုက တယောက်ကိုတခု၊ အလွန်ဆုံး ၂ ခုပဲ ဖြစ်သွားတယ်။”

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းနဲ့ ရန်ကုန်တိုင်း ဒေသကြီးတို့လို နေရာတွေမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ ရှိကြပါတယ်။ ဒီဝန်ကြီးတွေထဲက အများစုဟာ အခုထိ သက်ဆိုင်ရာ အစိုးရအဖွဲ့ရုံးတွေမှာ ရုံးခန်းနေရာတောင် မရကြသေးဘူးလို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတယောက်က သူတို့မှာ မယ်မယ်ရရလည်း အလုပ်မရှိသလို အစိုးရအဖွဲ့ အစည်းအဝေးတွေကိုလည်း မတက်ရကြောင်းနဲ့ အစိုးရအဖွဲ့ ကိစ္စတွေကို ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ ဆက်သွယ်ပြောရင် လွှတ်တော်ကိုယ်စားလှယ် တာဝန်ကပါ ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG