သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နယ်မြေ လေကြောင်းတိုက်ခိုက်မှု မြန်မာအစိုးရဝန်ခံ


တိုက်ပွဲရပ်နားစဉ် မြန်မာစစ်တပ်ရှိရာမှ ၁၃ မိုင်ခန့်အကွာမှာ အနားယူနေကြသော KIA ကချင်လွတ်မြောက်ရေးတပ်သားများ။
တိုက်ပွဲရပ်နားစဉ် မြန်မာစစ်တပ်ရှိရာမှ ၁၃ မိုင်ခန့်အကွာမှာ အနားယူနေကြသော KIA ကချင်လွတ်မြောက်ရေးတပ်သားများ။
မြန်မာအစိုးရဘက်က KIA ကချင်တပ်တွေအပေါ်မှာ ထိုးစစ်ပြင်းထန်နေတာကြောင့် စစ်ရေးကို အာရုံစိုက်နေရလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဘက်ကို အာရုံမလှည့်နိုင်သေးဘူးလို့ KIA ဘက်က ပြောပါတယ်။ တချိန်တည်းမှာပဲ KIA တပ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်တယ်ဆိုတာကိုတော့ မြန်မာအစိုးရ ပြောခွင့်ရသူဘက်က ဝန်ခံပါတယ်။ ကချင်ဘက်က စစ်ရေး၊ နိုင်ငံရေးနောက်ဆုံးအခြေအနေတွေကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်တွေ ရှိတဲ့နေရာတွေကို မြန်မာအစိုးရဘက်က လေကြောင်း ကနေ တိုက်ခိုက်မှုတွေ ဒီကနေ့အထိ ရှိနေတုန်းပဲလို့ သိရပါတယ်။ တဘက်မှာတော့ စစ်ရေး အခြေအနေ တင်းမာနေတာကြောင့် နိုင်ငံရေး ဆွေးနွေးပွဲတွေဘက်ကို မလှည့်နိုင် ဖြစ်နေ ကြပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဆွေးနွေးပွဲအတွက် ကမ်းလှမ်းထားပြီး ဖြစ်တယ်၊ KIA ဘက်က အကြောင်းပြန်မှုကို စောင့်နေတယ်လို့ ပြောပါတယ်။ KIA ဌာနချုပ်၊ လိုင်ဇာအနီးမှာ ရှိနေတဲ့ လဂျားယန်စခန်းက မြန်မာတပ်တွေအတွက် ရိက္ခာထောက်ပံ့ဖို့သွားတဲ့ တပ်တွေကို KIA ဘက်က ဖြတ်ပြီးတော့ တိုက်တာကြောင့် တိုက်ပွဲတွေ ဖြစ်လာတာဆိုပြီးတော့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“လဂျားယန်စခန်းမှာ မြန်မာ့တပ်မတော်က တပ်တွေရှိတယ်။ အဲဒီစခန်းကို ရိက္ခာပို့နေတဲ့ လမ်းကြောင်းမှာ KIA တပ်တွေက ပိတ်ဆို့ထားတဲ့အတွက်…”

မေး။ ။ လေကြောင်းတိုက်ခိုက်မှု ရှိတယ်လို့ ပြောပါတယ် ခင်ဗျ။ အဲဒါကော ဟုတ်ပါသလား။

“လေကြောင်း တိုက်ခိုက်မှုတော့ ရှိတယ်။ သို့သော် တကယ့် fighter လေယာဉ်တွေတော့ မဟုတ်ဘူး။ ကျနော်တို့သိရသလောက် K-8 အမောင်းသင်လေယာဉ်တွေလို့ ကျနော်တို့သိရတယ်။”

မေး။ ။ အစိုးရဘက်ကရော လက်ရှိ KIA နဲ့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဘယ်လို သဘောထားရှိပါလဲ။ ပြတ်သွားပြီလို့ ယူဆရလား၊ ဆက်လုပ်မှာလား။

“ကျနော်တို့ တောက်လျှောက်မေးနေပါတယ်။ ဝန်ကြီး ဦးအောင်မင်းကလည်း ကချင်ဘက်ကို ကြားက ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့ ထပ်ပြီးတော့ လုပ်နေပါတယ်။ ခရစ္စမတ်၊ ဒီဇင်ဘာပြီးရင် - new year ပြီးရင် တွေ့ဖို့၊ အခုအချိန်အထိ KIA ဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

မေး။ ။ KIA ဘက်က ပြောတာက လိုင်ဇာကို မသိမ်းပေမဲ့ လဂျားယန်က လိုင်ဇာနဲ့ တအားကပ်တဲ့ အခြေအနေဖြစ်နေတဲ့ အခါကျတော့ လဂျားယန်ကို တိုက်လို့ရှိရင် သူတို့အနေနဲ့ စိုးရိမ်တဲ့သဘောမျိုးတော့ ပြောပါတယ်။

“လဂျားယန်က လိုင်ဇာနဲ့ တော်တော် နီးကပ်နေတယ်။ အဲဒီမှာ စခန်းရှိတာကိုး။ အဲဒီသွားတဲ့ လမ်းကြောင်းတလျှောက် မှာက ဟိုဘက် ဒီဘက်တပ်တွေ- KIA လည်းရှိတယ်။ မြန်မာ စစ်တပ်လည်းရှိတယ်။ အခုအချိန်အထိ လဂျားယန်ကို ရိက္ခာ မရောက်သေးဘူး လို့ ပြောတယ်။”

ဒါပေမဲ့လည်း မြန်မာတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေဟာ KIA ကချင်လွတ်မြောက်ရေး တပ်တွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ဆောင်ရွက်ချက်ဖြစ်တယ်လို့ KIA ဘက်က ယူဆပါတယ်။ KIA ဘက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အဆင်သင့်ရှိပေမဲ့ အခုအချိန်မှာတော့ စစ်ရေးကို ပိုပြီးတော့ အာရုံထားနေရတယ်လို့ KIA ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။

“အခု တိုက်ပွဲဖြစ်တဲ့နေရာမှာတော့ အရပ်သားတွေက မရှိဘူး။ တောင်ကုန်းတွေမှာ ဖြစ်တာ များတယ်။ ဒါကြောင့်မို့ အဓိက- ကတော့ KIA တပ်စခန်းတွေကို ရှင်တဲ့ ပုံစံပါပဲ ခင်ဗျ။ လေယာဉ်ပျံကနေ ပစ်ခတ်ပြီးတာနဲ့ သူတို့ လက်နက်ကြီးတွေနဲ့ ပြန်ပြီးတော့ ဆက်တိုက် ပစ်ခတ်တာမျိုး လုပ်ပါတယ်။ အဲဒါပြီးတဲ့အခါမှ မြေပြင်တပ်တွေ တက်ရှင်း-ရှင်းတဲ့ ပုံစံလုပ်ကြတယ်။ ဒါကြောင့်မို့ ဒီတိုက်ပွဲကတော့ မြန်မာ့တပ်မတော်ကနေပြီးတော့ အပြင်းထန်ဆုံး ထိုးစစ် ဆင်နွဲတယ်လို့ပဲ သတ်မှတ်ရတော့မယ်ခင်ဗျ။”

မေး။ ။ အခုကတော့ မြန်မာသမ္မတရုံးကတော့ ပြောနေပါတယ်။ သမ္မတအမိန့် ကတော့ လိုင်ဇာကို သိမ်းဖို့ မဟုတ်ပါဘူး၊ လိုင်ဇာကို သိမ်းဖို့ မရှိပါဘူးလို့ ပြောနေ ပါတယ်။

“သိမ်းတယ်ဆိုတဲ့နေရာမှာ အဲဒီ လိုင်ဇာမြေပေါ်မှာ တပ်မတော်သားတွေ ခြေလာချတာ- အဲဒါကိုပဲ သိမ်းတာလို့ ခေါ်တာ မဟုတ်ဘူး ခင်ဗျ။ ဗဟိုဌာနချုပ်အတွက် အချက်အခြာကျတဲ့ ကင်းစခန်းကို သူတို့ မရ ရအောင်တက်ရှင်းတယ်၊ စခန်းသိမ်းတယ်ဆိုတာလည်း ဒါက ဗဟိုဌာနချုပ်ကို ထိန်းချုပ်မှု လုပ်တာပဲ၊ ထိန်းချုပ်မှုဆိုတာ သိမ်းပိုက်တာနဲ့ အတူတူပါပဲ။ ဒါကတော့ သူတို့ စကားကို ဟိုရှောင် ဒီရှောင်ပြောဆိုမှုပဲလို့ ပြောရမယ် ခင်ဗျ။”

မေး။ ။ နောက်တချက်ကတော့ ကျနော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေ မေး ချင်ပါတယ်။ မြန်မာအစိုးရဘက်က ပြောတာက KIA ကို ခရစ္စမတ်အပြီး ဒီနှစ် ဆန်းပိုင်းလောက်မှာ ဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်လို့ ပြောပါတယ်ခင်ဗျ။ KIA ဘက်က မတုံ့ပြန်သေးဘူးလို့ ပြောနေတယ်။ အဲဒါကရော။

“ ဒီဇင်ဘာ ၁၃ ရက်မှာ ဦးအောင်မင်းက စာတစ်စောင် ပို့တာရှိတယ်။ ဒီဇင်ဘာလ အတော အတွင်းမှာ ခင်ဗျားတို့ KIA အဖွဲ့တွေကတော့ အလုပ်တွေ များပါလိမ့်မယ်။ သူဘာကို ဆိုလိုတယ်ဆိုတဲ့ ကိစ္စကတော့ အဲဒီတုန်းက နားမလည်ခဲ့ဘူး။ ဒါကြောင့်မို့လို့ ဇန်နဝါရီလ ဆန်းမှာ ပြန်ပြီးတော့ တွေ့ရအောင်၊ ပြည်တွင်း တစ်နေရာမှာ တွေ့ရအောင်ဆိုပြီးတော့ စာရေးထားတာ ရှိတယ်။ အဲဒီဟာနဲ့တချိန်တည်းပဲ ဒီ ၁၄ ရက်နေ့ မနက်ကစပြီးတော့ တပ်ရင်း၊ တပ်ဖွဲ့တွေ အလုံးအရင်းဝင်လာတယ်၊ အဲဒီအချိန်ကစပြီး ကျနော်တို့ တကယ်ပဲ အလုပ်တွေများသွားတယ် ခင်ဗျ။

ဒါကြောင့်မို့ အလုပ်တွေ များနေတဲ့အတွက်ကြောင့်မို့ ဦးအောင်မင်းရဲ့ စာအပေါ်မှာတော့ အခုအချိန်အထိ ကျနော်တို့က ဘယ်လိုမှ တုံ့ပြန်နိုင်တာမျိုး၊ ပြန်ကြားနိုင်တာမျိုးတော့ မရှိသေးဘူး ခင်ဗျ။ ဒါပေမဲ့ ဒီပြဿနာတွေက နိုင်ငံရေးပြဿနာ ဖြစ်တဲ့ အတွက်ကြောင့် စစ်ရေးနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ အဆုံးသတ်နိုင်မှာ မဟုတ်ဘူးခင်ဗျ။”

မေး။ ။ ဆိုလိုတာကတော့- လက်ရှိထိုးစစ်ကို သူတို့ဘက်က ရပ်တော့မှပဲ စကားပြောလို့ရမယ့် အခြေအနေမျိုး ပေါ်လာမှာပေါ့။

“အဲလိုလည်း ကျနော်တို့က ပြောလိုတာမျိုး မဟုတ်ဘူး ခင်ဗျ။ ထိုးစစ်ကတော့ အခုမှ လုပ်တာ မဟုတ်ပါဘူး။ သူတို့ အမြဲတမ်းလုပ်နေတဲ့ကိစ္စက ထိုးစစ်ပါ။ သူတို့ ပြောတဲ့နေရာ မှာတော့ ထိုးစစ်မဟုတ်ဘူး၊ တပ်စခန်းတွေကို ရိက္ခာပို့တယ်၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စနဲ့သွားတယ်၊ စားနပ်ရိက္ခာတွေ သွားပို့ပေးတယ်လို့ အဲလိုပဲ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ရတဲ့ သက်သေ အထောက်အထားတွေ အားလုံးမှာ ဆန်အိတ်ထဲမှာ လက်နက် ကျည်တွေ ဖွက်ပြီးမှ ယူသွား တာမျိုး၊ ဒါတွေ အများကြီးရှိပါတယ်။ နောက်ပြီး သွားရင်း လာရင်းနဲ့ အင်အားဖြည့်တင်းတာမျိုး၊ နီးရာ KIA တပ်စခန်းတွေကို ဝင်ရောက် ပစ်ခတ်သွားတာမျိုး သူတို့ အမြဲတမ်းလုပ်တဲ့ကိစ္စပါ။ လိုင်ဇာကို လာထိုးတဲ့ဟာမှ ထိုးစစ်လုပ်တာမဟုတ်ဘူး။ နဂိုရ်ကတည်းက အဲလို ပြုမူခဲ့တာပါ။"

မြန်မာတပ်ဘက်က လေကြောင်းက တိုက်တဲ့နေရာမှာ နယ်စပ်ဖြစ်နေ တာကြောင့် မြန်မာလေယာဉ်တွေဟာ တရုတ်ဘက်က လေပိုင်နက်ကိုပါ ဝင်ရောက်တာမျိုး ရှိတယ်လို့ KIA ဘက်က ပြောပါတယ်။ တရုတ်ဘက်က ဒါကို တစုံတရာ တုံ့ပြန်တာမျိုး မရှိပေမဲ့ နယ်စပ်တလျှောက်မှာတော့ တရုတ်ဘက်ကနေပြီးတော့ မြေပြင်တပ် လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

လက်ရှိအားဖြင့်တော့ မြန်မာအစိုးရဘက်ကနေပြီးတော့ တပ်မ (၈၈)၊ တပ်မ (၁၀၁) နဲ့ မိုးကောင်းအခြေစိုက်တပ်တွေ စုစုပေါင်း တပ်ရင်း (၈) ရင်းလောက်နဲ့ KIA ကို ထိုးစစ် ဆင်နေတာဖြစ်တယ်လို့ KIA ဘက်က ပြောပါတယ်ခင်ဗျာ။
XS
SM
MD
LG