သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားမပြန့်ပွားရေး မြန်မာလက်မှတ်ထိုးမည်


နျူကလီယားထုတ်လုပ်ရာမှာ အသုံးပြုသည့် အစိတ်အပိုင်းများကို မြန်မာပြည်အတွင်းမှာ တွေ့ရစဉ်။
နျူကလီယားထုတ်လုပ်ရာမှာ အသုံးပြုသည့် အစိတ်အပိုင်းများကို မြန်မာပြည်အတွင်းမှာ တွေ့ရစဉ်။
မြန်မာအစိုးရက အဏုမြူလက်နက် မပြန့်ပွားရေးနဲ့ပတ်သက်ပြီးတော့ နောက်ဆက်တွဲ လိုက်နာရမယ့် အချက်တွေကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA နဲ့ သဘောတူ လက်မှတ်ရေးထိုးဖို့ သမ္မတဦးသိန်းစိန်က အတည်ပြုလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်း မြန်မာအစိုးရဟာ မြောက်ကိုရီးယား၊ ရုရှားတို့နဲ့ ပူးပေါင်းပြီးတော့ နျူကလီယား ဓာတ်ပေါင်းဖို တစ်ခု ဆောက်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ အခုလိုမျိုး မြန်မာနိုင်ငံ ဘက်က ဆုံးဖြတ်မှုဟာ အမေရိကန်သမ္မတ ဘာရတ်ခ် အိုဘားမားရဲ့ မြန် မာနိုင်ငံခရီးစဉ် လာရောက် ခဲ့တာ နဲ့လည်း တိုက်ဆိုင်ခဲ့တာပါ။ ဒီအကြောင်းကိုတော့ ဦးစံမိုဝေက အပြည့်အစုံ တင်ပြပေးထား ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား နီးနီးကပ်ကပ် ဆက်ဆံခဲ့တာနဲ့ နျူကလီ ယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သံသယတွေ ထွက်ပေါ်နေခဲ့ရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အမေရိကန်သမ္မတ ဘာရတ်ခ် အိုဘားမား မြန်မာနိုင်ငံကို လာရောက် မလည်ပတ် ခင် တရက်အလိုမှာပဲ မြန်မာအစိုးရက နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA ရဲ့ မူဝါဒတွေ နဲ့ နောက်တိုးလိုက်နာရမယ့် အချက်တွေကို လက်ခံဖို့အတွက် သမ္မတဦးသိန်းစိန်က အတည်ပြုလိုက် တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တာနဲ့အညီ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် (၁၈၇၄) ကို လိုက်နာဆောင်ရွက်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ကြား နီးနီးကပ်ကပ် ဆက်ဆံနေမှုအပေါ် စိုးရိမ်နေတဲ့ အမေရိကန်သမ္မတ ရောက်လာချိန်မှာ အခုလို ကြေညာချက်ထုတ်တာဟာ တိုက်ဆိုင်မှုရှိနေပေမဲ့ အရင်ကတည်းက နျူကလီယား ထုတ်လုပ်ဖို့ ရည်ရွယ်ချက်လည်း မရှိခဲ့တာမို့ ဒါကို ပိုမို ပေါ် လွင်အောင် ထုတ်ပြန်တာပါလို့ နိုင်ငံတော် သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ဦးဉာဏ်ထွန်းက ဗွီအိုအေကို ပြောပါတယ်။

“သမ္မတကြီးကနေပြီးတော့ အဲဒီလို မူဝါဒ ချမှတ်ပြီးတော့ ဆောင်ရွက်တာပဲ ရှိပါတယ်။ အဏုမြူ မပြန့်ပွားရေးဆိုတာကလည်း ကျနော်တို့က အစကတည်းက လုပ်ဖို့လည်း မရည်ရွယ်ဘူး၊ ရည်ရွယ်ထားတာ မဟုတ်တာကို ပေါ်လွင်အောင်လို့ပါ။ ပိုပြီးတော့ ခိုင်မာတဲ့ လုပ်ငန်းစဉ် တရပ် အနေနဲ့ ကျနော်တို့က ထုတ်ပြနေတာပါခင်ဗျ။ ဆောင်ရွက်သွားမှာပါ။”

ဒါပေမဲ့ အမေရိကန်သမ္မတရဲ့ ဒုတိယ အမျိုးသားအကြံပေး လုံခြုံရေးအရာရှိ Ben Rhodes ကတော့ IAEA ရဲ့ နောက်တိုး လိုက်နာဆောင်ရွက်ရန် အချက်တွေအပေါ် သဘောတူလက်မှတ်ရေးထိုးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုတဲ့အကြောင်း ပြောပါတယ်။

နျူကလီယား မပြန့်ပွားရေးဟာ ကမ္ဘာကြီးအတွက်ကော၊ အမေရိကန်အတွက်ပါ အရေးပါပါတယ်လို့ သူက ပြောပါတယ်။ ဒါဆိုရင် နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီအနေနဲ့ မြန်မာနိုင်ငံမှာ အဏုမြူ စွမ်းအင် ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုပြီးတော့ သံသယရှိတဲ့နေရာတွေကို လာရောက်စစ်ဆေး ကြည့်ရှုခွင့် ပြုမှာပါလား။

“စစ်ဆေးမှုကို လက်ခံသွားဖို့တော့ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာ မပါပါဘူး။ မပါပါဘူးဆိုတာက လက်မခံဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေအရကတော့ ဒီ မူဝါဒ အတိုင်းပဲ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိပါတယ်ဗျ။”

မြန်မာသမ္မတရုံးရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ထွန်းပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း မြန်မာစစ်အစိုးရက မြောက်ကိုရီးယား၊ ရုရှားတို့နဲ့ ပူးပေါင်းပြီးတော့ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်အတွင်း မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်ဝင်းက မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းစွာ အသုံးပြုဖို့အတွက် နျူကလီယား ဓာတ်ပေါင်းဖို တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတယ် ဆိုပြီးတော့ IAEA အဖွဲ့ကို အကြောင်းကြားထားခဲ့တယ် လို့ ပြောခဲ့ပါတယ်။ ဒီလို ပြောဆိုချက် မထွက်ခင် ရုရှားကလည်း မြန်မာနိုင်ငံမှာ နျူကလီယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့အတွက် ဆွေးနွေးစကား ပြောဆိုဖို့ စီစဉ်ထားတဲ့အကြောင်း ထုတ်ဖော် ပြောခဲ့ဖူးပါတယ်။

မြန်မာအစိုးရရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ထွန်းကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ငြင်းဆိုပါတယ်။

“ကျနော်တို့ဆီကနေပြီး အဲဒါနဲ့ပတ်သက်ပြီးတော့ ကြိုးပမ်းခဲ့တာလည်း မရှိပါဘူးခင်ဗျ။ ဒါကတော့ ပြင်ပမီဒီယာတွေကနေ သူတို့ရဲ့ ထင်မြင်ယူဆချက်သာ ဖြစ်ပါတယ်။ ကျနော်တို့က အဲဒါတွေကို ဘာမှ ဆောင်ရွက်တာ မရှိပါဘူးခင်ဗျ။ ကျနော်သိရသလောက်တော့ အဲဒီအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဘာမှ လုပ်ထားတာမရှိဘူးလို့ သိရတယ်ခင်ဗျ။ အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး လုပ်ထားတာ ဘာညာလည်း မကြားမိပါဘူးခင်ဗျ။ ၂၀၀၂ ဆိုတော့လည်း နည်းနည်းတော့ ကြာသွားပြီပေါ့နော်။ ကြာသွားပြီဆိုတော့ အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒီဘက်အစိုးရပိုင်းမှာတော့ ဘာမှ အဲဒါတွေ လုပ်ထားတယ်၊ ပြုတယ်လည်း မကြားပါဘူးခင်ဗျ။”

မြန်မာနိုင်ငံဟာ IAEA စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၅၇ ခုနှစ်ကတည်းက အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်၊ အဏုမြူလက်နက် မပြန့်ပွားရေးစာချုပ်၊ ၁၉၉၅ ခုနှစ်မှာ နောက်ဆက်တွဲ စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နဲ့ အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ်၊ ၁၉၉၆ ခုနှစ် နျူကလီယား စမ်းသပ်မှု တားဆီးရေး သဘောတူညီချက် စတာတွေကို သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။
XS
SM
MD
LG