သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကောျ်အစိုးရသစ် သမိုင်းစာမျက်နှာဖွင့်မည့် မတ်လ ၃၀ ရက်


ရွေးကောက်ခံသမ္မတ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်လာစဉ်
ရွေးကောက်ခံသမ္မတ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်လာစဉ်

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဟာ တရားဝင်တာဝန်တွေ စတင်ထမ်းဆောင်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကျမ်းသစ္စာကျိန်ဆိုကြတော့မှာပါ။

နှစ်ပေါင်း (၅၀)ကျော်အတွင်း ပြည်သူတွေတခက်နက်တည်းမဲပေးရွေးချယ်ခဲ့တဲ့ အရပ်သားအစိုးရ အာဏာလွဲှပြောင်းယူမယ့် သမိုင်းဝင်အခမ်းအနားကို နိုင်ငံပိုင် ရုပ်သံ၊ ရေဒီယိုနဲ့ လွှတ်တော်channel တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသ မှာဖြစ်ပါတယ်။

၂၀၁၁ခုနှစ်မှာ စတင်တင်တာဝန်ယူခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီ အစိုးရအာဏာကို ၂၀၁၅ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီ အစိုးရအဖွဲ့က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တရားဝင်လွဲှပြောင်းရယူမှာ ဖြစ်ပါတယ်။

နှစ်ပေါင်း (၅၀)ကျော် စစ်အာဏာရှင်တွေကြီးစိုးခဲ့တဲ့ တိုင်းပြည်မှာ ပြည်သူတွေရဲ့ မဲဆန္ဒနဲ့ တက်လာတဲ့ အရပ်သားအစိုးရ ပထဆုံးအကြိမ် အာဏာလွဲှပြောင်း ရယူတဲ့အခမ်းအနားဟာ မြန်မာနိုင်ငံအတွက်အရေးပါတဲ့သမိုင်းဝင်အစဉ်အလာကောင်းအဖြစ် ဂုဏ်ယူမိကြောင်း NLD နာယကကြီး သူရဦးတင်ဦးကပြောပါတယ်။

“နှစ်ပေါင်းများစွာ စစ်အာဏာရှင်အုပ်ချုပ်မှုအောက် ကနေ ပြည်သူလူထုဆန္ဒနဲ့ အညီ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်ဘက်ကို ကူးပြောင်းလာတဲ့ အတွက် သမိုင်းအရ အင်မတန်မှအရေးကြီး တဲ့အပြောင်းအလဲတခု ကို ပြောင်းလဲလာတယ် လို့ပဲ ဝမ်းမြောက်ဝမ်းသာခံယူမိပါတယ်။”

လွှတ်တော်မှာကျင်းပတဲ့ ကတိသစ္စာပြုအခမ်းအနားကို ဧည့်သည်တော်တွေ အဖြစ်တက်ရောက်မယ့်သူတွေထဲမှာ နိုင်ငံကျော်အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ အကောင်းတွေဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံကျော်အဆိုတော် မမီမီဝင်းဖေက ပြောပါတယ်။

“ဒါက ပထမဦးဆုံးအနေနဲ့ အရပ်သားအစိုးရဖြစ်တဲ့အတွက် မမီတို့အတွက်လည်း ကိုယ်တိုင်တက်ရောက်သိခွင့်ရတဲ့အတွက်လည်း စိတ်ဝင်စား ပါ တယ်။ နောက် မျှော်လင့်ချက်အနေနဲ့ အဆိုးတွေပြီးသွားတော့ အကောင်းတွေ လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။”

တိုင်းပြည်ရဲ့ အနာဂတ်အတွက်အကောင်းဆုံးဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံအားပေးခဲ့တာဖြစ်တယ်လို့ ပြောလာသူကတော့ အခမ်းအနားကို တက်ရောက် ခွင့်ရလို့ ဂုဏ်ယူဝမ်းသာနေ တဲ့ နိုင်ငံကျော် အဆိုတော် ကော်နီဖြစ်ပါတယ်။

“အတိုင်းမသိပျော်တာပေါ့။ မကော်တို့က အောင်နိုင်ရေးခရီးစဉ်တွေမှာ အများကြီးပါခဲ့တာလေ။ ဒီလူတွေကိုပဲ ပြန်ပြီးခေါ်တယ်ဆိုတော့ အတိုင်းမသိ အရမ်းဝမ်းသာတယ်၊ ဂုဏ်ယူတယ်ပေါ့နော်။ တိုင်းပြည်အတွက် လည်းမျှော်လင့်မိ ပါတယ်။ တိုင်းပြည်ကောင်းရင် အကုန်ကောင်းတာပဲ။ အစကတည်းကလည်း အမေ့ကို မျှော်လင့်ချက်နဲ့ဝန်းရံခဲ့ကြတာမဟုတ်ဘူး။ ကိုယ်တွေဘာဖြစ်မယ်မှန်းမသိပဲ နဲ့ တစိတ်တဝမ်းတည်းဝန်းရံခဲ့တာဖြစ်တဲ့အတွက် တိုင်းပြည်ကောင်းရင် ကျေနပ်တယ်လေ။”

Myanmar aritists participated in NLD campaign
Myanmar aritists participated in NLD campaign

အနုပညာရှင်တွေအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားအပြင် သမ္မတအိမ်တော် မှာကျင်းပမယ့် ဂုဏ်ပြုညစာစားပွဲမှာလည်း ပါဝင်သီဆိုဖျော်ဖြေကြမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အဆိုတော်သံသာဝင်းပြောပြတာက

“ပါဝင်သီဆိုရတာကတော့ အတိုင်းထက်အလွန်ပေါ့။ အရမ်းလည်းဂုဏ်ယူ တယ်။ နှစ်ငါးဆယ်ကျော်အတွင်း ကိုယ်တွေလိုချင်တဲ့ အစိုးရတက်လာတော့ ဂုဏ်ယူတယ်ပေါ့နော်။”

ပြည်ထောင်စုလွှတ်တော်မှာတော့ ပထမဆုံးအစီအစဉ်အရ မနက်ပိုင်း မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဦးထင်ကျော်၊ ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ တို့က ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်မှာ ကတိသစ္စာပြုကြမှာဖြစ်ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီး (၁၈)ဦးအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ အားလုံး ကတိသစ္စာပြုကြမှာဖြစ်ပါတယ်။ တတိယအစီအစဉ်အဖြစ် သမ္မတဦးထင်ကျော် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

အဲဒီနောက် နေ့လည်ပိုင်းမှာတော့ အရင်သမ္မတ ဦးသိန်းစိန်စောင့်ကြိုနေ မယ့် နိုင်ငံတော်သမ္မတအိမ်တော်မှာ အာဏာလွဲှပြောင်းတဲ့ အခမ်းအနားကျင်းပမှာဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ သမ္မတဦးထင်ကျော် တည့်ခင်းဧည့်ခံမယ့် ဂုဏ်ပြုညစာစားပွဲကို သမ္မတအိမ်တော်မှာဆက်လက် ကျင်းပမှာဖြစ်ပါတယ်။ ဧည့်သည်တော်စုစုပေါင်း (၃၀၀)လောက် ဖိတ်ကြားထားတယ်လို့ NLD ပါတီတာဝန်ရှိ သူတွေက ပြော ပါတယ်။သမ္မတဦးထင်ကျော်အစိုးရအဖွဲ့ဟာ ဧပြီလ (၁)ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

XS
SM
MD
LG