သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ ကျန်းမာရေး အသုံးစရိတ် လူတဦး တနှစ် ၂ ဒေါ်လာထက်နည်း


မြန်မာအစိုးရ ကျန်းမာရေး အသုံးစရိတ် လူတဦး တနှစ် ၂ ဒေါ်လာထက်နည်း
မြန်မာအစိုးရ ကျန်းမာရေး အသုံးစရိတ် လူတဦး တနှစ် ၂ ဒေါ်လာထက်နည်း

လာမယ့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အသုံးစရိတ် လျာထားချက်ဟာ ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ယှဉ်ရင် အနည်းဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် လုံလောက်တဲ့ ပမာဏ မဟုတ်ဘူးလို့လည်း ဝေဖန်ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အခု လဆန်းပိုင်းက ထွက်လာခဲ့တဲ့ လာမယ့် ၂၀၁၁-၂၀၁၂ အစိုးရ အသုံးစရိတ်မှာ ကျန်းမာရေးကဏ္ဍအတွက် ၁.၃% လျာထားပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခန့်မှန်းခြေ လူဦးရေ သန်း ၆၀ နီးပါးနဲ့ တွက်ရင်တော့ တဦးကို ကျန်းမာရေး အသုံးစရိတ်က ၂ ဒေါ်လာ သာသာပဲ ရှိပါတယ်။ ဒါတွေဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အင်မတန် နည်းပါးသလို မြန်မာနိုင်ငံမှာ လက်ရှိ ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့တောင် လုံလောက်မှု မရှိဘူးလို့ NCGUB အဝေးရောက် အစိုးရအဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက ဝေဖန်ပါတယ်။

“အင်ဒိုနီးရှားမှာဆိုရင် တဦးချင်း ကျန်းမာရေး အသုံးစရိတ်က ၄၄ ဒေါ်လာရှိတယ်။ ဘတ်ဂျက်တခုလုံးရဲ့ ၆.၂% လောက် ရှိတယ်ဆိုတာ တွေ့ရတယ်။ လာအိုမှာတောင်မှ တဦးချင်း သုံးစွဲမှုက ၃၅ ဒေါ်လာရှိတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာတော့ အခုပြဋ္ဌာန်းလိုက်တဲ့ ဘတ်ဂျက်အရဆိုရင် ကျန်းမာရေးအတွက် သုံးစွဲမှုက အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် တော်တော်နည်းပါးတာကို တွေ့ရပါတယ်။”

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တုန်းက ကျပ်သန်းပေါင်း ၆၀,၀၀၀ ကျော်ကနေ အခုနှစ်မှာ ၉၀,၀၀၀ ကျော် သတ်မှတ်လိုက်တယ်ဆိုတော့ ပိုတိုးလာတယ်လို့ရော အကောင်းမြင်ဘက်က ကြည့်လို့မရဘူးလားခင်ဗျ။

“ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုက Economic Intelligence Unit က ကိန်းဂဏန်းတွေအရ ဆိုရင် ပျမ်းမျှခြင်းအားဖြင့် ၆% လောက် ရှိပါတယ်။ တိုးလိုက်တဲ့ ကျန်းမာရေး အသုံးစရိတ်ဟာ ငွေကြေး ဖောင်းပွမှုနှုန်းနဲ့ ယှဉ်လိုက်ရင် ငွေကြေးဖောင်းပွမှုက ပိုများနေတဲ့ အတွက်ကြောင့် တိုးလာတယ်လို့တောင် ပြောလို့မရပါဘူး။ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာတယ် ဆိုတာက လူတဦးချင်းရဲ့ ပျမ်းမျှ သက်တမ်းတွေ၊ ကလေး မွေးသေနှုန်းတွေ၊ ဒါတွေအပေါ်မှာ အခြေခံပြီး တိုင်းတာရပါတယ်။

“ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်ရဲ့ ၂၀၀၅ ကိန်းဂဏန်းတွေအရ ဆိုရင် မြန်မာနိုင်ငံမှာ ကလေး ၁,၀၀၀ မွေးရင် သေဆုံးက ၇၉ ယောက်ရှိတယ်။ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် အင်ဒိုနီးရှားမှာဆိုရင် ၃၈ ယောက်ပဲ သေဆုံးတယ်။ ထိုင်းနိုင်ငံမှာ ၂၆ ယောက်ပဲ သေဆုံးတယ်။ ဖိလစ်ပိုင်မှာဆိုရင် ၃၁ ယောက်ပဲ သေဆုံးတယ်။

“လူတဦးချင်းစီရဲ့ ပျမ်းမျှ အသက်ရှင်နိုင်တဲ့ အနေအထားတွေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ပျမ်းမျှခြင်း အသက်ရှည်တဲ့ အသက်က ၆၀.၂ ပဲရှိတယ်။ အင်ဒိုနီးရှားမှာဆိုရင် ၆၆.၈ ရှိတယ်။ ထိုင်းနိုင်ငံမှာဆိုရင်း ပျမ်းမျှ သက်တမ်း ၇၀ ရှိတယ်ဆိုတာ တွေ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ အဓိကအားဖြင့်တော့ HIV/AIDS တို့၊ TB တို့၊ ငှက်ဖျားတို့ဟာ လူထုကျန်းမာရေးဆိုင်ရာ အကြီးအကျယ် စိန်ခေါ်မှုကြီးတွေ၊ တကယ့် ကူးစက်ရောဂါကြီးတွေ ဖြစ်နေတာ တွေ့ရပါတယ်။”

မြန်မာနိုင်ငံ ကျန်းမာရေးအတွက် အစိုးရက အသုံးစရိတ် အခုလို နည်းသလို တဘက်မှာလည်း ကုလသမဂ္ဂ အေဂျင်စီတွေ၊ ကူညီရေးအဖွဲ့တွေရဲ့ ကျန်းမာရေး၊ လူမှုရေး အကူအညီဟာလည်း ကျန်နိုင်ငံတွေနဲ့ယှဉ်ရင် အင်မတန် နည်းပါးပါတယ်။ ဒါဟာလည်း မြန်မာအစိုးရဘက်က ငွေကြေးသုံးစွဲမှု အပိုင်းမှာ တာဝန်ခံမှု မရှိတာ၊ သိသာ မြင်သာမှု မရှိတာတွေကြောင့် အလှူရှင်တွေဘက်က တွန့်ဆုတ်တာ ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။

ဒါကြောင့်လည်း အစိုးရဘက်က စီမံခန့်ခွဲမှု တိုးတက်လာမှလည်း နိုင်ငံတကာ အကူအညီတွေ တက်လာမယ်လို့ ယူဆပါတယ်။ ဒါပေမဲ့လည်း တဘက်မှာ သဘာဝဓာတ်ငွေ့နဲ့ ရေနံကနေ တနှစ်ကို အမေရိကန်ဒေါ်လာ ခန့်မှန်းခြေ ၃ ဘီလီယံကျော် ဝင်ငွေရတဲ့ အချိန်မှာ လူထုအတွက် ကျန်းမာရေးနဲ့ ပညာရေး အသုံးစရိတ်ကို အခုထက်ပို သုံးစွဲသင့်ပါတယ်လို့ ဒေါက်တာသောင်းထွန်းကတော့ ဝေဖန်ပါတယ်။

အစိုးရဘတ်ဂျက်မှာတော့ ကျန်းမာရေးနဲ့ ပညာရေး ပေါင်းရင် လာမယ့်နှစ်အတွက် ၅% ပဲ ရှိပေမဲ့ ကာကွယ်ရေးအတွက် အသုံးစရိတ်ကတော့ ၂၄% ရှိထားပါတယ်။

XS
SM
MD
LG