သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်ငွေ့ရှူခြင်း အန္တရာယ်ဆိုင်ရာ သတိပြုစရာ


Vaping လို့ခေါ်တဲ့ ဆေးလိပ်ငွေ့ရှူဖို့အတွက် လူငယ်တွေကို ပစ်မှတ်ထား ကြော်ငြာလာချိန်၊ မြန်မာနိုင်ငံမှာတော့ ဥပဒေအရ မတားမြစ်နိုင်သေးဘူးလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။

Vape သောက်တာလို့ လူသိများတဲ့ ဆေးလိပ်ငွေ့ရှူဖို့အတွက် ကြော်ငြာမျိုးစုံ ရှိလာနေပါတယ်။ လူငယ်တွေအကြိုက် ခေတ်ပေါ် အင်တာနက်နည်းပညာသုံးပြီး၊ လူမူမီဒီယာ (Facebook ၊ Instagram ၊ X / Twitter ၊ TikTok စတာ) တွေကနေတဆင့် ကြော်ငြာတာအပြင်၊ ဂီတပွဲတွေ၊ ကပွဲတွေမှာလည်း စင်ပေါ်ကနေ စာတန်းထိုးတာ၊ ပရိဿတ်နောက်က လက်တွေသောက်သုံးပြတာမျိုးစတဲ့ ကြောငြာတွေ ရှိလာပါတယ်။ ဒါ့အပြင် တချို့ကြော်ငြာတွေမှာဆို ရုပ်ရှင် မင်းသား မင်းသမီး၊ အဆိုတော်နဲ့ ထင်ပေါ်ကျော်ကြားသူတွေကိုပါ အသုံးပြု ကြော်ငြာလာနေခဲ့ပါတယ်။ တချိန်တည်းမှာ ဆေးလိပ်ထက် အန္တရာယ်နည်းတယ်ဆိုပြီး ဒီဆေးလိပ်ငွေ့ရှူခြင်းဆိုင်ရာ စာစီစာကုန်းပြိုင်ပွဲတွေနဲ့ ပညာသင်ဆုပေးတာတွေလည်း ရှိလာနေပါတယ်။ အရင်က လမ်းမပေါ် ကြောငြာဆိုင်းဘုတ်ကြီးတွေကို အခုနောက်ပိုင်း ဖြုတ်ချခဲ့ပေမဲ့၊ စားသောက်ဆိုင်၊ ဘားနဲ့ ကလပ်တွေအတွင်းမှာ ကြော်ငြာတာတွေ ဆက်ရှိနေပါသေးတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာထက် အကြိမ်များများပိုရှူနိုင်ပြီး ဆေးငွေ့မဆုံးရှုံးဘဲ တိုက်ရိုက်ရှူသွင်းနိုင်တာကြောင့် ပိုတွက်ခြေကိုက်တယ်လို့ပါ ကြော်ငြာထားပါတယ်။ ရောင်းချမှုတွေကိုလည်း မြန်မာနိုင်ငံ မြို့ကြီးတွေမှာ အင်တာနက် Online ကနေတဆင့် လုပ်နေပါတယ်။

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အပြည်ပြည်ဆိုင်ရာ ဆေးရွက်ကြီး ထိန်းချုပ်ရေးစာချုပ်အဖွဲ့ (Framework Convention for Tabaco Control – FCTC)) ရဲ့ ဥပဒေ နောက်ဆုံးပြင်ဆင်ချက်အရ၊ ဆေးလိပ်ငွေ့ရှူတာကို သမရိုးကျဆေးလိပ်နဲ့အတူတူ တားမြှစ်လာပေမဲ့၊ မြန်မာနိုင်ငံမှာတော့ ဥပဒေအရ ထိထိရောက်ရောက် မတားမြစ်နိုင်သေးပါဘူး။ မြန်မာနိုင်ငံက ပြီးခဲ့တဲ့ လွှတ်တော်မှာ အခုလို နိုင်ငံတကာဥပဒေအတိုင်း ပြည်တွင်းဥပဒေမှာ ပြဌာန်းတားမြစ်ဖို့ သဘောတူအတည်ပြုခဲ့ပေမဲ့၊ လက်တွေ့ကျင့်သုံးဖို့ ဥပဒေမျိုးတော့ ထွက်မလာသေးပါဘူး။ ဒါကြောင့်လဲ အခုလို လူငယ်တွေကို ပစ်မှတ်ထား ကြောငြာနေတာတွေကို ထိထိရောက်ရောက် မတားမြစ်နိုင်ဘဲ၊ မြန်မာလူငယ်တွေ ဆေးလိပ်ငွေ့ရှူတာကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေတာကို သုတေသနလုပ် တွေ့လာနေရပါတယ်။ တချိန်တည်းမှာ Vape (ခေါ်) E-Cigarette ရဲ့ ပုံစံသစ်မျိုးစုံကလည်း ကွန်ပြူတာသုံး Memory Stick နဲ့ ကစားစရာအရုပ်လို ဖြစ်နေတာကြောင့် မိဘတွေကိုယ်တိုင် မိမိကလေးတွေ သုံးနေတာကို သတိမပြုမိဘဲ ဖြစ်တတ်ပြန်ပါတယ်။ ဒါ့အပြင် ဒီဆေးလိပ်ငွေ့ရှူတာရဲ့ အငွေ့ကလည်း အပြင်ကို အများကြီးမထွက်လာဘဲ တခါတရံမမြင်နိုင်တာကြောင့် မိဘတွေ မသိလိုက်တာ ဖြစ်နိုင်ပါတယ်။

နောက် သတိပြုစရာကတော့ ဒီ Vape ဆေးလိပ်ငွေ့ရှူစရာကို တစ်ဦးချင်းသုံးတာကနေ မျှပြီးသုံးလာလျှင်လည်း ပါးစပ်ထဲကို ထည့်သုံးရတာမို့ ကိုဗစ်အပါအဝင် ကူးစက်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ တချိန်ထဲမှာ လူကြီးတွေ ဆေးလိပ်ဖြတ်ဖို့ ဆေးလိပ်ငွေ့ရှူတာ စလုပ်ခဲ့ပေမဲ့၊ နောက်ပိုင်းမှာ ဆေးလိပ်လည်း မပြတ်၊ ဆေးလိပ်ငွေ့ရှူတာလည်း ဆက်စွဲသွားတာတွေ ရှိလာတာအပြင်၊ လူငယ်အရွယ်မှာ ဆေးလိပ်မသောက်တတ်ပေမဲ့ ဆေးလိပ်ငွေ့ရှူတာ စလုပ်မိသူတွေမှာလည်း ကြီးလာချိန် ဆေးလိပ်သောက်သူတွေ ဆက်ဖြစ်သွားတာကို သုတေသနတွေ့လာနေပါတယ်။ ဒါ့အပြင် ပုံမှန်အားဖြင့် အသက်အရွယ်ရလာချိန်မှ ဖြစ်တတ်တဲ့ နှလုံးထိခိုက်တဲ့ရောဂါတွေကိုလည်း၊ အခု ဆေးလိပ်ငွေ့ရှူတာ စပေါ်ချိန်ထဲကနေ နှစ်ရှည် သုံးလာမိတဲ့ မြန်မာနိုင်ငံက လူငယ်တချို့ (အသက် ၂၀၊ ၃၀ အရွယ်မှာပါ)၊ တခြားဖြစ်စေနိုင်တဲ့အကြောင်းရင်း မရှိဘဲ စတွေ့လာနေတယ်လို့ နှလုံးအထူးကုတွေ ပြောလာနေတာမို့၊ သုတေသန ဆက်လုပ်စောင့်ကြည်ဖို့ လိုလာနေပါပြီ။ တကယ်တမ်းတော့ ဆေးလိပ်ငွေ့ရှူတာကလည်း ဆေးလိပ်နည်းတူ အနည်းနဲ့အများ ကျန်းမာရေးထိခိုက်တာ သေချာနေတာမို့၊ ဆေးလိပ်နဲ့တန်းတူ တားမြစ်နိုင်ဖို့က အရေးကြီးလာနေပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG