သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ HIV/AIDS ဝေဒနာရှင်တွေ လူ့အခွင့်အရေး ဆုံးရှုံး


မြန်မာ HIV/AIDS ဝေဒနာရှင်တွေ လူ့အခွင့်အရေး ဆုံးရှုံး

ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ UNAIDS ခေါ် ကုလသမဂ္ဂ AIDS ရောဂါ ကာကွယ် တိုက်ဖျက်ရေးဌာန အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်အတွင်း တကမ္ဘာလုံး အတိုင်းအတာနဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်မှု ခံရသူ ဦးရေဟာ အရင်ကထက် တိုးလာတာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ နှစ်စဉ် ကမ္ဘာတ၀န်း HIV ပိုး ကူးစက်ခံရသူ ၂,၅၀၀,၀၀၀ ရှိနေမြဲ ဖြစ်တာကြောင့် ဒီရောဂါကို လုံးဝ ထိန်းချုပ်နိုင်ဖို့ အတွက်ကတော့ အလုပ်တွေ အများကြီးလုပ်ဖို့ လိုသေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ AIDS ဝေဒနာရှင်တွေနဲ့ ပတ်သက်လို့လည်း သူတို့တတွေဟာ လူ့အခွင့်အရေး ခံစားခွင့်တွေကို ဆုံးရှုံးနေကြရတယ်လို့ HIV/AISD ကူညီရေး လုပ်သူတွေက ပြောပါတယ်။ အထူးသဖြင့် ဒီရောဂါအတွက် ဆေးဝါးလုံလောက်မှု မရှိတာတွေအပြင် လူ့အသိုင်းအ၀ိုင်းတွေမှာလည်း ခွဲခြား ဆက်ဆံမှုတွေကို ရင်ဆိုင်နေရတဲ့ အကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ကတော့ HIV/AIDS ဝေဒနာရှင်တွေဟာ လူ့အခွင့်အရေးတွေကို ခံစားခွင့် ရှိရမယ်လို့ ဆိုပါတယ်။ ဒီဝေဒနာရှင်တွေကို လူ့အသိုင်းအ၀ိုင်းထဲမှာ ခွဲခြားဆက်ဆံတာတွေ မလုပ်ရဘူး၊ သူတို့အတွက် လုံခြုံတဲ့ စောင့်ရှောက်မှု ဂေဟာတွေ ရှိရမယ်၊ ဆေးဝါးကုသမှုတွေလည်း အပြည့်အ၀ ရကြရမှာ ဖြစ်သလို အသက်ရှင်နေထိုင်ခွင့် ဆိုတဲ့ ခံစားခွင့်တွေလည်း ပိုင်ဆိုင်နိုင်ကြရမှာပါ။ တခါ ဒီရောဂါအတွက် ကုသမှု၊ စောင့်ရှောက်မှုတွေအပြင် ကူညီပံ့ပိုးမှု စတဲ့ အခြေခံ အချက်တွေဟာ သူတို့အားလုံးရဲ့ ရပိုင်ခွင့်တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီအခွင့်အရေးတွေနဲ့ ဝေဒနာရှင်တွေ ဝေးနေကြရတယ်လို့ NLD လူမှုထောက်ကူပြု အဖွဲ့က မဖြူဖြူသင်းက ပြောပါတယ်။

“ဝေဒနာရှင်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေပေါ့၊ ဘယ်ဟာမှ မရဘူးလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဆေးဝါး ကုသပိုင်ခွင့်တောင်မှ မရှိကြဘူး။ တချို့တွေဆိုရင် ဆေးဝါးကုသမှု လိုချင်ကြတယ်၊ ဒါပေမဲ့ သူတို့မှာ ဘယ်ကိုသွားပြီး ဆေးယူရမှန်း မသိဘူး။ ဘယ်က ဆေးပေးမှန်းလည်း မသိဘူး။ အဲဒီလိုမျိုးနဲ့ သေဆုံးနေတဲ့သူတွေက အများကြီး ဖြစ်နေတဲ့ အခါကြတော့ မြန်မာပြည်မှာ ရှိနေတဲ့ ဝေဒနာသည်တွေ တော်တော်များများကတော့ အဲဒီအခွင့်အရေးတွေ တော်တော်လေး ဆုံးရှုံးနေတာကို တွေ့ရပါတယ်။

“ကျမတို့ လုပ်ကိုင် ဆောင်ရွက်နေသူတွေကိုလည်း အမျိုးမျိုး ခြိမ်းခြောက်ခဲ့တယ်။ ဝေဒနာသည်တွေကိုလည်း ခြိမ်းခြောက်တယ်။ ဘယ်လောက်ထိ ထိခိုက်မှုရှိလဲ ဆိုတော့ တချို့တွေကျတော့ ဒီသတင်းကို ကြားရုံနဲ့တင် မြန်မာပြည်က လူတွေ တော်တော်များများ၊ ဝေဒနာသည်တွေ အပါအ၀င် သာမန်လူတွေကပါ အကြောက်တရားနဲ့ နေနေရတဲ့ အခါကြတော့ တချို့တွေက ဒီသတင်းကို ကြားရုံနဲ့တင် ကြောက်လန့်ပြီး မလာရဲတဲ့ လူတွေလည်း ရှိတယ်။”

မဖြူဖြူသင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီဝေဒနာ ခံစားလာရပြီ ဆိုကတည်းက အဓိကဖြစ်လာတဲ့ ဆေးဝါးဆိုင်ရာ မလုံလောက်မှု ပြဿနာတွေက လူတွေရဲ့ စိတ်ဓာတ်ကို အတော်လေး ထိခိုက်စေတယ်လို့ ဒီရောဂါ ခံစားနေရသူ တဦးဖြစ်တဲ့ ကိုဇော်သီဟက ပြောပါတယ်။

“အခက်အခဲကတော့ ရှိတာပေါ့။ နယ်တွေကနေ လာရတာပေါ့၊ ARV ရဖို့အတွက် ၆ လလောက်ကြာမယ်၊ တနှစ်လောက်ကြာမယ်၊ အဲဒီလိုမျိုး ဆေးတွေ ဘာတွေ စောင့်ရတာမျိုး ရှိတယ်။ အဲဒီလိုမျိုးကျတော့ အခက်အခဲတွေက အများကြီးပေါ့။ တချို့နေရာတွေကျတော့ လူ့အသိုင်းအ၀ိုင်းထဲ ၀င်ရတဲ့အခါမှာ ကျနော်တို့ စိတ်ကိုက ဒီရောဂါ ရှိလို့ရှိရင် ကိုယ့်စိတ်ကိုက အားငယ်နေတာမျိုး ရှိတယ်။

“ကုရာနတ္ထိ ဆေးမရှိတို့၊ ရေဒီယိုက ဟာတွေက၊ အဲဒီလိုမျိုး ဗမာလူမျိုးတွေက အစွဲရှိတယ်ဗျ။ အဲဒီလို အစွဲတွေက တချို့လူတွေကျတော့ စားတာ သောက်တာ၊ ကိုင်တာ တွယ်တာက အစ တမျိုးပေါ့၊ ဒီရောဂါ ရှိတယ်ဆိုရင် နည်းနည်း စိတ်ကလေးတွေ ခုနေတာတွေ ရှိသေးတယ်ဗျ။”

ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ဆွေမျိုး အသိုင်းအ၀ိုင်းတွေကြား ဒီလို အခြေအနေမျိုးတွေအပြင် မကြာသေးခင်ကပဲ အာဏာပိုင်တွေရဲ့ နေရာရွှေ့ပြောင်းဖို့ ဖိအားပေးတာတွေ ကြုံခဲ့ရတဲ့ သူတို့အဖို့တော့ ဒေါ်အောင်ဆန်းစုကြည်က သူတို့နေထိုင်ရာ တောင်ဒဂုံက ဂေဟာကို လာရောက်အားပေးခဲ့တာ၊ နောက်ပိုင်း စာပေ အနုပညာရှင်တွေရဲ့ ကူညီပံ့ပိုးမှုတွေက ဒီဂေဟာမှာ ရှိနေတဲ့ သူတို့ လူနာတွေအတွက် အားဆေးသဖွယ် ဖြစ်ခဲ့တယ်လို့ မ၀င်းဝင်းနိုင်က ပြောပါတယ်။

“အရင်တုန်းကဆိုရင် သမီး အမျိုးတွေအိမ် သွားလည်တဲ့ အခါကြရင် ထမင်းစားတာတွေ ဘာတွေက အစ ခွဲခြားဆက်ဆံတာမျိုး ကြုံဖူးတယ်။ အကုန်လုံး တ၀ိုင်းတည်း မစားဘဲနဲ့ တယောက်တည်း ကျွေးတာတွေ၊ ပြီးတော့ ညအိပ်မှာတောင် သူတို့က ကြောက်နေတဲ့ ပုံစံမျိုး ကြုံခဲ့ရတယ်။

“အာဏာပိုင်တွေက ဖယ်ခိုင်းတယ်၊ သမီးတို့ အနေနဲ့ မဖယ်ဘူးဆိုပြီးတော့ စိတ်ကို ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ကျန်တဲ့ ရောဂါသည်တွေ၊ အိပ်ရာထဲက မထနိုင်တဲ့ လူနာတွေ ရှိတယ်လေ၊ သူတို့ကျတော့ အရမ်းကြောက်ကြတယ်။ အရင်တုန်းကဆိုရင် အမတယောက်ကိုပဲ အားကိုးနေရတာ။ အခုဆိုရင် အမေစုကပါ ရောက်လာတော့ သမီးတို့အတွက် အကုန်လုံး ၀မ်းသာရတယ်။ ကျော်သူတို့ အဖွဲ့ကလည်း လာလှူတယ်။ အခုဆိုရင် အလှူရှင်တွေ အများကြီးပဲ အိမ်ကိုလာကြတယ်။”

တောင်ဒဂုံမှာ NLD လူမှုထောက်ကူပြု အဖွဲ့က လူငယ်တွေ စုပေါင်းဖွင့်လှစ်ထားတဲ့ HIV/AIDS စောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်တဲ့ မ၀င်းဝင်းနိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ရန်ကုန် ဗဟန်းမှာရှိတဲ့ NLD ပါတီ ရုံးချုပ်မှာ ကမ္ဘာ့ HIV/AIDS အတွက် ၄ ကြိမ်မြောက် အခမ်းအနား ကျင်းပဖို့ ရှိနေပြီး အဲဒီမှာ စာပေအနုပညာရှင်တွေနဲ့ အတူ ကဗျာဆရာတွေကလည်း ကဗျာတွေ ရွတ်ဆိုဖို့ ရှိသလို တေးဂီတတွေနဲ့လည်း ဖျော်ဖြေတင်ဆက်ဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG