သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV/AIDS ဝေဒနာရှင်တွေကို မြန်မာတို့ စာနာသင့်


HIV/AIDS ဝေဒနာရှင်တွေကို မြန်မာတို့ စာနာသင့်
HIV/AIDS ဝေဒနာရှင်တွေကို မြန်မာတို့ စာနာသင့်

ကမ္ဘာတဝန်းမှာ HIV/AIDS ရောဂါတိုက်ဖျက်ဖို့ ကြိုးစား လုပ်ဆောင်နေကြပြီး တိုးတက်မှုတွေ ရနေတယ် ဆိုပေမဲ့လည်း မြန်မာနိုင်ငံမှာတော့ မြန်မာစစ်အစိုးရ အနေနဲ့ လုပ်စရာတွေ အများကြီး ရှိသေးသလို လုပ်မယ်ဆိုရင်လည်း လုပ်နိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့ လူ့အဖွဲ့အစည်း အနေနဲ့လည်း ဝေဒနာသည်တွေကို ခွဲခြား နှိမ့်ချ ဆက်ဆံတာမျိုးတွေ ရှောင်ရှားပြီး လူသားချင်း စာနာထောက်ထားတဲ့ အမြင်နဲ့ အကူအညီ ပေးသင့်တယ်လို့ ဝေဖန် အကြံပေးကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက HIV/AIDS ရောဂါတိုက်ဖျက်ရေးမှာ အခြေအနေ ကောင်းတွေရော၊ စိုးရိမ်စရာ အခြေအနေတွေရော ရှိနေသေးတယ်လို့ သုံးသပ်သူက အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဂျွန်န်စ် ဟော့ပ်ကင်းန်စ် တက္ကသိုလ် အများပြည်သူ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ်စ် ဘေယာ (Chris Bayer) ဖြစ်ပါတယ်။ Global Funds အဖွဲ့ရဲ့ အကူအညီနဲ့ AIDS ရောဂါ၊ ငှက်ဖျားရောဂါနဲ့ တီဘီရောဂါ တိုက်ဖျက်ရေးတွေမှာ အောင်မြင်မှုတွေ ရနေတာ၊ ကုလသမဂ္ဂ ကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) အပါအဝင် ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြား အဖွဲ့အစည်းတွေကြား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာတာတွေကို အခြေအနေကောင်းတွေ အဖြစ် သူက မြင်ပါတယ်။

စိုးရိမ်ဖွယ်ရာ အခြေအနေတွေအဖြစ် သူမြင်တဲ့အထဲမှာ အဓိက ပါတာကတော့ အများပြည်သူ ကျန်းမာရေးကဏ္ဍမှာ အစိုးရရဲ့ စိုက်ထုတ်သုံးစွဲမှု အလွန်အမင်း နည်းပါးတဲ့ အချက်ပဲ ဖြစ်ပါတယ်။

“HIV ရောဂါ ဒါမှမဟုတ် ငှက်ဖျားရောဂါ ဒါမှမဟုတ် တီဘီရောဂါတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကျန်းမာရေးကဏ္ဍမှာ အစိုးရရဲ့ အရင်းအမြစ်တွေကို သုံးစွဲဖို့ ခိုင်မာတဲ့ သန္နိဋ္ဌာန် ကျနော်တို့ ခုချိန်ထိ မတွေ့ရသေးပါဘူး။ အများပြည်သူအတွက် သုံးစွဲတဲ့ ရန်ပုံငွေက မြန်မာနိုင်ငံမှာ အရမ်းကို နည်းပါတယ်။ ဒီအဓိပ္ပာယ်က ကိုယ့်ဘာသာ မတတ်နိုင်သူတွေ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ခက်ခဲနေတယ် ဆိုတဲ့သဘောဖြစ်ပြီး ဒီကိစ္စမှာ တိုးတက်မှုတွေ ကျနော်တို့ မတွေ့ရပါဘူး။”

မြန်မာနိုင်ငံဟာ လူထုက ဆင်းရဲပြီး တိုင်းပြည်က ချမ်းသာတဲ့နိုင်ငံ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ လုပ်နိုင်တာတွေ အများကြီး ရှိတယ်လို့ ဒေါက်တာ ခရစ်စ် ဘေယာက ယုံကြည်ပါတယ်။ အစိုးရဟာ သူတို့သုံးစွဲချင်တဲ့ ကိစ္စတွေမှာကျ ရန်ပုံငွေ အများအပြား သုံးစွဲနေတယ် ဆိုတာကို စစ်တပ်ကို အကြီးအကျယ် တိုးချဲ့တာ၊ ကြီးကျယ်ခမ်းနားတဲ့ နေပြည်တော် မြို့တော်သစ် တည်ဆောက်တာတွေကို ထောက်ပြပြီး သူက ဝေဖန်ပါတယ်။

“ဒါပေမဲ့ ကျန်းမာရေး ပညာပေး ကဏ္ဍနဲ့ ရန်ပုံငွေ အရင်းအမြစ်တွေ အရမ်းလိုအပ်နေတဲ့ AIDS ရောဂါ တိုက်ဖျက်ရေး၊ တီဘီရောဂါ တိုက်ဖျက်ရေးနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလို ကဏ္ဍတွေမှာ အစိုးရဟာ ရန်ပုံငွေ အရင်းအမြစ်တွေကို မသုံးစွဲချင်ပါဘူး။”

HIV/AIDS ရောဂါသည်တွေကို လူမှုအသိုက်အဝန်းက ဝိုင်းပယ်ထားတာမျိုးတွေ ကမ္ဘာတဝန်းမှာ လျော့နည်းလာတယ်လို့ ကုလသမဂ္ဂက နှစ်စဉ်ထုတ်ပြန်တဲ့ AIDS ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာကတော့ နှိမ့်ချပြီး ခွဲခြားဆက်ဆံတာ၊ ဝေဒနာသည်တွေကို ကြောက်ရွံ့တာမျိုးတွေ ရှိနေတုန်းပဲ ဆိုတာ ဝေဒနာသည်တွေ ကိုယ်တိုင် ဗွီအိုအေကို ပြောပြထားတာတွေကနေ သိနိုင်ပါတယ်။

“အရင်တုန်းကဆိုရင် သမီး အမျိုးတွေအိမ် သွားလည်တဲ့ အခါကြရင် ထမင်းစားတာတွေ ဘာတွေက အစ ခွဲခြားဆက်ဆံတာမျိုး ကြုံဖူးတယ်။ အကုန်လုံး တဝိုင်းတည်း မစားဘဲနဲ့ တယောက်တည်း ကျွေးတာတွေ၊ ပြီးတော့ ညအိပ်မှာတောင် သူတို့က ကြောက်နေတဲ့ ပုံစံမျိုး ကြုံခဲ့ရတယ်။”

“တချို့နေရာတွေကျတော့ လူ့အသိုင်းအဝိုင်းထဲ ဝင်ရတဲ့အခါမှာ ကျနော်တို့ စိတ်ကိုက ဒီရောဂါ ရှိလို့ရှိရင် ကိုယ့်စိတ်ကိုက အားငယ်နေတာမျိုး ရှိတယ်။ ကုရာနတ္ထိ ဆေးမရှိတို့၊ ရေဒီယိုက ဟာတွေက၊ အဲဒီလိုမျိုး ဗမာလူမျိုးတွေက အစွဲရှိတယ်ဗျ။ အဲဒီလို အစွဲတွေက တချို့လူတွေကျတော့ စားတာ သောက်တာ၊ ကိုင်တာ တွယ်တာက အစ တမျိုးပေါ့၊ ဒီရောဂါ ရှိတယ်ဆိုရင် နည်းနည်း စိတ်ကလေးတွေ ခုနေတာတွေ ရှိသေးတယ်ဗျ။”

မြန်မာ့ လူ့အဖွဲ့အစည်း အနေနဲ့ HIV/AIDS ဝေဒနာသည်တွေကို မေတ္တာ၊ ကရုဏာနဲ့ ကူညီ စောင့်ရှောက်သင့်တယ်ဆိုတာ ၂၀၀၃ ခုနှစ်တုန်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတာကို ဒေါက်တာ ခရစ်စ် ဘေယာက ပြန်ကိုးကားပြီး ပြောခဲ့ပါတယ်။

“မြန်မာ့အယူအဆ မေတ္တာရှေ့ထားခြင်းဟာ HIV ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်တဲ့ နေရာမှာ အရမ်းကို အရေးပါပါတယ်။ HIV ရောဂါပိုး ရှိနေတယ်၊ ဒီရောဂါပိုး ရနိုင်တဲ့ အန္တရာယ် ရှိနေတယ်ဆိုတဲ့ ကျန်းမာရေး အခြေခံပေါ်မှာ မူတည်ပြီး ဘယ်သူ့ကိုမှ ခွဲခြားပြီး မဆက်ဆံသင့်ပါဘူး။”

ဒီနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်က HIV/AIDS ဝေဒနာရှင်တွေ လူ့အခွင့်အရေး ခံစားခွင့် ရှိရမယ် ဆိုတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံက ဝေဒနာရှင်တွေမှာတော့ ဒီအခွင့်အရေးတွေနဲ့ ဝေးနေရတယ်လို့ ဝေဒနာသည်တွေကို အကူအညီပေးနေတဲ့ မဖြူဖြူသင်းက ပြောပါတယ်။

“ဝေဒနာရှင်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေပေါ့၊ ဘယ်ဟာမှ မရဘူး။ သူတို့မှာ ဆေးဝါး ကုသပိုင်ခွင့်တောင်မှ မရှိကြဘူး။ တချို့တွေဆိုရင် ဆေးဝါးကုသမှု လိုချင်ကြတယ်၊ ဒါပေမဲ့ သူတို့မှာ ဘယ်ကိုသွားပြီး ဆေးယူရမှန်း မသိဘူး။ ဘယ်က ဆေးပေးမှန်းလည်း မသိဘူး။ အဲဒီလိုမျိုးနဲ့ သေဆုံးနေတဲ့သူတွေက အများကြီး ဖြစ်နေတဲ့ အခါကြတော့ မြန်မာပြည်မှာ ရှိနေတဲ့ ဝေဒနာသည်တွေ တော်တော်များများကတော့ အဲဒီအခွင့်အရေးတွေ တော်တော်လေး ဆုံးရှုံးနေတာကို တွေ့ရပါတယ်။”

မဖြူဖြူသင်းတို့လို အဖွဲ့မျိုးတွေက ဝေဒနာသည်တွေကို ကူညီစောင့်ရှောက် ပေးနေတာဟာ လူ့အဖွဲ့အစည်းက HIV/AIDS ဝေဒနာသည်တွေကို နှိမ့်ချ ခွဲခြား ဆက်ဆံတာတွေ လျော့နည်း ပပျောက်သွားရေးမှာ အရမ်းကို ထိရောက်ပြီး အရေးကြီးပါတယ်လို့ ဒေါက်တာခရစ်စ် ဘေယာက ပြောပါတယ်။

ဒါပေမဲ့လည်း ရောဂါကာကွယ်ရေး၊ ကုသရေးနဲ့ စောင့်ရှောက်ရေးတွေမှာ ရန်ပုံငွေ အရင်းအမြစ်တွေကို အများအပြား တိုးချဲ့ သုံးစွဲတာကသာ ရောဂါသည်တွေအပေါ် ကြောက်ရွံ့တာတွေ၊ နှိမ့်ချ ခွဲခြား ဆက်ဆံတာတွေကို အကောင်းဆုံး၊ အထိရောက်ဆုံး ကိုင်တွယ်ဖြေရှင်းတာ ဖြစ်ပါလိမ့်မယ်လို့ ဒေါက်တာ ခရစ်စ် ဘေယာက ပြောသွားပါတယ်။

XS
SM
MD
LG