သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၁၀ ဖျက်သိမ်းရေး လွှတ်တော်မှာဆွေးနွေး


ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး (MOI)
ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး (MOI)

နိုင်ငံရေးအတိုက်အခံတွေကို အဓိက ပစ်မှတ်ထားပြီအရေးယူခဲ့တဲ့ ‘နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောင်တဲ့ ဥပဒေ’ ကို ရုပ်သိမ်းရေးအတွက် ဥပဒေကြမ်းတရပ်ကိုဒီကနေ့လွှတ်တော်မှာ တင်သွင်းလိုက် ပါပြီ။ ဒီ ‘နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ဘေး အန္တရာယ်မှ ကာကွယ်စောင့်ရှောင့်တဲ့ဥပဒေ’ နဲ့ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသား အတော်များများကို ဒီဥပဒေနဲ့ အရေးယူခဲ့ဖူးပါတယ်။ ဒီဥပဒေကို ရုပ်သိမ်းတဲ့အပေါ် နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ကြိုဆိုကြပေ မယ့် နိုင်ငံတော်လုံခြုံရေး အတွက်သင့်လျော်တဲ့ ဥပဒေကို ပြဌာန်းဖို့လိုအပ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုစည်သူက တင်ပြထားပါတယ်။

ပုဒ်မ ၁၀ လို့ လူသိများတဲ့ ‘နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောင်တဲ့ ဥပဒေ’ ကို ရုပ်သိမ်းရေးအတွက် ဥပဒေကြမ်းတရပ်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ဒီဥပဒေနဲ့ပတ်သတ်ပြီး ကော်မတီရဲ့သုံးသပ်ချက်ကို အခုလို တင်ပြခဲ့ပါတယ်။

“နိုင်ငံတော်၏ အခြေခံမှုများသာ ပြဌာန်းချက်နှင့် ညီညွှတ်မှုမရှိခြင်း၊ နိုင်ငံသားများ၏ အခွင့်အရေးတစုံတရာ (သို့မဟုတ်) အများကို ကန့်သတ်သည့် ဥပဒေဖြစ်သဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ဆန့်ကင်နေခြင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးပေါ်ကာလ ပြဌာန်းချက်တွင် ဆောင်ရွက်ရန်လုပ်ငန်းစဉ်များ ပြဌာန်းပြီးဖြစ်သောကြောင့် ယင်း ဥပဒေကို ဆက်လက်ကျင့်သုံးရန် မလိုအပ်တော့ခြင်း။ သို့ဖြစ်ပါ၍ ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အစီရင်ခံတင်ပြအပ်ပါသည်။”

လက်ရှိ ပြည်ထောင်စုလွှတ်တော်ကနေ ရုပ်သိမ်းဖို့ ပြင်ဆင်နေတဲ့ ‘နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ’ ဟာ ၁၉၇၅ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်၃ ဖြစ်ပါတယ်။ ဒီဥပဒေဟာ ၁၈၇၅ ခုနှစ် အင်္ဂလိပ်ကိုလိုနီခေတ်က နိုင်ငံရေးသမားတွေကို ထိန်းချုပ်ဖို့ အတွက် နိုင်ငံတော် အကာအကွယ်ပေးရေး ဥပဒေ State Protection Law အဖြစ် ပြဌာန်းကျင့်သုံးခဲ့ပြီး ၁၉၇၅ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ အကာအကွယ် ပေးသည့် ဥပဒေအဖြစ် ဖြည့်စွက်ပြဌာန်းခဲ့ပါတာပါ။ ဒီဥပဒေအရ လူတယောက်ကို အန္တရာယ်ရှိတယ်လို့ သံသယရှိရင် တရားရုံးရဲ့ စီရင်ဆုံးဖြတ်မပါဘဲ ဖမ်းဆီးထိန်းချုပ်နိုင်ပါတယ်။

ဒီဥပဒေရုပ်သိမ်းရေးနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေတဦးလည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွှန့်က ခေတ်စနစ်နဲ့ မကိုက်တဲ့ အားနည်းချက်တွေရှိနေတဲ့ အတွက် ဖျက်သိမ်းသင့်ပေမယ့် နိုင်ငံတော်ကာကွယ်ရေးအတွက်တော့ ခေတ်နဲ့ညီပြီး လူ့အခွင့်အရေးစံနှုန်းနဲ့ကိုက်ညီတဲ့ ဥပဒေတ ခုတော့လိုတယ်လို့သူက ပြောပါတယ်။

“ကျနော်က ထောက်ပြတာကတော့ ရုပ်လည်းရုပ်ပြီ။ တကယ်တမ်းမှာ အခုကာလနဲ့ ကိုက်ညီပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ပြီးတော့ လူ့အခွင့်အရေးကိုလည်း မထိပါးနိုင်တဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ဥပဒေမျိုးကိုလည်း ဆက်လက်ရေးဆွဲဖို့ (သို့မဟုတ်) ကျနော်တို့ရှိတဲ့ ရာဇသတ်ကြီးဥပဒေ ၊ နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်တဲ့ ဥပဒေတွေနဲ့ပတ်သက်ရင် ထည့်သွင်းပြီးတော့ ပြင်သင့်တာပြင်ဖို့ဆိုတာ အဲဒီဟာမျိုးလုပ်သင့်တယ်လို့ ကျနော်ယူဆတယ်။ အဲဒီတော့ နိုင်ငံတော် လုံခြုံရေးကို အလေးမထားပဲနဲ့ လူ့အခွင့်အရေးတခုပဲ ကဗျာဆန်ဆန်ပြောနေတာမျိုး ၊ လူ့အခွင့်အရေးကို အလေးမထားပဲနဲ့ နိုင်ငံတော် လုံခြုံရေးတခုကိုသာ အလေးထားပြီးတော့ လူတွေပေါ်မှာ ဖိအားနဲ့ ဖိနှိပ်တဲ့ ဥပဒေပုံစံမျိုး အဲဒီ ၂ ခုလုံးကိုတော့ ရှောင်ဖို့လိုပါတယ်။”

ရုပ်သိမ်းဖို့ ပြင်ဆင်နေတဲ့ ဥပဒေရဲ့ ပုဒ်မ၁၀(က)အရ လူတယောက်ကို နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ပြုသူ ဒါမှမဟုတ် အန္တရာယ် ပြုဖို့ ကြံစည်အားထုတ်နေသူလို့ယူဆရင် ပုဒ်မ (၁၀) (က) အရ တစ်ကြိမ်လျင်ရက်ပေါင်း ၆၀ ထက်မပိုပဲ စုစုပေါင်း ရက်ပေါင်း ၁၈၀အထိ (၆လ) ဖမ်းဆီးချုပ်နှောင်ထားနိုင်ပြီး ပုဒ်မ (၁၀) (ခ) အရ နေအိမ်အကျယ်ချုပ်နဲ့ တစ်နှစ်အထိထားရှိနိုင်ပါတယ်။ ပုဒ်မ (၁၂ နဲ့ ၁၃ အရ ဝန်ကြီးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပုဒ်မ ၁၀ (က) နဲ့ ပုဒ်မ ၁၀(ခ) က ပြစ်ဒဏ်ကာလတွေကို ထပ်မံ တိုးမြှင့်နိုင်ပါတယ်၊

ဒီဥပဒေကို အင်္ဂလိပ် အစိုးရနဲ့ စစ်အစိုးရလက်ထပ်မှာ နိုင်ငံရေးသမားတွေတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ရာမှာ သုံးခဲ့တာများခဲ့တာကြောင့် နိုင်ငံရေးသမား အများစုက ဒီဥပဒေ ကိုမရှိသင့်ကြောင်းထောက်ပြမှုတွေများပါတယ်။ ဒါပေမယ့် နိုင်ငံတော်လုံခြုံရေးခေါင်းစဉ်အောက်မှာ အကြမ်း ဖက်သမားတွေရန်က ကာကွယ်ဖို့ လိုအပ်တဲ့ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ ဥပဒေတခုကတော့ရှိသင့်တယ်လို့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီဥပဒေနဲ့ပတ်သတ်ပြီး သူက

“ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ လုံးဝမရှိသင့်တဲ့ ဥပဒေတခုလို့မြင်တယ်။ တကယ်တန်းက နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်လို့ရှိရင် အမျိုးသားလုံခြုံရေးဆိုင်ရာ သီးခြားဥပဒေတရပ် ရှိသင့်တယ်လို့ ကျနော်သုံးသပ်ပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေဟာ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ၊ နောက်နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်ကန့်သတ်တဲ့ ဥပဒေမျိုးမဖြစ်ဖို့ လိုအပ်တယ်လို့ ကျနော်သုံးသပ်ပါတယ်။”

လက်ရှိမှာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ‘နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်တဲ့ ဥပဒေ’ အပြင် အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ၅(ည)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ ၅၀၅ (ခ)၊ မတရားသင်းနဲ့ ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(က)(ခ) စတာတွေကိုလည်း ပယ်ဖျက်တန်တာပျယ်ဖျက်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်သင့်ကြောင်း အကြံပြုထားကြပါတယ်။

XS
SM
MD
LG