သုံးရလွယ်ကူစေသည့် Link များ

ဆည်မြောင်း တာတမံများ ပြန်လည်ဆန်းစစ်ဖို့ ပြည်သူ့လွှတ်တော်တိုက်တွန်း


ပြည်သူ့လွှတ်တော်ကျင်းပစဉ်

နိုင်ငံတ၀န်းက ဆည် တာတမံတွေရဲ့ အကျိုးအပြစ်တွေ၊ သက်ရောက်မှုတွေကို အစိုးရဘက်က လေ့လာဆန်းစစ်ပြီး လွှတ်တော်ကို တင်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ ဒေသခံတွေရဲ့ လိုအပ်ချက်ကို ဦးစားပေးခဲ့ တာကြောင့် ဆည်မြောင်း တာတမံတွေ တည်ဆောက်မှုမှာ ပတ်ဝန်းကျင်နဲ့ လူမှုရေး ထိခိုက်နစ်နာမှုတွေကို သေသေချာချာ လေ့လာခဲ့တာမရှိခဲ့ဘူးလို့လည်း အစိုးရ တာဝန်ရှိသူက လွှတ်တော်မှာ ပြောဆိုခဲ့ပြီး ဒီရဲ့ အကျိုးဆက်တွေကို လေ့လာဆန်း စစ်ဖို့လည်း ကတိပြု ပြောကြားခဲ့ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတ၀န်းက ဆည် တာတမံတွေ၊ မြစ်ရေတင် လုပ်ငန်းတွေကြောင့်ပတ်ဝန်းကျင်နဲ့ လူမှုရေး ထိခိုက်နစ်နာမှုတွေ၊ အကျိုး သက်ရောက်မှုတွေကို အစိုးရဘက် က လေ့လာ ဆန်းစစ်ပြီး လွှတ်တော်ကို တင်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌက ပြော ဆိုလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ မေးခွန်းတွေကို လာရောက်ဖြေ ဆိုတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က အခုလို ပြောဆိုလိုက်တာ ဖြစ် ပါတယ်။

“သက်ဆိုင်ရာဝန်ကြီးဌာနကပြောသလို EIA /SIA တိုင်းတာတွက်ချက်မှု လည်းမရှိ ဘူး။ Effect ဘက်ကလည်း ဘယ်လိုဖြစ်မှန်းမသိဘူး။ နောက်တခုက ရေရှည်မှာ Sustainable ဖြစ်မဖြစ်ကလည်းမသေချာဘူးဆိုတော့ အဲဒီကိစ္စကို ဆက်လက် ပြီးတော့ စဉ်းစားဆောင်ရွက်မယ်ဆိုတာ အားလုံးစုံစမ်းလေ့လာဆုံးဖြတ်ပြီးရင် လွှတ်တော်ကို ပြန်လည်တင်ပြပေးရန် သက်ဆိုရာ ၀န်ကြီးဌာနကို ပြောကြား အပ် ပါတယ်။”

နိုင်ငံတ၀န်းမှာ တည်ဆောက်ထားတဲ့ ဆည်မြောင်းတွေ တည်ဆောက်ခဲ့တာမှာ ပတ်ဝန်းကျင်နဲ့ လူမှုရေး ထိခိုက်နစ်နာမှုတွေ ကို ဆန်းစစ်လေ့လာမှု မရှိခဲ့တဲ့ အကြောင်း နဲ့ နိုင်ငံအတွက် ထိထိရောက်ရောက် အကျိုးရှိစေသလား၊ ဆုံးရှုံးမှုတွေ ရှိနေသလားဆိုတာကို ပြန်ပြီး လေ့လာဆန်းစစ်ပါမယ်လို့ ဒုတိယ ၀န်ကြီး ဒေါက်တာ ထွန်းဝင်းက ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့ တိုင်းပြည်တနိုင်ငံလုံးမှာ ဆည်ပေါင်း ၅၀၀ ကျော်ရှိပါတယ်။ အဲဒီ ၅၀၀ ကျော်ဟာလည်း ပြီးခဲ့တဲ့ ခေတ်ကာလအရ ၁ လ ကို ၁ ဆည် မဖြစ်မနေေ ဆာက် ရမယ်ဆိုတော့ ဆည်ဆောက်ပြီးတော့ မြောင်းမရှိတဲ့ ဟာမျိုးတွေ နောက် လွှတ်တော်ကိုယ်စားလှယ်ကြီးပြောတဲ့ ဟာထက်ဆိုးတဲ့ ဆည်ရှိပြီးတော့ မြောင်း မရှိတဲ့ဟာတွေလည်း ဒုနဲ့ဒေးနဲ့ ဒီဟာမျိုးတွေ ဒီထက်ဆိုးတာတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ဆည်ဆောင်သော်လည်း ဆည်ဆောက်ခြင်းသည် ကျနော်တို့က များသော အားဖြင့် EIA /SIA ထက် ကိုယ်အကျိုးစီးပွားကို ရှေးရှု့ပြီးဆောက်ခဲ့တဲ့ ဆည်များ လည်း ရှိပါတယ်။ နောက်တောတွေတောင်တွေကို မက်လုံးထားပြီးတော့ တော်ေ တွတောင်တွေကို မြင်ပြီးတော့ ဆည်ဆောက်ခဲ့တာလည်း ကျနော်တို့မှာ အတွေ့ အကြုံအများကြီးရှိပါတယ်။”

နိုင်ငံတ၀န်းက မြစ်ရေတင် စီမံကိန်း ၃၀၀ ထဲက ၁၇၀ ကျော်ကိုလည်း နိုင်ငံအတွက် အကျိုးမရှိတာကြောင့် ရပ်ဆိုင်းလိုက်ပြီ ဆိုပြီလည်း ဒုတိယ ၀န်ကြီး ဒေါက်တာ ထွန်းဝင်းက လွှတ်တော်မှာ ဖြေကြားသွားပါတယ်။သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲ မှုတွေ အတွက် ဆည်မြောင်းတွေ တည်ဆောက်ဖို့ တကယ်တန်း လိုအပ်ပေမယ့် ဆည်မြောင်းတွေ တည်ဆောက်တာမှာ စနစ်တကျ ဖြစ်ဖို့လိုအပ်တယ်လို့လည်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတဦး ဖြစ်တဲ့ ဦးဝင်းမျိုးသူက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံတ၀န်း ရေကြီးခဲ့တဲ့ အတွေ့အကြုံတွေအရ ဆိုရင်လည်း ဆည်တွေ တာတမံတွေ စနစ်တကျ မဖြစ်တာကြောင့် ရေကြီးမှုကို ပိုပြီးခံစားခဲ့ရ တာတွေ တွေ့ရတယ်လို့လည်း ဦးဝင်းမျိုးသူက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်က ကျနော်တို့ဒါကြည့်မယ်ဆိုရင်တော့ ဥပမာ ကြီးအုံကြီးဝ ဆည်တို့၊ ကျနော်တို့ မုန်းချောင်းဆည်တို့ စေတုတ္တရာ ဘက်မှာရှိတဲ့ဆည်တွေဆိုရင် ဆည် စီမံခန့်ခွဲမှုမှာ လိုအပ်ချက်တွေရှိတဲ့အတွက် ဒါရေကြီးတဲ့နေရာမှာ ဒေသခံတွေ ပိုပြီးတော့ ထိခိုက်ခံစားရတယ်ဆိုတဲ့ ပြဿနာတွေရှိပါတယ်။ ကျနော်တို့က ဆည်တခု ထဲ တင်တွက်လို့မရဘူး ကျနော်တို့ စောနကပြောသလို တာပတ်တဲ့လုပ်ငန်းတွေ ၊ ရေတွေမ၀င်အောင်တားဆီးတဲ့လုပ်ငန်းတွေဟာလည်း ရေကြီးတဲ့အပေါ်မှာအများကြီး ဆည်မြောင်းလုပ်ငန်းပဲဆိုပါတော့ဗျာ အဓိက ကျနော်တို့ တာ ပတ်တဲ့ လုပ်ငန်းတွေဟာလည်း ဆည်မြောင်းဦးစီးဌာနက လုပ်တာပါ။ အဲဒီတော့ တချို့နေရာတွေမှာစနစ်တကျဆောင်ရွက်မှုအားနည်းတာနှင့်အမျှ ကျနော်တို့ ဒီလိုပတ်လိုက်တဲ့ တာတွေက ရေကိုပိုပြီးတော့ ကြီးစေတဲ့ အချက်အလက်တွေပိုပြီးတော့ဖြစ်သွားတာမျိုးတို့လည်း ရှိသွားတာပေါ့ဗျာ။”

နိုင်ငံတကာ အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ ဆည်မြောင်းတွေမှာတော့ EIA/ SIA လို့ ခေါ်တဲ့ ပတ်ဝန်းကျင်နဲ့ လူမှုရေး ထိခိုက်နစ်နာမှုတွေကို တိုင်းတာခဲ့တာ ရှိ ပေမယ့်၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း တည်ဆောက်ခဲ့တဲ့ ဆည်တွေကတော့ စနစ်တကျ မရှိသလို အဂတိလိုက်စားမှုတွေလည်း ရှိတယ်လို့ ၂၀၀၅ - ၂၀၀၆ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ကောက်ခံခဲ့တဲ့ မှတ်တမ်းမှတ်ရာ အချက်အလက်တွေကို ကိုးကားပြီး ဦးဝင်းမျိုးသူက ထောက်ပြပါတယ်။ နှစ်စဉ် ရေဘေးကြောင့် လမ်းတံတာတို့လို အခြေခံ အဆောက်အဦတွေ၊ ပြည်သူတွေရဲ့ အိုးအိမ်တွေ ၊ စိုက်ပျိုးမြေတွေ ပျက်ဆီးနေရပြီး နိုင်ငံဖွံ့ဖြိုးရေးကို ထိခိုက်ရတာကြောင့် ဆည်မြောင်း တာတမံတွေကို အခိုင်အမာ ဖြစ်စေဖို့ လွှတ်တော် အမတ်တွေကလည်း တိုက်တွန်းတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG