သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံရုပ်ရှင်ပွဲတော် ရန်ကုန်မှာဆင်နွဲ


၂၀၁၄ ခုနှစ်အတွက် အာဆီယံ ရုပ်ရှင်ပွဲတော်ကို အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ တာဝန်ယူချိန်အတွင်းမှာပဲ ရန်ကုန်မှာ ပထမဆုံးအကြိမ် တာဝန်ယူကျင်းပနေပြီဖြစ်ပါတယ်။ အာဆီယံဒေသတွင်းက နိုင်ငံတွေရဲ့သရုပ်ဆောင် အနုပညာ၊ ရုပ်ရှင်တင်ဆက်မှုတွေကို လေ့လာခွင့် ရမှာဖြစ်သလို အခုလို မြန်မာနိုင်ငံက တာဝန်ယူကျင်းပခွင့်ရတဲ့အပေါ် မြန်မာရုပ်ရှင်လောကသားတွေက ဂုဏ်ယူ ကြိုဆိုလိုက်ပါတယ်။ ဒီကနေ့ မတ်လ ၁၇ရက်နေ့ တနင်္လာနေ့မှာ စတင်ပြသနေပြီဖြစ်တဲ့ ပြည်သူအများ အခမဲ့ကြည့်ရှုနိုင်တဲ့ အာဆီယံရုပ်ရှင်ပွဲတော်အကြောင်း အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အာဆီယံဒေသတွင်း ဆယ်နိုင်ငံက ရုပ်ရှင်ကားတွေ စုစည်းပြသတဲ့ အာဆီယံရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် အလှည့်ကျ တာဝန်ယူထားချိန်မှာပဲ အာဆီယံ ရုပ်ရှင်ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းနဲ့ အာဆီယံရုပ်ရှင်အဖွဲ့တွေ ဦးဆောင်စီစဉ်တာဖြစ်ပါတယ်။

အာဆီယံဒေသတွင်းက ရုပ်ရှင်ကားတွေ ပူးပေါင်းပါဝင်ပြသကြမယ့် အာဆီယံရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံမှာ မတ်လ (၁၇) ရက်နေ့ကနေ မတ်လ (၂၁) ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ အရင်တုန်းက မြန်မာက တခြားအာဆီယံနိုင်ငံတွေမှာပဲ လိုက်လံပြသဖူးခဲ့ပေမယ့် အခုလိုမျိုး မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရတဲ့အပေါ် ဂုဏ်ယူကျေနပ်မိတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဗွီအိုအေ-မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်အနေနဲ့ အခုလို အာဆီယံရုပ်ရှင်ပွဲတော် ကျင်းပခွင့်ရတာ ကျနော်တို့ ရုပ်ရှင်လောကအတွက် ဂုဏ်ယူစရာ ပွဲတစ်ခုပါ။ ကိုယ့်တိုင်းပြည်မှာ ကျင်းပမယ့်အလှည့် ဘယ်တော့များမှ ရောက်မလဲဆိုပြီး ကျနော်တို့ အိပ်မက် မက်ခဲ့ရတာတစ်ခုပေါ့။ ကျနော်တို့ကတော့ မြန်မာကား နှစ်ကား၊ သုံးကား ပြသခွင့်ရတယ်ဆိုတာထက် တခြားနိုင်ငံကကားတွေပါ ဖိတ်ခေါ်ပြသခွင့်ရပြီးတော့ အာဆီယံအသိုင်းအဝိုင်းအနေနဲ့ အာဆီယံအသိုင်းအဝိုင်းထဲမှာ ဒီလို အာဆီယံရုပ်ရှင်ပွဲတော်ကို ကျနော်တို့က host ပေါ့-လက်ခံပြီး ကျင်းပနိုင်တာ ကျနော်တို့အတွက် ဂုဏ်ယူစရာတစ်ခုပါပြ၊”

ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ကားတွေပါ အပါအဝင်ဖြစ်တဲ့ “ကယန်းအလှ၊ ကြိုးတန်း၊ ပန်းကြာဝတ်မှုန်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားသုံးကားကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းက ရွေးချယ်ပြသမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူနေမှုစရိုက်၊ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ကျူးထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက အာဆီယံရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ဇာတ်ကားတွေနဲ့ပတ်သက်လို့ အခုလိုရှင်းပြပါတယ်။

“ဒီဇာတ်ကားတွေကို ရွေးချယ်တာတော့ ပညာရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းကနေ ရွေးချယ်တာပါ။ ရွေးချယ်တဲ့နေရာမှာလည်း ရသစုံအောင် ရွေးချယ်ထားတဲ့သဘောပေါ့နော်။ ကယန်းအလှဆိုလို့ရှိရင်လည်း ကျနော်တို့ဆီမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဓလေ့လေးပါဝင်တယ်။ ပန်းကြာဝတ်မှုန်ဆိုလို့ရှိရင်လည်း ကျနော်တို့ နိုင်ငံရဲ့ အထင်ကရ မန္တလေးတက္ကသိုလ်ကြီးနဲ့ မြန်မာပြည်အလယ်ပိုင်းက ရှုခင်း၊ ရှုကွက်တွေပေါ်လွင်တဲ့ကား၊ ကြိုးတန်းဆိုလို့ရှိရင်လည်း သဲသောင်ပြင်လေးမှာရှိတဲ့ မိသားစုနှစ်စုရဲ့ စိတ်နေစိတ်ထားတွေကို ပြသထားတဲ့ကားပေါ့၊ အဲလိုမျိုးလေး ရွေးချယ်ထားတယ်လို့သိရပါတယ်။”

အခုလိုမြန်မာနိုင်ငံရုပ်ရှင်ပွဲတော်ကျင်းပခွင့်ရတဲ့အပေါ် အာဆီယံရုပ်ရှင်တွေရဲ့ ပြသတင်ဆက်ပုံ၊ အနုပညာရှင်တွေရဲ့ သရုပ်ဆောင်မှု၊ ရိုက်ကူးတည်းဖြတ်ခြင်းနည်းပညာတွေကို လေ့လာနိုင်မှာဖြစ်တဲ့အပြင် ရုပ်ရှင်ပွဲတော်ကျင်းပခြင်းဆိုတဲ့ နိုင်ငံတကာအတွေ့အကြုံကိုလည်း ရရှိနိုင်မှာဖြစ်တယ်လို့ နိုင်ငံကျော် ရုပ်ရှင် ဟာသသရုပ်ဆောင်လည်းဖြစ်တဲ့ ထင်ရှားတဲ့ လူရွှင်တော်တစ်ဦးလည်းဖြစ်တဲ့ ဦးအရိုင်းကလည်း သူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်။

“အတွေ့အကြုံရတာပေါ့-နော်၊ ကျနော်တို့မသိရသေးတဲ့ အချက်အလက်ကလေးတွေ အတော်များများ သိရမှာပေါ့ဗျာ။ ကောင်းတာပေါ့ဗျာ။ ကျနော်တို့ အာဆီယံရဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း သိရမယ်၊ ရုပ်ရှင်ပွဲတော် ကျင်းပပုံကျင်းပနည်းတွေ၊ နောက်တော့ ရုပ်ရှင်ပွဲတော် ကျင်းပတဲ့အချိန်မှာ ဘယ်လိုအကြောင်းအရာတွေကို တင်ပြကြမလဲ၊ ဘယ်လိုဟာမျိုးတွေ ဆွေးနွေးကြမလဲ၊ ဘယ်လို ရုပ်ရှင်ကားတွေ တင်လာမလဲဆိုတာတွေ ကျနော်တို့ ဒါ…ဘာပဲပြောပြော အာဆီယံအသိုင်းအဝိုင်းနဲ့ ကျနော်တို့ လုပ်ဆောင်ဖို့အတွက် အချက်အလက်တွေ ရတာပေါ့ဗျာ။ ကျနော်တို့အတွက် တခါမှ အတွေ့အကြုံမရှိတဲ့အခါကျတော့ ကျနော်တို့အတွက် အတွေ့အကြုံအသစ် ရတာပေါ့။”

ရန်ကုန်မြို့ နေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံမှာ မတ်လ ၁၇ ရက်နေ့ကစတင်ကျင်းပနေပြီဖြစ်တဲ့ အာဆီယံရုပ်ရှင်ပွဲတော်အတွင်း အများပြည်သူ ကြည့်ရှုနိုင်အောင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းက စီစဉ်ပေးထားပါတယ်။ ရက်အလိုက် အလှည့်ကျပြသမယ့် အာဆီယံရုပ်ရှင်ဇာတ်ကားနာမည်စာရင်းတွေနဲ့ ဝင်ခွင့်လက်မှတ်တွေကို ကြည့်ရှုလိုသူ မည်သူမဆို အခမဲ့ထုတ်ယူနိုင်တယ်လို့သိရပါတယ်။
XS
SM
MD
LG