သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအိမ်အကူနှိပ်စက်မှု စင်္ကာပူအိမ်ရှင်လင်မယားကို တရားရုံး ထောင်ဒဏ်စီရင်


အိမ်အကူ မဖြူဖြူမာကို ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့တဲ့ စင်္ကာပူနိုင်ငံသား Linda Seah Lei Sie (ဝဲ) နှင့် ခင်ပွန်း Li Toon Leng (Jan 18, 2019. Photo ST)
အိမ်အကူ မဖြူဖြူမာကို ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့တဲ့ စင်္ကာပူနိုင်ငံသား Linda Seah Lei Sie (ဝဲ) နှင့် ခင်ပွန်း Li Toon Leng (Jan 18, 2019. Photo ST)

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီကနေ အောက်တိုဘာလအတွင်း စင်္ကာပူမှာ မြန်မာနိုင်ငံက အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ခဲ့တဲ့ မဖြူဖြူမာကို နှိပ်စက်ညှင်းပမ်းမှုနဲ့ စင်္ကာပူ တရားရုံးက ဖေဖေါ်ဝါရီလ ၁၁ ရက် တနင်္လာနေ့က ပြစ်ဒဏ်စီရင်ချက် ချလိုက်ပါတယ်။

အိမ်အကူ မဖြူဖြူမာကို ရေနွေးပူနဲ့ ကိုယ့်ကိုကိုယ် လောင်းခိုင်းမှုအပါအဝင် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ၅ မှု အပြင် ဓါတုဆေးရည်နဲ့ ကြမ်းတိုက်ထားတဲ့အရည်တွေကို အတင်းသောက်ခိုင်းမှုတို့နဲ့ အသက် ၃၉ နှစ်အရွယ် Linda Seah မှာ အပြစ်ရှိတယ်လို့ တရားရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ခင်ပွန်း အသက် ၄၄ နှစ်အရွယ် Lim Toon Leng ကိုလည်း ကိုယ်ထိလက်ရောက်ကျူးလွန်မှု ၁ မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပါတယ်။

အသက် ၃၉ နှစ်အရွယ် အိမ်ရှင်မ Linda Seah ကို ခရိုင်တရားသူကြီး Oliver Low က ၁၅ ရက်ကြာ အမှုစစ်ဆေးပြီး တနင်္လာနေ့က ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ ဒါ့အပြင် အလှပြင်ဆိုင် ပိုင်ရှင်လည်း ဖြစ်တဲ့ အိမ်ရှင်မဟာ အိမ်အကူ မဖြူဖြူမာကို နစ်နာကြေး စင်္ကာပူ ဒေါ်လာ ၁၁ ၈၀၀ ပေးဖို့လည်း တရားရုံးက အမိန့်ချခဲ့ပါတယ်။ ဒီနစ်နာကြေး မပေးနိုင်ရင် Seah ဟာ ထောင်ဒဏ် သီတင်း ၆ ပတ် ကျခံရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ခင်ပွန်း ဖြစ်သူ Lim Toon Leng ကိုတော့ မဖြူဖြူမာကို ကိုယ်ထိ လက်ရောက် စော်ကားမှုနဲ့ သီတင်း ၆ ပတ် ထောင်ဒဏ်ချမှတ်လိုက်ပြီး နစ်နာကြေး စင်္ကာပူဒေါ်လာ ၅၀၀ ပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။

သူတို့ ၂ ဦးကတော့ ပြစ်ဒဏ်ကို အယူခံ ဝင်မယ်လို့ ပြောခဲ့ပါတယ်။ မဖြူဖြူမာဟာ သူအလုပ်လုပ်ခဲ့တဲ့ ကာလတလျှောက်လုံး သူ့ရဲ့ လုပ်ခလစာ ဖြစ်တဲ့ တလ စင်္ကာပူ ဒေါ်လာ ၇၀၀ ကို အပြည့်မရခဲ့တဲ့အတွက် စင်္ကာပူ ပြည်သူ့အင်အား ဦးစီး ဌာနက ကြားဝင် ညှိနှိုင်းပေးခဲ့ ရပါတယ်။

သူတို့ရဲ့နေအိမ်မှာ ကျူးလွန်ခဲ့မှုတွေကို တရားရုံးမှာ စစ်ဆေးကြားနာခဲ့ စဉ်က အလုပ်ရှင် Seah က သူ့ကို ရေနွေးပူနဲ့ ကိုယ့်ကိုကိုယ် လောင်းချဖို့ ၂ ကြိမ်ခိုင်းခဲ့တယ်လို့ မဖြူဖြူမာက ထွက်ဆိုခဲ့ပါတယ်။ အနာကို ဆေးခန်းပြပေးရမယ့်အစား အပ်ချွန်နဲ့လည်း ကိုယ့်ကိုကိုယ် ထိုးခိုင်းခဲ့တယ်လို့ ပြောပါတယ်။ ဒါတင်မက ကြမ်းတိုက်ထားတဲ့ရေကို အတင်းသောက်ခိုင်းတာ၊ ခေါင်းကိုကြမ်းပြင်နဲ့ ဆောင့်တာ၊ ဆံပင်တွေ အများကြီး ကျွတ်သွားတဲ့အထိ ဆံပင်ဆောင့်ဆွဲတာ၊ Mobile လက်ကိုင်ဖုန်းနဲ့ အကြိမ်ကြိမ် ရိုက်တာတွေကိုလည်း Linda Seah က ကျူးလွန်ခဲ့ပါတယ်။ သူ့ရဲ့ယောင်္ကျားကလည်း မဖြူဖြူမာကို လက်သီးနဲ့ ၂ ကြိမ် ထိုးခဲ့ပါတယ်။

Orchard Road လမ်းမကြီးပေါ်က Anew Me Beauty Aesthetic အလှပြင် ဆိုင်မှာ မန်နေဂျာလုပ်တဲ့ Linda Seah က မဖြူဖြူမာကို သူ့အလုပ်ကိုခေါ်သွားရာက အလုပ်သမားတယောက်က တွေ့ပြီး အခြေအနေကို ရဲကိုအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့မှာ သူတို့နေအိမ်ကို ရဲကဝင်ရှာပြီး မဖြူဖြူမာကိုလည်း Khoo Teck Puat ဆေးရုံပို့ခဲ့တာ ဖြစ်ပြီး မဖြူဖြူမာဟာ ဆေးရုံမှာ ၆ ရက် တက်ရောက် အကုသခံခဲ့ ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG