သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်ပေါ်ပြန့်နေတဲ့ကိစ္စ လူ့အခွင့်အရေးကော်မရှင် သတင်းစာရှင်းလင်း


ရန်ကုန်မြို့က အပ်ချုပ်ဆိုင်တခုမှာ ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ မိန်းကလေးငယ် ၂ ယောက်အတွက် လိုက်ပါအကျိုးဆောင်ရာမှာ နည်းမှန် လမ်းမှန် ဆောင်ရွက် တာမျိုး မရှိခဲ့ဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပယ်ချလိုက်ပါတယ်။ မိန်းကလေးငယ်တွေအတွက် နစ်နာကြေးယူ ကျေအေးဖို့ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ လုပ်ရပ်အပေါ် ကော်မရှင်က ကာကွယ်ပြောဆို နေပေမဲ့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်အဖြစ် ထောက်ပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့က လူ့အခွင့်အရေး ကော်မရှင်ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မေခက ပြောပြပေးမှာဖြစ်ပါတယ်။

အိမ်အကူ အလုပ်လုပ်ခဲ့ကြတဲ့ မိန်းကလေးငယ် ၂ ယောက်ကို လုပ်ခလစာမပေးတဲ့အပြင် ညှင်းပမ်းနှိပ်စက်မှုတွေပါ ရှိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် တချို့က လျော်ကြေးပေး ကျေအေးဖို့ ကမ်းလှမ်းရာမှာ ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ ကော်မရှင်က သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြီး ဖြေရှင်းခဲ့တာပါ။

လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်သန်းနဲ့ွ ကတော့ ကော်မရှင်က အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်အဖြစ်နဲ့ ကာကွယ်ပြောဆို သွားပါတယ်။

“အဲဒီနစ်နာသွားတယ်ဘာတို့တွေက ဘာမှလုပ်လို့မရဘူး၊ သူဘာရသလဲ ဟုတ်လား။ လျော်ကြေးဆိုတာက ၂ ယောက်ညှိတာမျိုးနဲ့ပဲ လုပ်ကြတာပေါ့နော်။ ကျမ ပြောတာက တရားရေးလမ်းကြောင်းကို ပိတ်ထားတာမဟုတ်ဘူး ၊ တဘက်က social Justice နဲ့ အကူအညီပေးပြီးတော့ Accepting Amount ပေါ့နော် ဒါမျိုးနဲ့။ သို့သော် ဒီဟာကတော့ တရားရေးလမ်းကြောင်းသွားတာက သွားတာပဲ၊ ခုနက လျော်ကြေးပေးတယ်ဆိုတာတွေကတော့ နည်းတယ်များတယ်တိုင်းတာပြီးတော့ ကျမတို့ အသေးစိတ်မသိဘူးပေါ့နော်။ သို့သော်လည်းပဲ တဘက်က နစ်နာမှုရှိတယ်၊ ဆုံးရှုံးမှုရှိတယ်။ ဒါကိုကူစားတဲ့ တရပ်အနေနဲ့ redress လို့ခေါ်တဲ့ နစ်နာဆုံးရှုံးမှုတရပ်ကို Remedy လို့ခေါ်တဲ့ ကုစားမှုတခုကို လူမှုရေးရှုှု့ထောင့်၊ Human Rights ရှု့ထောင့်ကနေ လုပ်ပေးလိုက်ပါတယ်လို့ ကျမပြောချင်ပါတယ်။”

မိန်းကလေးငယ် ၂ ဦးကို လက်တွေ၊ လက်ချောင်းတွေကိုရိုက်ချိုး၊ မီးရှို့၊ ရိုက်နှက်တာလို ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့ကြတယ်လို့ဆိုတဲ့ အပ်ချုပ်ဆိုင် မိသားစုဝင် တချို့က လျော်ကြေးပေး ကျေအေးခဲ့တဲ့ သတင်းဟာ ဒီသီတင်းပတ်ထဲမှာပဲ အင်တာနက် လူမှုကွန်ယက်တွေမှာ အကြီးအကျယ် ပြန့်နှံ့ခဲ့ပြီး နောက်မှာပဲ အာဏာပိုင်တွေက အရေးယူဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ သံသယရှိသူတွေကို ဖမ်းဆီးထားပြီး၊ အရေးယူဖို့ ပြင်ဆင်နေပြီလို့လည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။ မိန်းကလေးငယ် ၂ ဦးဟာ ၂၀၁၁ ခုနှစ်ကစတင် အလုပ်ဝင်ရောက်ခဲ့ပြီး အလုပ်စတင် ဝင်ရောက်စဉ်က အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်အရွယ်ဖြစ်တာမို့ အခုလို လူကုန်ကူးမှုဥပဒေတွေနဲ့ တရားစွဲတာဖြစ်ပါတယ်။ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း ကတော့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ကြားဝင်ညှိနှိုင်းပေးခဲ့တာသာဖြစ်ပြီး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်းသာ ဆောင်ရွက်ခဲ့တာလို့လည်း ပြောဆိုခဲ့ပါတယ်။

“တရားရုံးကိုလည်းမရောက်သေးဘူး၊ အဲဒီဖိုင်ကလည်း မဖွင့်သေးဘူး ဒါကြောင့်သူတို့အဲဒီလိုမျိုးပြောသွားတယ်။ ကျနော်တို့ကလည်း လူသားချင်းစာနာထောက်ထားမှု ၊ နောက်တခါ လူ့အခွင့်အရေး ကော်မရှင်ဖြစ်တဲ့အတွက် ကျနော်တို့လုပ်ငန်းကို ကျနော်တို့လုပ်ပေးလိုက်တာပေါ့။ သူတို့ဆွေးနွေးတဲ့အတိုင်း ညှိနှိုင်းပြီးတော့ သဘောတူညီချက်တွေအတိုင်းသူတို့လုပ်သွားတယ်။ ကျနော်တို့ကတော့ ဒီကနေ သက်သေအနေနဲ့ဒါကို ဆောင်ရွက်ပေးလိုက်တာပေါ့။ လျော်ကြေးနဲ့တင်ဖြေရှင်းလို့ရသလား ဆိုတဲ့ကိစ္စကတော့ အင်မတန်ကျယ်ပြန့်တယ်ခင်ဗျ။ ကျနော်တို့ရဲ့ ဒီကနေပြီးတော့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျနော်တို့ကဒါလုပ်ပေးလိုက်တာပဲ။ လုပ်ပေးလိုက်လို့ သူ့ဟာသူကျေနပ်သွားတာရှိသလို၊ ပြေလည်သွားတာရှိသလို၊ မပြေလည်သွားတာလည်းရှိတာပဲ။ မပြေလည်တဲ့အချိန်ကျတော့ ခင်ဗျားတို့ တရားရုံးသွားပြီးတော့ ဖြေရှင်းတော့ဆိုပြီး ပြောလိုက်တာပဲ။”

လူ့အခွင့်အရေးကော်မရှင် ၏ ဆုံးဖြတ်ချက်ညှိုနှိုင်းချက်အရ နစ်နာကြေး အဖြစ် လက်ချောင်း ဆယ်ချောင်း စလုံးနှင့် လက်မောင်းတစ်ဖက်ကျိုး၊ အရေပြားများ မီးရှို့ခံထား ရသည့် အသက် (၁၆) နှစ်အရွယ် မိန်းကလေးအတွက် ငါးနှစ်စာ လုပ်ခ အပါအဝင် ငွေ ကျပ်သိန်း လေးဆယ်၊ ကတ်ကြေးဖြင့် အ ထိုးခံရပြီး နှာခေါင်းတွင် ဓားဖြင့် အခုတ်ခံရသည်ဟုဆိုသည့် (၁၇) နှစ် အရွယ် မိန်းကလေးအတွက် ငါးနှစ်စာ လုပ်ခအပါအဝင် ငွေ ကျပ် ၁၀ သိန်းကို အိမ်ရှင်များက ပေးခဲ့ကာ နှစ်ဖက်ကြေအေးခဲ့တာပါ။ ဒီပမာဏနဲ့ ညှိုနှိုင်းကြေအေးခွင့်ပေးတဲ့ ကော်မရှင်လုပ်ရပ်ဟာ အတော်လေးကို လူမဆန်စွာဖြေရှင်းခဲ့တယ်လို့ ဝေဖန်မှုတွေထွက်ပေါ်နေတာပါ။

ဒါပေမယ့်လည်း လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကတော့ ကော်မရှင် အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ မြင်ပါတယ်။

“ကော်မရှင်အနေနဲ့ ဥပဒေအရ လုပ်ပိုင်ခွင့်မရှိသည့်တိုင်အောင် လူ့အခွင့်အရေးအကြောင်းနားလည်တဲ့သူတယောက်အနေနဲ့ ဒါမျိုးဖြစ်နေတဲ့ကိစ္စက ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျေအေးမှုအပြင် ပိုမိုထိုက်တန်သော ပုံစံမျိုးမဖော်ဆောင်နိုင်တဲ့ အရာလေးတော့ ကျနော်စိတ်မကောင်းပါဘူး။ လူသားမဆန်သော ပုံစံနဲ့ ဆက်ဆံသောလူတယောက်ကို လူသားချင်း စာနာတဲ့ပုံစံမျိုးနဲ့ ကြည့်မယ့်အစား အမှန် တကယ်ထိခိုက်နစ်နာတဲ့လူတွေကို ပိုမိုပြီးတော့ ကာကွယ်ပေးချင်တဲ့ လူသားချင်းစာနာမှုစိတ်ဓါတ် ပိုရှိရင်ပိုမကောင်းဘူးလား ဆိုတဲ့မေးခွန်းလေးထွက်လာပါတယ်ခင်ဗျ။”

လူ့အခွင့်အရေး ကော်မရှင်ရုံးခန်းမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းထောက်တွေအပြင်၊ တက်ကြွလှုပ်ရှားသူ တချို့ပါ တက်ရောက်ခဲ့ကြပြီး၊ မကျေမနပ် ဝေဖန်ပြောဆိုတာတွေ ရှိခဲ့သလို၊ ကော်မရှင်ရဲ့ လုပ်ရပ်ကို သရော်လှောင်ပြောင်တဲ့ အနေနဲ့ ရုံးခန်းပြင်ပမှာ ကာတွန်းပိုစတာတွေ ချိတ်ဆွဲတာတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG