သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရအပေါ် ကော်မရှင်ဖွဲ့ စစ်ဆေးရေး ဆက်လက်ဖိအားပေးနေ


မြန်မာအစိုးရအပေါ် ကော်မရှင်ဖွဲ့ စစ်ဆေးရေး ဆက်လက်ဖိအားပေးနေ
မြန်မာအစိုးရအပေါ် ကော်မရှင်ဖွဲ့ စစ်ဆေးရေး ဆက်လက်ဖိအားပေးနေ

မြန်မာနိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အဆိုပြုချက်ကို EU ဥရောပသမဂ္ဂ အနေနဲ့ လူသိရှင်ကြား ထောက်ခံဖို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို အကောင်အထည်ဖော်တဲ့ နေရာမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ၊ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်မရောက် စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက အဆိုပြုချက်ကို စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်ခင် EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ တရားဝင် လူသိရှင်ကြား ထောက်ခံသင့်တဲ့အကြောင်း HRW လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီးက သြဂုတ်လ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့ ရက်စွဲနဲ့ တောင်းဆိုလိုက်တာပါ။

ဖေးလ် ရောဘာ့တ်ဆန် (Phil Robertson) ဟာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ အာရှ၊ ပစိဖိတ် ဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပိုဆိုးလာနေတဲ့အကြောင်း အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း အခြေအနေတွေက လက်မခံနိုင်စရာ အခြေအနေကို ရောက်လာနေပါပြီ။ ကုလသမဂ္ဂမှာလည်း ချိုးဖောက်မှုတွေ အကြောင်း နှစ်စဉ် အစီရင်ခံလာတာ နှစ်ပေါင်း ၂၀ လောက် ရှိလာနေပြီ။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေက အကြိမ်ကြိမ် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဖြစ်သလို မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံ ရှိတယ်ဆိုတာကို ထောက်ပြထားတဲ့ အစီရင်ခံစာကို ၁၉၉၇ ခုနှစ်တုန်းက ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကလည်း အစီရင်ခံစာ တင်သွင်းပြီး ဖြစ်ပါတယ်။

“ဆိုတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ဘယ်တော့မှ သက်သေ အထောက်အထားတွေ လုံလောက်တယ်လို့ သတ်မှတ်မှာလဲ၊ ကျနော်တို့ကတော့ အခု အလုံအလောက် ရှိနေပြီလို့ သတ်မှတ်တယ်။ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပါတယ်ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီး အနေနဲ့ သူ့ရဲ့ ရပ်တည်ချက်အတိုင်း အခွင့်အရေးတွေ ကာကွယ်ပေးပါတယ်ဆိုတာ လက်တွေ့ပြသဖို့ အချိန်ရောက်ပါပြီ။”

ဒါကြောင့်လည်း မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို EU အဖွဲ့ဝင် တနိုင်ငံချင်းစီက ထောက်ခံကြဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“EU အနေနဲ့ အဲဒီတောင်းဆိုချက်ကို ထောက်ခံပေးဖို့ ကျနော်တို့ ဒီကနေ့ တောင်းဆိုတာပါ။ မြန်မာနိုင်ငံအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့အတွက် ဥရောပ ကော်မရှင်ကတော့ ဆုံးဖြတ်ချက် ချပြီးပါပြီ။ အခုတော့ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ နောက်တဆင့်တက်ပြီး လူသိရှင်ကြား တရားဝင်ထောက်ခံဖို့ ကျနော်တို့က တောင်းဆိုလိုက်တာပါ။”

ဒါပေမဲ့ အခုလို ကော်မရှင်ဖွဲ့ စုံစမ်းဖို့ ကိစ္စဟာ လုပ်ထုံးလုပ်နည်းအရ မှန်ကန်ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပေမဲ့ အခက်အခဲတွေ အများကြီး ရှိနိုင်တယ်လို့ ဥရောပ၊ မြန်မာရုံးက ညွှန်ကြားရေးမှူး ဦးဟန်ညောင်ရွှေက ပြောပါတယ်။

“ကျနော်ပြောရမယ်ဆိုရင် HRW လုပ်တဲ့ကိစ္စနဲ့ UN ကော်မရှင် ကိစ္စကတော့ မူအရ ပြောရရင် လုပ်သင့်တယ်။ ဘာကြောင့်လဲဆိုရင် နအဖက လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ် ဆိုတော့ ဒီဟာ လုပ်သင့်တယ်။ ဒါပေမဲ့ ဘယ်လို အကောင်အထည် ဖော်မလဲ၊ ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတဲ့ နေရာမှာတော့ အခက်အခဲ ရှိပါတယ်။ အဲဒါက ဒီလိုမျိုး ကော်မရှင်ဖွဲ့မယ်၊ ဒီလိုမျိုး သူတို့လုပ်ငန်း ကိုင်မယ်ဆိုရင် အချိန်ကြာတယ်။ ချက်ချင်း ဖြစ်လာမှာ မဟုတ်ဘူး။ ချက်ချင်း အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူး။”

ဥရောပ၊ မြန်မာရုံးက ညွှန်ကြားရေးမှူး ဦးဟန်ညောင်ရွှေ ပြောသွားတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို ထောက်ခံတဲ့ အနေနဲ့ ဥရောပညီလာခံက ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ကုလသမဂ္ဂကို တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက် ချခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို EU တဖွဲ့လုံးက ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်တာတင် မကဘဲ အဖွဲ့ဝင် တနိုင်ငံချင်းစီအပြင် အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေကလည်း တနိုင်ငံချင်းစီ အတိုင်းအတာနဲ့ အခုလာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဆုံးဖြတ်ချက်ချ အကောင်အထည် ဖော်လာအောင် တိုက်တွန်း ကြိုးပမ်းကြဖို့ HRW လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီးက တောင်းဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG