မြန်မာနိုင်ငံတွင်း စစ်ရာဇ၀တ်မှုတွေ ရှိမရှိ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ဖို့ အဆိုကို အမေရိကန် ပြည်ထောင်စုက ထောက်ခံလိုက်ပါပြီ။ ဒါကြောင့် ဒီအဆိုကို ထောက်ခံတဲ့ နိုင်ငံပေါင်း ၅ နိုင်ငံ ဖြစ်သွားပါပြီ။ အခုလို အမေရိကန် ပြည်ထောင်စုက ထောက်ခံလိုက်တာကြောင့် အခြားနိုင်ငံတွေလည်း ပူးပေါင်း ပါဝင်လာမယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မျှော်လင့်နေပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံတွင်းက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေကို စုံစမ်းသွားဖို့ ကုလသမဂ္ဂ ကော်မရှင် ဖွဲ့စည်းရေး အဆိုကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ထောက်ခံဖို့ သမ္မတ အိမ်ဖြူတော်မှာ အင်္ဂါနေ့ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ အိမ်ဖြူတော် အကြီးတန်း အရာရှိတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။ ဒါပေမဲ့လို့ အမေရိကန် အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တော့ မထွက်သေးပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေထက် စစ်ခေါင်းဆောင်တစု၊ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပစ်မှတ်ထား ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ ကော်မရှင်တရပ်ဖွဲ့ဖို့ အမေရိကန် ပြည်ထောင်စုက အခုလို ထောက်ခံလိုက်တာကြောင့် လာမယ့်လ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ဆွေးနွေးမှုတွေ လမ်းပွင့်သွားတယ်လို့ အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကတော့ သုံးသပ်ထားပါတယ်။
အမေရိကန်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ USCB အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်ကလည်း အမေရိကန်က အခုလို ထောက်ခံလိုက်တာကြောင့် ဒီအဆိုအပေါ် အခြား ထောက်ခံမယ့်နိုင်ငံ အတော်များများ ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
“လွန်ခဲ့တဲ့ ၃ ပတ်လောက်က အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ် ၃၂ ယောက်က နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဆီကို လက်မှတ်ထိုးပြီး စာတစောင် ပို့ထားတာ ရှိပါတယ်။ အမေရိကန် အစိုးရကနေပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရာဇ၀တ်မှု ကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ထောက်ခံဖို့ တောင်းဆိုထားတဲ့ စာပေါ့။ အဲဒီစာကို သူတို့ တုံ့ပြန်ဖို့ ဆွေးနွေးကြရင်းနဲ့ပဲ ဆုံးဖြတ်ချက် ကျတယ်လို့ ကျနော်တို့ သိရပါတယ်။”
အခု ဒီကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံတာ အမေရိကန် ပြည်ထောင်စု အပါအ၀င် စုစုပေါင်း ၅ နိုင်ငံရှိပြီ ထင်ပါတယ်။ အလားအလာက နောက်ပိုင်း ဘယ်လိုရှိလာမယ်လို့ ယူဆလဲ၊ အခုလို အမေရိကန်က ထောက်ခံလိုက်တဲ့အပေါ်။
“ကျနော်တို့ ဒီဟာကိုစတာက မနှစ်က မေလပေါ့၊ ဟားဗတ်ဒ် ယူနီဗာစတီက International Law Clinic ဆိုတာ၊ Human Right Law Clinic ဆိုတာ ရှိတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရာဇ၀တ်မှုများဆိုတဲ့ အစီရင်ခံစာတစောင် ထုတ်တယ်။ ကုလသမဂ္ဂရဲ့ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေကို သူတို့ ပြန်သုံးသပ်တဲ့အခါ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်တိုက်၊ ဆက်တိုက်၊ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတာ ဖြစ်ပြီးတော့ နိုင်ငံတော်အစိုးရ ကိုယ်တိုင်က မူဝါဒချပြီး ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ၊ တနည်းအားဖြင့်တော့ Crime against Humanity ပေါ့ဗျာ၊ လူသားမျိုးနွယ်စုကြီး တစုလုံးကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့ ရာဇ၀တ်မှုတွေ ဖြစ်တယ်။
“ဒါတွေကို ကုလသမဂ္ဂရဲ့ မှတ်တမ်းမှတ်ရာတွေထဲမှာ အထောက်အထားတွေနဲ့ မှတ်တမ်းတင်ထားပေမဲ့ လုံလောက်တဲ့၊ တိကျတဲ့ အရေးယူမှု မရှိခဲ့ဘူး ဆိုပြီးတော့ အဲဒီလို အစီရင်ခံစာ ထုတ်လိုက်နိုင်ခဲ့တယ်။ အဲဒီ အစီရင်ခံစာကစပြီး ကျနော်တို့က တကမ္ဘာလုံး အတိုင်းအတာနဲ့ နိုင်ငံတကာ အစိုးရတွေကို အခုလိုမျိုး ကုလသမဂ္ဂကနေပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး အရေးယူဖို့ တောင်းဆိုခဲ့တာပါ။
“သို့သော်လည်း အမေရိကန် ပြည်ထောင်စု အစိုးရက ဘယ်လိုသဘောထား ရှိမလဲဆိုတာ သူတို့က စောင့်ကြည့်ချင်ကြသေးတယ်။ အခု အမေရိကန် အစိုးရ ကိုယ်တိုင်က ပါဝင်လိုက်ပြီ၊ ထောက်ခံလိုက်ပြီ ဆိုတော့ အမေရိကန် အစိုးရကို စောင့်ကြည့်နေတဲ့ နိုင်ငံတွေ အများစုလည်း ဒီအဆိုပြုချက်ကို ထောက်ခံကြမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”
USCB အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင် ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းက အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှု စတဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းဖို့ ကုလသမဂ္ဂ ကော်မရှင်တရပ်ဖွဲ့ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြီးခဲ့တဲ့ မတ်လမှာ လူ့အခွင့်အရေးကောင်စီကို အဆိုပြု တင်ပြခဲ့ပါတယ်။
ဒီနောက်တော့ သြစတြေးလျနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ စလိုဗက်ကီးယားနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့က ထောက်ခံခဲ့ကြပါတယ်။ အခုအဆင့်ကတော့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးတဲ့ ကနဦးအဆင့် ဖြစ်ပါတယ်။