သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ လူ့အခွင့်အရေး ကော်မရှင် ဥပဒေ လွှတ်တော် အတည်ပြု


ပြည်ထောင်စု လွှတ်တော်ခမ်းမ၊ နေပြည်တော်၊ မြန်မာ။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြုပေး လိုက်ပါပြီ။ ဥပဒေကြမ်းပါ အတိုင်းဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ကိုယ်တိုင်စုံစမ်းနိုင်တဲ့ အခွင့်အာဏာပေးထားပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အမြင်ကတော့ ဒီအချက်ဟာ အရင်ကထက် ပိုပြီး အားကောင်းလာတာမှန်ပေမယ့်၊ ကန့်သတ်ချက်တွေတော့ ရှိတုန်းပဲလို့ တုန့်ပြန်ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ရေးသားပြုစုခဲ့တာပါ။ အဲဒါကို သမ္မတရုံးကနေတဆင့် လွှတ်တော်ကို တင်ပြခဲ့ပြီးနောက်၊ အခု ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။ အခု ဥပဒေအတိုင်း ဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် ဟာ ပို လွတ်လပ် လာသလို၊ လုပ်ပိုင်ခွင့်တွေလည်း ပိုရလာတယ်လို့ မြန်မာနို်င်ငံလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှုး ဦးစစ်မြိုင်က ဗွီအိုအေကို ပြောပါတယ်။

" အရင်ကတော့ ကျနော်တို့က သမ္မတ ပေးတဲ့ Mandate နဲ့ပဲ ကျနော်တို့ ဆောင် ရွက်တာပေါ့ဗျာ။ အခုကတော့ ဒီဥပဒေ ဆိုတဲ့ အခါ ကျရင် ယခင် ပေးတဲ့ Mandate ထက်ပိုပြီးတော့ အများကြီးပဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် လာတယ်။ ပိုပြီးတော့ အသေးစိတ်ဖြစ်လာတယ်။ ကျနော်တို့ လုပ်ပိုင်ခွင့်တွေ ပိုပြီးတော့ ပေးအပ်လာတယ်။

ဆိုပါတော့ ကျနော်တို့ ကွင်းဆင်းပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စုံစမ်းစစ်ဆေးမယ်ဆိုလို့ရှိရင် ကျနော်တို့ သက်သေခံ ခေါ်ယူခြင်း၊ သက်သေခံ စာရွက်စာတမ်းများ တောင်းယူခြင်း၊ သက်သေခံပစ္စည်းများ ကြည့်ရှု့ခြင်း၊ ဆိုတာတွေကတော့ သက်သေခံ ဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ ကျနော်တို့က လုပ်ခွင့်တွေ ပိုမို ရရှိလာပါမယ်။"

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစိုးရတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ကို စောင့်စရာမလိုတော့ပဲ၊ စုံစမ်းစစ်ဆေးနိုင်ခွင့်ပေးထားတဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကျေနပ်အားရမှုရှိတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကန့်သတ်ချက်တွေကတော့ ရှိထားတုန်းပဲလို့ Equality Myanmar ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"စုံစမ်းစစ်ဆေးပိုင်ခွင့်၊ ဒါကတော့ သူတို့ရှိနေပါတယ်။ အာဆီယံ အစိုးရများ ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ထက်တောင် ပိုမိုပြီး လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီ့နေရာတွေမှာ ကျနော်တို့ ဘာတွေ တွေ့ရလဲဆိုရင် တချို့နေရာတွေ မှာ ကန့်သတ်ချက်လေးတွေတော့ ရှိနေပါတယ်။ အထူးသဖြင့် ကျနော်တို့ တရားစီရင်နေတဲ့အမှုတွေ၊ စီရင်နေဆဲအမှုတွေမှာဆိုလို့ရှိရင် လူ့အခွင့်အရေးကော်မရှင် က ဒါကို ကိုင်တွယ်ခွင့်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးရှိတယ်။

နောက်တခါ အစိုးရဌာနတွေ စစ်ဆေးခွင့်ရှိပေမဲ့ တချို့သော လျှို့ဝှက်ချက်လို့ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းမျိုးကိုတော့ စုံစမ်းခွင့်မရှိဘူး ဆိုတာ တွေ့နေရတယ်။ နောက်တခုက အကျဉ်းထောင်တွေမှာ သွားမယ်ဆိုရင် အသိပေးရမယ်ဆိုတဲ့ အရာမျိုးဖြစ်နေတော့ တခါတလေ အဖြစ်မှန်တွေ ထိန်ချန်နိုင်တာတွေ ဖြစ်တယ်။

ဒီ့ထက်ပိုပြီးတော့ တိကျတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဒါတွေတော့ ကျနော်တို့ နည်းဥပဒေမှာ ပါလာနိုင်ရင်တော့ ပိုမို အားကောင်းလာပါလိမ့်မယ်ခင်ဗျ။"

လက်ရှိလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေကိုတော့ သမ္မတကနေ တိုက်ရိုက် ခန့်အပ်ထားတာဖြစ်တာကြောင့်၊ နိုင်ငံတကာရော ပြည်တွင်း လူ့အခွင့်အရေး အဖွဲ့တွေက သူ့ရဲ့လွတ်လပ်မှု အပေါ် ဝေဖန်ထောက်ပြ ခဲ့ကြတာရှိပါတယ်။ အခုတော့ သမ္မတခန့်အပ်တဲ့ပုံစံမဟုတ်တော့ပဲ၊ ဥပဒေအတိုင်း တည်ရှိမှာဖြစ်တာကြောင့် လူ့အခွင့်အရေးကော်မရှင်ဟာ ပိုပြီး အားကောင်းခိုင်လာလာမယ်လို့ ဦးစစ်မြိုင်က သုံးသပ်ပါတယ်။ ထိထိရောက်ရောက် ဆောင်ရွက်နိုင် မယ့် အခွင့်အလမ်းတွေလည်း ပိုရှိလာတယ်လို့ ဆိုပါတယ်။

အခုလာမယ့် ကော်မရှင်သစ်ဖွဲ့ပြီးသည်အထိတော့လက်ရှိ ကော်မရှင်ဟောင်းတွေ လုပ်ငန်း တာဝန်ကို ဆက်ပြီး ထမ်းဆောင်ရမယ်လို့ ဥပဒေကြမ်းမှာ အပိုဒ် တပိုဒ်ဖော်ပြပါတယ်။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ပိုင်ခွင့် ပိုရှိလာတယ်ဆိုပေမယ့် အစီရင်ခံမှုပိုင်းမှာ ပွင့်လင်းမြင်သာမှု ရှိပါ့မလားဆိုတာကိုတော့ ဦးအောင်မျိုးမင်းက စိုးရိမ်တာတွေ့ရပါတယ်။

"အစီရင်ခံမှု အပိုင်းမှာကတော့ ကျနော်တို့ ဥပဒေကြမ်းထဲမှာ ကျနော်တို့ ဘာတွေ တွေ့ရသလဲဆိုရင် သမ္မတနဲ့လွှတ်တော်ကို တင်ပြရမယ် ဆိုတဲ့ဟာမျိုးဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ တတွေက ဖြစ်စေချင်တာကတော့ လူထုအခြေပြု အဖွဲ့အစည်းတွေရော၊ ပြည်သူလူထုတွေရော ဒါတွေကို မဖြစ်မနေ တင်ပြတဲ့အရာမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ကျနော်တို့ ထောက်ပြပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေလည်း လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အကြံပေးချက်တွေ ဒါတွေကို သိဖို့လိုအပ်တယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ဘယ်ဟာတွေကို လူ့အခွင့်အရေး အခြေအနေအဖြစ် သုံးသပ်လဲဆိုတာ သိသင့်တဲ့အတွက် ဒါတွေကို ပြည်သူလူထု ကို ထုတ်ပြန်ပေးဖို့အတွက် ဒါကိုတော့ ကျနော်တို့ တောင်းဆိုထားတာ ရှိပါတယ်ဗျ။"

အခု ဒီဥပဒေကြမ်းအရဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ ကို ရွေးချယ်ရေး ဘုတ်အဖွဲ့ကနေ ခန့်အပ်ရွေးချယ်ရမှာပါ။ အဲဒီ ရွေးချယ်ရေး ဘုတ်အဖွဲ့မှာတော့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ၀န်ထမ်းရွေးခြယ်ရေးဌာနက တာဝန်ရှိသူတွေ ပါဝင်သလိုပဲ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းဖက်က ကိုယ်စားလှယ်တွေလည်း ပါဝင်ဖို့လိုလိမ့်မယ်လို့ ဦးအောင်မျိုးမင်း က တောင်းဆိုထားပါတယ်။

အခု ဒီ ဥပဒေကြမ်းကို သမ္မတရုံးကနေ တင်ပြပြီး လွှတ်တော်က အတည်ပြုခဲ့တာကြောင့်၊ ပြင်ဆင်မှုအချို့ရှိကောင်းရှိနိုင်ပေမယ့် သမ္မတအနေနဲ့ မကြာခင် လက်မှတ်ထိုးပြီး ဥပဒေ အတည်ဖြစ်လာနိုင်မယ်လို့ ဦးစစ်မြိုင်က ယူဆပါတယ်။
XS
SM
MD
LG