သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကော်မရှင် NLD ကြိုဆိုစောင့်ကြည့်


လူ့အခွင့်အရေး ကော်မရှင် NLD ကြိုဆိုစောင့်ကြည့်
လူ့အခွင့်အရေး ကော်မရှင် NLD ကြိုဆိုစောင့်ကြည့်

မြန်မာနိုင်ငံမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့စည်းလိုက်တာကို ကြိုဆိုပေမဲ့ ဒီအဖွဲ့အနေနဲ့ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်မလဲ ဆိုတာတော့ သတိထား စောင့်ကြည့်ဖို့ လိုတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တခြား နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ဒါပေမဲ့ အခုဖွဲ့လိုက်တဲ့ ကော်မရှင်ဟာ ဝန်ထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်သလို လွတ်လပ်စွာ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတ အကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ မြှင့်တင်ဖို့အတွက် အငြိမ်းစား သံတမန်ဟောင်းတွေ၊ အငြိမ်းစား ပညာရေးဆိုင်ရာ ပေါမောက္ခတွေနဲ့အတူ အစိုးရ ဝန်ထမ်းဟောင်း ၁၅ ဦးနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ အစိုးရက ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက် အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးအဆင့်မှာ ရှိနေတဲ့ မြန်မာနိုင်ငံအတွက် အခုလို လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာအောင် ကော်မရှင်တရပ်ဖွဲ့ပြီး လုပ်ဆောင်မယ်လို့ ပြောလိုက်တာကို ကြိုဆိုပေမဲ့ ဘယ်လောက်ထိ လုပ်နိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ဖို့ လိုမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ အများကြီးထဲက တရားဥပဒေ စိုးမိုးရေး ကိစ္စဟာ အရေးတကြီး အဆင့်မှာ ရှိနေတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အခုလို လူ့အခွင့်အရေး ကော်မရှင် အပေါ်မှာ တကယ်လုပ်နိုင်မယ် ဆိုတဲ့သဘော ပြောတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာဖို့ကိုတော့ ကျနော်တို့ လေ့လာစောင့်ကြည့်ဖို့ လိုအပ်ဦးမယ်လို့ ယူဆပါတယ်။ အဲဒီလို လွတ်လပ်တဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့ထားတဲ့ ကော်မရှင်က လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့် ရရှိဖို့ လိုတယ်။ ကျနော်တို့ အဲဒါကို မျှော်လင့်နေပါတယ်။ ကျနော်တို့ သတိထားတော့ စောင့်ကြည့်ရမယ်။ တရားဥပဒေ စိုးမိုးရေးက မရှိသေးဘူး။ တရားဥပဒေ စိုးမိုးရေးကလည်း လူ့အခွင့်အရေးမှာ ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အရေးအကြီးဆုံးကတော့ တရားဥပဒေ စိုးမိုးမှု ရှိဖို့ပါပဲ။”

လူ့အခွင့်အရေး ကော်မရှင်အပေါ် NLD ပါတီရဲ့ သဘောထားကို ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအချက်တွေအပြင် အစိုးရ အဖွဲ့အစည်းက လုပ်ငန်းတွေအတွင်းနဲ့ စစ်တပ်တွေအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း ဒီကော်မရှင်ဟာ တကယ်တမ်း လွတ်လွတ်လပ်လပ် စုံစမ်း တင်ပြနိုင်ပါ့မလားလို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့က ဦးအေးသာအောင်က ဆိုပါတယ်။

“ကော်မရှင်တရပ် ပေါ်လာတယ်၊ ပြီးတော့ အငြိမ်းစား သံအမတ်ကြီးများနဲ့ ဖွဲ့စည်းလိုက်တဲ့ ကော်မရှင် ပေါ်လာတာ အပေါ်မှာတော့ ကောင်းတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ ပတ်သက်တဲ့ တချို့ကိစ္စတွေကိုတော့ လွတ်လွတ်လပ်လပ် စုံစမ်းနိုင်မလား၊ စစ်ဆေးနိုင်မလား၊ ဒီစုံစမ်းစစ်ဆေးမှု အပေါ်မှာရော ဘယ်လောက်အထိ အရေးယူမှု ရှိမလဲဆိုတဲ့ ကိစ္စတွေက မေးစရာတွေ တပုံတခေါင်းကြီး ရှိပါတယ်။ စုံစမ်းစစ်ဆေးပြီးတော့ လုပ်ပိုင်ခွင့်တွေရှိမယ်၊ အရေးယူပိုင်ခွင့်တွေရှိမယ် ဆိုတာကတော့ အန်ကယ်တို့ အများကြီး သံသယရှိတယ်။ စောင့်လည်း စောင့်ကြည့်ဖို့လိုတယ်။”

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ဒေသတွေမှာ လက်ရှိဖြစ်နေတဲ့ ထိုးစစ်တွေကြောင့် ဒေသခံတွေ ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒီကော်မရှင်ဟာ ဘယ်လိုခြေလှမ်းတွေနဲ့ စုံစမ်းပြီးတော့ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ပြီး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို သုံးသပ်ချင်တယ်လို့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဦးစိုင်းမောင်တင်က ပြောပါတယ်။ အထူးသဖြင့် လက်ရှိ တိုင်းရင်းသား ဒေသတွေအတွင်း စစ်တပ်က လုပ်နေတဲ့ ထိုးစစ်တွေ ရပ်ဆိုင်းဖို့နဲ့ တိုက်ပွဲတွေအတွက် ဒေသခံတွေကို ပေါ်တာအဖြစ် ခေါ်ယူနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အတော်စိုးရိမ်စရာ အဆင့်မှာ ရှိနေတယ်လို့ ပြောပါတယ်။

“အဲဒီ တိုင်းရင်းသားဒေသမှာ ကျနော်နဲ့ အနီးစပ်ဆုံးကို ပြောရမယ်ဆိုရင် တပ်မဟာ ၁ နယ်မြေမှာဖြစ်တဲ့ SSA မြောက်ပိုင်းပေါ့၊ အဲဒီမှာ ထိုးစစ်တွေ ရပ်ဖို့တော့ ပထမဆုံး အနေနဲ့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ လောလောလတ်လတ် ဒီတပတ်အတွင်းမှာ ဖြစ်သွားတဲ့ ကိစ္စလေးတခုပေါ့၊ လယ်ထဲမှာသွားပြီး မြေသြဇာကျွေးနေတဲ့ လယ်သမားတယောက် အပါအဝင် ၇ ယောက် အဆွဲခံရတာ၊ ကျေးသီးမြို့နယ်မှာပါ၊ ပေါ်တာဆွဲခံရတယ်။ ပေါ်တာဆွဲခံရတော့ ကျနော်တို့ ကျားဖြူပါတီကနေပြီးတော့ သွားပြီးတော့ အာမခံ ပေးရပါတယ်။

“အဲဒီကော်မတီ အနေနဲ့တော့ တော်တော်လေး ကြိုးစားရမှာ အမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေက ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ရှိနေတဲ့ အခါကျတော့ အဲဒီကော်မရှင် အနေနဲ့ သွားရောက်ကွင်းဆင်းပြီး သေသေချာချာလေးကို စိစစ်ရမှာပေါ့။ သူတို့အတွက်က ခက်တော့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့လုပ်နိုင်တဲ့ အတိုင်းအတာပေါ်မှာ မူတည်ပြီးမှ ကျနော်တို့ ဆုံးဖြတ်ချက် ချရမှာပေါ့။”

ကျားဖြူပါတီက ဦးစိုင်းမောင်တင် ပြောပြသွားတာ ဖြစ်ပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ် ပေါ်လာတာကို ကြိုဆိုပေမဲ့ သတိနဲ့ စောင့်ကြည့်ရမယ်လို့ အခုလို နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား အဖွဲ့တွေက ဆိုပေမဲ့ ဒီအဖွဲ့ဟာ လူ့အခွင့်အရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လွတ်လွတ်လပ်လပ် သီးခြား လုပ်ဆောင်နိုင်မှာဖြစ်ပြီး အခြေအနေတွေကို သမ္မတအထိ တိုက်ရိုက် တင်ပြနိုင်ခွင့်ရှိတဲ့ အဖွဲ့ဖြစ်တယ်လို့ သမ္မတ အကြံပေးအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးနေဇင်လတ်က ပြောပါတယ်။

“အရင်တုန်းကတော့ ပြည်ထဲရေး ဝန်ကြီးဌာနက နေပြီးတော့ ဒီလို ကော်မတီတခု ရှိတယ်ပေါ့။ အခုဟာကျတော့ National Level ဖြစ်သွားတယ်ဗျ။ ဘယ်ဝန်ကြီးဌာန အောက်မှာမှ သူက မရှိဘူးဗျ။ ဆိုလိုချင်တာက ဝန်ကြီးဌာန တခုခု၊ သို့မဟုတ် အစိုးရ အဖွဲ့အစည်း တခုခုရဲ့ သြဇာသက်ရောက်မှုပေါ့ဗျာ၊ အဲဒါ သူ့ဆီမှာ မရှိဘူးဗျ။ ဝန်ကြီးဌာန တခုခုက မသွားဘဲနဲ့ သမ္မတကို တိုက်ရိုက်တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေ သူ့မှာရှိတယ်။ အကြမ်းဖျင်းပြောရင်တော့ တော်တော် ကျယ်ကျယ်ပြန့်ပြန့် လုပ်မှာပါ။ ကျနော်တို့နိုင်ငံမှာလည်း မရှိဘူး မဟုတ်ဘူး၊ ရှိပါတယ်။ တတိယနိုင်ငံကတော့ Developed ဖြစ်တဲ့ နိုင်ငံတွေထက်တော့ နည်းနည်း ပိုနိုင်တာပေါ့။”

သမ္မတ အကြံပေးအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးနေဇင်လတ် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) ကလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမရှိ ကုလသမဂ္ဂက စုံစမ်းဖို့ ကော်မရှင်တရပ် ဖွဲ့စည်းရေးကိုလည်း အဆိုပြုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG