သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုရဲမှူး မိုးရန်နိုင် အခြေခံအခွင့်အရေး မဆုံးရှုံးစေဖို့ လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း


ဒုရဲမှူး မိုးရန်နိုင် အားရုံးထုတ်လာစဉ်။
ဒုရဲမှူး မိုးရန်နိုင် အားရုံးထုတ်လာစဉ်။

ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်နှစ်ဦးနဲ့ ဒုရဲမှူး မိုးရန်နိုင် အမှုကိစ္စနဲ့ပတ်သတ်ပြီး ဥပဒေအတိုင်းဖြစ်ဖို့ မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီ PCMJ က လူ့အခွင့်အရေး ကော်မရှင် ကို တိုင်ကြားလိုက်ပါတယ်။ တိုင်ကြားစာနဲ့ ပတ်သတ်ပြီး လူ့အခွင့် အရေး ကော်မရှင်က အမှုကို ထိခိုက်မှုမရှိဘဲ လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို မေတ္တာရပ်ခံ လိုက်ပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။

တရားစွဲဆိုခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ထောက်ချောက်ဆင် ဖမ်းဆီးခံရ တာနဲ့ ဒုရဲမှူး မိုးရန်နိုင်တို့ လူ့အခွင့်အရေး အခြေအနေနဲ့ ဆက်စပ်ပြီး စုံစမ်း၊ ဆောင်ရွက်ပေးဖို့ မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီက လူ့အခွင့်အရေးကော်မရှင်ကို ဒီနေ့မနက်မှာ တိုင်ကြားစာပေးပို့လိုက်ပါတယ်။

တိုင်ကြားစာနဲ့ပတ်သတ်ပြီး လူ့အခွင့်အရေးကော်မရှင်က ဒီနေ့မနက် ဆယ်နာရီမှာ ကော်မရှင်ရဲ့ မျက်နှာ စုံညီအစည်းအဝေး ပြုလုပ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်း ခံရတဲ့ သူတွေအားလုံး အခြေခံလူ့အခွင့်အရေးတွေ ထိခိုက်မှုမရှိအောင် အရေးယူ ဆောင်ရွက်ပေးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို မေတ္တာရပ်ခံလိုက်ကြောင်း လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဖြစ်တဲ့ ဦးယုလွင်အောင်က ဒီမျက်နှာစုံညီအစည်းအဝေး အပြီးမှာ အခုလိုပြောပါတယ်။

“အခုကျွန်တော်တို့က ဒုရဲမှူး မိုးရန်နိုင်ကို သူ့ရဲ့ မိသားစုဝင်တွေနဲ့တွေ့ဆုံဖို့ပေးဖို့ပေါ့နော်၊ နောက်တစ်ခုက ဒုရဲမှူးမိုးရန်နိုင်နဲ့ သူ့ရဲ့မိသားစု ဝင်တွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို မထိခိုက်စေဖို့ ဆောင်ရွက်ပေးဖို့ ဆိုပြီး ကျွန်တော်တို့က ပြည်ထဲရေး ဝန်ကြီးဌာနကို မေတ္တာရပ်ခံတဲ့စာ အခုပဲ ကျွန်တော်တို့ ပို့လိုက်ပါပြီဗျာ။ သတင်းထောက် နှစ်ဦးနဲ့ ပတ်သတ်လို့ကတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ဒီသတင်းထောက် နှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ အချိန်မှာ အခြေခံ လူ့အခွင့်အရေးတွေ မဆုံးရှုံးဖို့ ရှေ့နေ၊ ရှေ့ရပ်နဲ့တိုင်ပင်ပြီး သူ့မိသားစုနဲ့တွေ့ဆုံခွင့်၊ နေမကောင်းရင် ကျန်းမာရေး စောင့်ရှောက်ခွင့် ဒါတွေကို ဆောင်ရွက် ပေးဖို့ ကျွန်တော်တို့က သတင်းထုတ်ပြန်ချက်လည်း လုပ်ထားပါတယ်။ နောက်ပြီး တော့ ပြည်ထဲရေးကိုလည်း ပြောထားပါတယ်။”

ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ အမှုကို တရားရုံးမှာ စစ်ဆေးနေဆဲ ဖြစ်ပေမဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ထောင်ချောက်ဆင် ဖမ်းခဲ့ကြောင်း တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ကိုယ်တိုင် တရားရုံးမှာ ကျမ်းကျိန် ထွက်ဆိုခဲ့တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ ယူဆနိုင်တဲ့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ကြားဝင် စုံစမ်း၊ အရေးယူပေးဖို့ တိုင်ကြားစာပေးပို့ခဲ့တာနဲ့ပတ်သတ်ပြီး မြန်မာသတင်း သမားများ ကာကွယ်ရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ မလှလှဝင်းက အခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက ရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ချက်ဟာပေါ့နော် ထောင်ဖမ်းတာပါ ဆိုတဲ့ ဒီတရားရုံးမှာ ထွက်ဆိုချက်နဲ့ ပတ်သတ်ပြီး ကျွန်မတို့အနေနဲ့ ဒီသတင်းထောက် နှစ်ယောက်ဟာ ထောင်ဖမ်းခံရတယ် ဆိုကတည်းက ဥပဒေနဲ့အညီ မဟုတ်တော့ဘူးလေနော်။ အဲဒါကြောင့်မို့ ကျွန်မတို့က ဥပဒေကိစ္စကို နောက်မှသွားပြီးတော့ လောလောဆယ် လူ့အခွင့်ရေးအရ ချိုးဖောက်ခံနေရတယ် ဆိုတာကို သိသိသာသာ၊ ထင်ထင်ရှားရှား ဖြစ်နိုင်တဲ့ ကိစ္စမို့လို့၊ ဥပဒေကြောင်း အရလည်းသွားမယ်၊ လောလောဆယ် ကျွန်မတို့ ခြေလှမ်းကတော့ လူ့အခွင့်အရေး ကော်မရှင်ကို သွားတိုင်တာပေါ့နော်။”

ရိုက်တာသတင်းထောက် နှစ်ဦးဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှု ဖြစ်စဉ်ကာလရဲ့ ရဲတပ်ဖွဲ့ အထက်အစီရင်ခံစာ မိတ္တူကို လက်ဝယ်ထားရှိမှုနဲ့ ၂၀၁၇၊ ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်တိုင်း၊ ထောက်ကြံ့ မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ယောက်ဟာ ရဲတပ်ဖွဲ့ဝင်တွေ ချိန်းဆိုတဲ့အတွက် အမှတ်(၈)လုံခြုံရေး ရဲတပ်ရင်းကို သတင်းသွားယူတာဖြစ်ပြီး အဲဒီရဲတပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ပတ်သတ်တဲ့ အစီရင်ခံစာကို စားသောက်ဆိုင်အတွင်းမှာ ပေးခဲ့တာဖြစ်ပါတယ်။ စားသောက်ဆိုင်အထွက်မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလို့ ၎င်းသတင်းထောက်နှစ်ဦး ရှေ့နေတွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG