မြန်မာ အပါအဝင် တချို့နိုင်ငံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို တာဝန်ယူ ဖြေရှင်းကြဖို့ လူ့အခွင့်အရေး ကောင်စီမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်တဲ့ တချိန်တည်းမှာပဲ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲကလည်း မြန်မာ အပါအဝင် နိုင်ငံတချို့က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရုံတင် မဟုတ်ဘဲ လက်တွေ့ အပြောင်းအလဲတွေ ဖြစ်လာရေး လုပ်ဆောင်နိုင်ဖို့ဟာ လူ့အခွင့်အရေး ကောင်စီအတွက် စိန်ခေါ်ချက် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်လိုက်တဲ့ ၁၆ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေဟာ အရေးပါပေမဲ့ တကယ်တမ်း အပြောင်းအလဲတွေ လက်တွေ့ဖြစ်လာအောင် ဘယ်လို ဆောင်ရွက်ကြမလဲလို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) က မေးခွန်းထုတ်လိုက်တာပါ။ မကြာခင်က လူထုလှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ့ တူနီးရှား၊ အီဂျစ်နိုင်ငံတွေကို ကိုယ်တိုင်သွားရောက်ပြီး ဆန္ဒပြ လူငယ်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခဲ့သူပါ။
မြန်မာနိုင်ငံ အပါအဝင် အခြား လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နိုင်ငံတွေမှာ လက်တွေ့ အပြောင်းအလဲတွေ ရှိလာဖို့ ကိစ္စဟာ လက်ရှိ လူ့အခွင့်အရေး ကောင်စီအတွက် စမ်းသပ် အကဲစမ်းမှုတရပ် ဖြစ်နေတယ်လို့ ပြောသွားပါတယ်။ ဆုံးဖြတ်ချက်တွေ ချမှတ်တာ ကြေညာချက် သက်သက်နဲ့တော့ မအောင်မြင်နိုင်ဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။
“ဒီဆုံးဖြတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေ ဆိုတာဟာ အကြံပြုချက်တွေပါ။ တကယ်တမ်း ဘယ်လို ရလဒ်တွေ ထွက်လာမလဲ ဆိုတာက အရေးကြီးပါတယ်။ လက်တွေ့အခြေအနေမှာ အပြောင်းအလဲတွေ ဖြစ်လာမလား ဆိုတာဟာ တကယ့်စိန်ခေါ်မှု ဖြစ်ပါတယ်။ လစ်ဗျား၊ အီရန်၊ ဘဲလားရုစ်၊ မြန်မာ၊ မြောက်ကိုရီးယား၊ ဒီနိုင်ငံတွေက ပြည်သူလူထု အနေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ မဲပေးရွေးချယ်ခွင့်၊ တရားဥပဒေ စိုးမိုးမှု၊ တန်းတူညီမျှတဲ့ အခွင့်အရေး၊ တိကျမှန်ကန်တဲ့ အုပ်ချုပ်မှု စသဖြင့် သူတို့ရသင့်တဲ့ အခြေခံ အခွင့်အရေးတွေ တကယ်ပဲ ရနိုင်မလား ဆိုတာပါ။”
သူပြောသလိုပါ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရင် လူ့အခွင့်အရေး ကော်မရှင်ကတည်းက အခု လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းပြီးချိန်အထိ ကုလသမဂ္ဂ အနေနဲ့ ဆုံးဖြတ်ချက်တွေ အမျိုးမျိုး ထုတ်ပြန်၊ တောင်းဆိုချက်တွေ အမျိုးမျိုး ထုတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ ဘာမှ သိသာပြောင်းလဲမှု မရှိခဲ့ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရှုမြင်ပါတယ်။ မြန်မာအာဏာပိုင်တွေ ဘက်ကလည်း ဒီအကြံပြုချက်တွေ အပေါ်မှာ လောက်လောက်လားလား ပြန်ပြီး တုံ့ပြန် ဖြေရှင်း ကိုင်တွယ်ပေးတာမျိုး မရှိခဲ့ပါဘူး။
တချိန်တည်းမှာလည်း မြန်မာအစိုးရ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရ အတော်များများက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဝေဖန်လာရင် ဒါဟာ ပြည်တွင်းရေးကို စွက်ဖက်တာ၊ နိုင်ငံရေးပယောဂ မကင်းဘူး၊ နောက် အနောက်နိုင်ငံတွေက သူတို့အယူအဆတွေကို သွတ်သွင်းဖို့ ကြိုးစားတာ စသဖြင့် ကုလသမဂ္ဂမှာ ပြန်လည်ချေပလေ့ ရှိပါတယ်။ လူ့အခွင့်အရေးဟာ အနောက်နိုင်ငံတွေရဲ့ တန်ဖိုးတရပ် အနေနဲ့ သွတ်သွင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ဒါဟာ မှန်ကန်မှု မရှိဘူးလို့ ကက်သရင်း အက်ရှ်တွန်က ပြောပါတယ်။
“EU ဥရောပသမဂ္ဂဟာ ဥရောပစံနှုန်း၊ တန်ဖိုးတွေကို တခြားနိုင်ငံတွေကို သွတ်သွင်းဖို့ ကြိုးစားနေတယ်လို့ ဝေဖန် စွပ်စွဲခံရတာတွေ ရှိပါတယ်။ ဒီစွပ်စွဲချက်တွေကို လုံး၀ ငြင်းဆန်ပယ်ချပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ တရားမျှတမှုနဲ့ တန်းတူမှုတွေဟာ တကယ်တော့ ဥရောပသားတွေအတွက် အခွင့်အရေးတွေ မဟုတ်ပါဘူး။ ဒါဟာ တကမ္ဘာလုံး၊ လူသားအားလုံး ရသင့်ရထိုက်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကားက ပြည်သူလူထုတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးတွေကို စွဲမက်မှု သိပ်မရှိလှဘူးဆိုတဲ့ လိမ်လည်မှု ထောင်ချောက်ထဲကို ကျမတို့ ရောက်မသွားဖို့ အရေးကြီးပါတယ်။”
၁၆ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံကို မတ်လ ၂၅ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံအကြီးအကဲတွေ အတော်များများလည်း ဂျနီဗာမှာ ရောက်ရှိနေပါတယ်။ ညီလာခံ စချိန်မှာတော့ လစ်ဗျားအရေးနဲ့ အရှေ့အလယ်ပိုင်း လူထုအုံကြွမှု ကိစ္စတွေက ပိုပြီး နေရာယူနေပါတယ်။ ပြီးခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ UPR အစည်းအဝေးက အကြံပြုချက်တွေကို အခု ညီလာခံကို တင်ပြကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojea Quintana) ကတော့ ဒီညီလာခံကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး နောက်ဆုံးအခြေအနေ အစီရင်ခံ တင်ပြရမှာဖြစ်လို့ ညီလာခံ မတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်ခွင့် သူတောင်းဆိုတာကို မြန်မာအာဏာပိုင်တွေဘက်က လက်မခံခဲ့ပါဘူး။